Monday, October 9, 2017

A LOOK BACK (သမင်လည်ပြန်)

2nd March 2017
မြန်မာပြည်ကို ပြန်ရောက်တာဟာ ခုဆို ၃ နှစ်တိတိပြည့်ပါပြီ။ တကယ်တော့ ကိုယ်ကိုယ်တိုင် အမြဲတမ်း workdone ကို တွက်ချက်နေတတ်သူ ဖြစ်သော်လည်း ဒီ ၃ နှစ်ပြည့်တာကို သတိထားမိချိန်မှာတော့ ထိတ်လန့်သွားမိတာအမှန်ပင်။ ၃ နှစ်အတွင်း ပြီးမြောက်သော အလုပ်ကို ပြောပါဆိုမူ ဘာမှ မယ်မယ်ရရမရှိလှ။ ဘွဲ့လွန်ကျောင်းသားတချို့ အဆင်ပြေပြေ ဘွဲ့ရသွားသည်။ ပညာသင်ဆု တစ်ယောက်ရသည်။ တခြားသော စာလာမေးတတ်သော ဘွဲ့ကြိုကျောင်းသားလေးများ အနည်းငယ်၊ တခြားသော တက္ကသိုလ်များမှ ဘွဲ့လွန်ကျောင်းသားအနည်းငယ်ကို ကူညီနိုင်တာလောက်ပဲရှိသည်။ လွန်ခဲ့တဲ့ သုံးနှစ်တာကာလကတော့ အသစ်စက်စက် ဘွဲ့ရတစ်ဦး၊ ပြည်ပက ကိုယ့်ဆရာကို ကျွန်တော်က ကျွန်တော့်နိုင်ငံအတွက်ပဲ အလုပ်လုပ်ချင်တာပါလို့ ရဲရဲဝံ့ဝံ့ပြောပြီး အိမ်ပြန်လာခဲ့သူတစ်ယောက်။ တချို့ကတော့ ရူးတယ်လို့ပြောကြ၊ မိဘက ငြိုငြင်နှင့် လောကဒဏ်မျိုးစုံကို ခါးစည်းခံရသည်။ ယခုလို သုံးနှစ် ပြည့်လာချိန်မှာတော့ မြန်မာပြည် ပညာရေးကို စိတ်ဝင်စားသူတွေ၊ ပြည်ပမှာ ပညာသင်ကြားနေကြပြီး အမိမြေကို အကဲခတ်နေသူတွေအတွက် အကျိုးတစ်စုံတစ်ရာရှိစေရန်အလို့ငှာ လက်ရှိပညာရေးကို ကိုယ်တွေ့ကြုံနေရတာတွေကို အခြေခံကာ သုံးသပ်ချက်ရေးသားဖို့ ဆုံးဖြတ်မိကာ ဒီစာကို ရေးသားခြင်းဖြစ်သည်။ ယခု သုံးသပ်ချက်သည် အများကောင်းကျိုးအတွက် ရည်ရွယ်သော စိတ်ရင်းအမှန်ဖြင့်သာ ရေးသားခြင်းဖြစ်ပြီး တချို့သော နေရာများတွင် ပြင်းပြင်းထန်ထန်ပြောထားခြင်းများသည်လည်း မြင်သာအောင်သာ ပြောဆိုခြင်းဖြစ်ပြီး တစ်စုံတစ်ဦးအား နစ်နာလိုစိတ်မရှိကြောင်း ပွင့်လင်းစွာ ၀န်ခံပါရစေ။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်

တာဝန်ထမ်းဆောင်သော ထိုတက္ကသိုလ်သည် အပြင်လူတစ်ဦးအနေနှင့် ဆိုရလျင် လွန်စွာ နှစ်လိုစရာကောင်းသော မြန်မာပြည်တွင်းက ကျောင်းတစ်ကျောင်းဖြစ်သည်။ ကျောင်းမှာ စာသင်ကြား ပြသပေးနေသော ဆရာ၊ဆရာမများသည် နိုင်ငံခြားမှာ ပညာသင်ကြားခဲ့သူများ များပြားခြင်းသည်လည်း ကျောင်းသား၊သူများအတွက် ကောင်းမွန်သော အချက်တစ်ခုဖြစ်သည်။ ထို့ပြင် လေကြောင်းတွင် ပြင်ပကျူရှင် လုံးဝ သင်ကြားခြင်းမရှိဘဲ၊ ဆရာ၊ဆရာမ များသည် ကျောင်းသားစာနားမလည်ပါက အချိန်မရွေး လက်ခံဖြေကြားရှင်းလင်းပြပေးတတ်ခြင်းသည် ယခုလက်ရှိ ပြည်တွင်း တက္ကသိုလ်များထဲတွင် လွန်စွာထူးခြားပါသည်။ ငွေကြေးမတတ်နိုင်သော ကျောင်းသားများအတွက် ထောက်ပံ့ပေးရန်အလို့ငှာ ဆရာ၊ ဆရာမများသည် လစဉ်ပိုက်ဆံစုကာ ထောက်ပံ့ပေးနေခြင်းသည်လည်း ထိုတက္ကသိုလ်ရှိ ဆရာ၊ဆရာမများ၏ စိတ်နေစိတ်ထား မြင့်မြတ်ခြင်းကို ပြသရာရောက်ပေသည်။ လေကြောင်းသည် လေကြောင်းနှင့်သာ ဆိုင်သည် မဟုတ်ဘဲ အင်ဂျင်နီယာ ပညာရပ်များသည် အခြားသော နယ်ပယ်များနှင့် အတူတူသာဖြစ်သည်ဆိုသည်ကို သဘောပေါက်ပါက လေကြောင်းတက္ကသိုလ်သည် မိဘများအတွက် ကိုယ့်သားသမီးကို ထားချင်လှသော တက္ကသိုလ်တစ်ခု ဖြစ်မည်မှာမလွဲပေ။ ထိုတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေခြင်းသည် ဆရာတစ်ယောက်အတွက် ကြီးမြတ်သော ဂုဏ်တစ်ခုပင်ဖြစ်သည်။

တက္ကသိုလ် ပညာသင်ကြားရေး

တက္ကသိုလ်များတွင် ပညာသင်ကြားရေးသည် ဟိုလိုဖြစ်သင့်သည်၊ ဒီလိုဖြစ်သင့်သည်ဟူသော အကြံပြုချက်လိုလို၊ ကဲ့ရဲ့မှုလိုလိုတွေကို နေရာတကာက ကြားနေရတတ်သည်။ သို့သော်လည်း သေသေချာချာ နားလည်သလားဆိုတော့ ထိုလူများ သေချာစွာ နားမလည်တာတော့ အသေအချာပင်ဖြစ်သည်။ ဟိုနိုင်ငံမှာ ဘယ်လို၊ ဒီနိုင်ငံမှာ ဘယ်လိုဆိုတာမျိုးတွေကို ရည်ညွှန်းပြောဆိုနေကြသော်လည်း ပညာသင်ကြားရေးသည် လက်ရှိကိုယ့်နိုင်ငံအနေအထားကို သေချာစွာနားလည်ထားပြီး ပြည်ပစနစ်များကို ကိုယ်တိုင်ကြုံဖူးမှသာလျင် မည်ကဲ့သို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားရမည်ကို စဉ်းစားချင့်ချိန်နိုင်မည်ဖြစ်သည်။ ဟိုက ဟိုလိုမလို့ ဟိုလိုပြောင်းလိမ့်မည်ဆိုသည်မှာ လက်တွေ့နှင့် ကင်းကွာသော ချဉ်းကပ်မှုသာဖြစ်သည်။

သင်ထောက်ကူပစ္စည်း

တက္ကသိုလ်အများစုသည် လက်တွေ့ပစ္စည်းများ ၀ယ်ယူဖြည့်တင်းကြသည်ဆိုပြီး သရုပ်ပြ၍ရသော ပစ္စည်းများကိုသာ ဖြည့်တင်းနေကြသည်ကို တွေ့ရသည်။ တကယ်တမ်း သေသေချာချာ လက်တွေ့ သုတေသန လုပ်နိုင်သော ပစ္စည်းများ ၀ယ်ယူသည်ကို မတွေ့ရ။ သုတေသန အဆင့်ရှိသော ပစ္စည်းများ ၀ယ်ယူပါက ဈေးနှုံးကြီးမြင့်မှုသည်လည်း ပြသနာတစ်ရပ်ဖြစ်သည်။ ၀ယ်ယူခွင့်ကို ၀န်ကြီးဌာသို့ တင်ပြရလေ့ရှိပြီး ၀န်ကြီးဌာနက ထိုကဲ့သို့ ဈေးနှုံးမြင့်မားလှသော ပစ္စည်းများကို ဈေးကြီးသည်ဆိုပြီး ၀ယ်ယူခွင့်ချပေးလေ့မရှိသည်မှာလည်း ပြသနာတစ်ရပ်ဖြစ်သည်။ အထက်လူကြီးများ၏ ပညာရည်မြင့်မားမှု၊ သုတေသနအပေါ်နားလည်မှုသည်လည်း လက်ရှိတက္ကသိုလ်များ သုတေသန အဆင့်မီ လက်တွေ့ပစ္စည်းများ ၀ယ်ယူရေး၏ အဓိက အဟန့်အတားပင်ဖြစ်သည်။ သုတေသန လုပ်နိုင်သော ပစ္စည်းများ ၀ယ်ယူဖြည့်တင်းမှု မလုပ်နိုင်မှတော့ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ် ဖြစ်လာဖို့ ဆိုသည်မှာ ဘယ်တော့မှ မဖြစ်နိုင်ပေ။

ဗဟိုထိန်းချုပ်မှု

ဗဟိုထိန်းချုပ်မှုစနစ် လျှော့ချဖို့ လိုအပ်သည်ဆိုသော စကားသည် သတင်းစာနှင့် ဂျာနယ်များတွင်သာ ကြားနေရသော စကားရပ်သာဖြစ်ပြီး ပညာရေးလောကတွင်တော့ ဘာမှပြောင်းလဲမှုမရှိဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံခြားသွားချင်ပါက အဆင့်ဆင့် စာတင်၊ ၃ လစာကြိုတင်စသဖြင့်သာရှိနေသေးသည်။ ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်သော လုပ်ငန်းအများစုသည် ကိုယ်ကသူ့ဆီမှ အခွင့်အရေး ရယူဖို့ကိစ္စချည်းသာဖြစ်သည်။ ထိုသို့သော ကိစ္စရပ်မျိုးကို ကိုယ့်ဘက်က အထာကိုင်နေ၍မရပေ၊ သူ့စည်းမျဉ်းအတိုင်း လိုက်ပါကစားနိုင်မှသာလျင် သူ့ဆီမှ ကိုယ်လိုချင်တာကို ရရှိမည်ဖြစ်သည်။ ထို့ကြောင့် သူ့ဆီက စည်းမျဉ်းစည်းကမ်းအတိုင်း ကိုယ့်ပလေယာများ လိုက်ပါကစားနိုင်အောင် စည်းမျဉ်းများကို ပြောင်းလဲကျင့်သုံးနိုင်မှသာလျင် အဆင်ပြေပေမည်။ တက္ကသိုလ်အတွက် ငွေကြေးသုံးစွဲပါက ဒါကတော့ ဒီလိုသုံးလို့မရဆိုတာမျိုးတွေက ဒုနဲ့ဒေးဖြစ်သည်။ တက္ကသိုလ်အတွက် အမှန်တကယ်လိုအပ်သော ကိစ္စရပ်ဖြစ်ပါက လျင်မြန်စွာ ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အထက်မှ ပံ့ပိုးပေးသင့်ပေသည်။

သုတေသနလုပ်ငန်းများ

ပြည်တွင်းတွင် သုတေသနဟူ၍ လုပ်ကိုင်နေကြသော လုပ်ငန်းအများစုသည် ယခင်ခေတ်ကအတိုင်း ဖြစ်နေကြတာများသည်။ တစ်ခုခုကို အကောင်အထည်ပြ ဆောက်လုပ်နိုင်မှုကိုသာ ဦးတည်နေပြီး တကယ်တမ်းတော့ အတွင်းတွင် သုတေသန အနှစ်သာရ မပါတာကိုသာ အတွေ့ရများသည်။ သုတေသနဟုဆိုလျင် သုတေသနလမ်းကြောင်းကို ဘယ်လိုလျှောက်ရသည်ဆိုသည့် နည်းလမ်းရှိသည်။ ဥပမာ- ဂြိုလ်တုအစိတ်အပိုင်းများ ၀ယ်ယူကာ ဂြိုလ်တုတည်ဆောက်ပြခြင်းကို သုတေသနဟု မခေါ်ပေ။ ထိုအစိတ်အပိုင်းတစ်ခုစီကို မည်ကဲ့သို့ အဆင့်ဆင့် စဉ်းစားသွားသည် မည်ကဲ့သို့သော အကျိုးအပြစ်များရှိသည်ဆိုသည်ကို စနစ်တကျ လေ့လာသုံးသပ်ကာ တခြားသော ခေတ်ပြိုင် သုတေသနသမားများ၏ သုတေသန ရလာဒ်များနှင့်ယှဉ်ကာ အားသာချက် အားနည်းချက်ကို ထောက်ပြ ပြောဆိုနိုင်လောက်အောင် စေ့ငစွာ လေ့လာမှုကို သုတေသနပြုသည်ဟုခေါ်ဆိုပါသည်။ မိမိလုပ်ကိုင်နေသော အလုပ်သည် သုတေသနလုပ်နေတာ ဟုတ်မဟုတ်ကို အလွယ်ဆုံး သိနိုင်သည့်နည်းလမ်းမှာ SCI/SCIE ဂျာနယ်များတွင် မိမိလုပ်ကိုင်နေသော သုတေသနနှင့် ပက်သက်ပြီး စာတမ်းရေးသားတင်ကြည့်က သိနိုင်သည်။ ပြည်တွင်းတွင် သုတေသနလုပ်ငန်း သေချာလုပ်ကိုင်နေသည်ကို ယခုထိ မတွေ့မိသေးပေ။

အလားအလာ

ပြည်တွင်းတက္ကသိုလ်များ၏ အလားအလာကို ခန့်မှန်းကြည့်မည်ဆိုလျင် နာမည်ကြီး တက္ကသိုလ်တစ်ခုမှလွဲ၍ ကျန်သော တက္ကသိုလ်များသည် ပြည်ပအကူအညီများများစားစားရဖို့ အခွင့်အရေး နည်းပါးနေဦးမည်ဖြစ်သည်။ မလိုလားအပ်သော၊ လက်ရှိရုံးလုပ်ငန်းစဉ်များတွင် မိမိပလေယာများအတွက် နှောင့်နှေးစေသော အတားအဆီးများကို အမြန်ဆုံးမဖယ်ရှားပေးပါက တက္ကသိုလ်များအကြား မညီမျှမှုကို တမင်ကြီးထွားအောင် လုပ်ဆောင်ရာရောက်ပြီး မလိုလားအပ်သော ပြသနာများပေါ်ပေါက်လာမည်ဖြစ်သည်။ ပြည်ပတွင် ပညာသင်ကြားနေကြသော၊ သုတေသန လုပ်ကိုင်နေကြသော သူများကို ဆွဲဆောင်နိုင်ရန်အတွက် ပြည်တွင်းတွင် သုတေသနလုပ်ငန်းများ လွယ်ကူစွာတည်ထောင် လုပ်ကိုင်နိုင်သည်ဟူသော အခြေအနေမျိုးကို ဖန်တီးပြနိုင်မှသာလျင် ထိုသူများကို ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာနိုင်စေရန် ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ၄င်းတို့အတွက် မက်လောက်သော လစာမဟုတ်တောင် ဘ၀အာမခံချက်ရှိသော လုပ်ခလစာ သို့မဟုတ် အကျိုးခံစားခွင့် (မိသားစု ကျန်းမာရေး၊ ပညာရေးခံစားခွင့်) မျိုးဖြင့်လည်း ဆွဲဆောင်နိုင်အောင် ကြိုးစားသင့်ပေသည်။ ဗီယက်နမ်၊ လာအို၊ ထိုင်း ၊ အင်ဒိုနီးရှားစသော နိုင်ငံများနှင့် ယှဉ်နိုင်ဖို့ဆိုလျင် အမြန်ဆုံး ပြောင်းလဲနိုင်မှသာလျင် နောင် ၁၅ နှစ်တွင် ၄င်းတို့နှင့် ရင်ဘောင်တန်းနိုင်လောက်သော ပညာရေးစနစ်မျိုးကို တည်ထောင်နိုင်ပေလိမ့်မည်။ (ပညာရေးစနစ်ကိုသာ ဆိုလိုခြင်းဖြစ်သည်။ ပညာအဆင့်အတန်းမဟုတ်သည်ကို သတိပြုပါ။)
နိုင်ငံတစ်နိုင်ငံအတွက် အသက်သွေးကြောသည် ပညာဖြစ်သည်ဆိုသည်ကို မည်သူမျှ ငြင်းမည်မဟုတ်ပေ။ အမေရိကန်လို သိပ္ပံပညာထိပ်တန်းရောက်နေသော နိုင်ငံသည်ပင် သိပ္ပံပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ) ပညာရေး ပိုမိုတိုးတက်စေရန်အတွက် အစီအမံများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေလေသည်။ မြန်မာနိုင်ငံလို အစစနောက်ကျနေသော နိုင်ငံငယ်တစ်ခုအတွက် သိပ္ပံပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျင် သူများတစ်လှမ်းလှမ်းလျင် ကိုယ်ဆယ်လှမ်းလှမ်းနိုင်အောင် ကြိုးစားကြဖို့ အရေးတကြီး လိုအပ်နေသော အချိန်တစ်ခုဆိုတာထက်ပင် ပိုသော အချိန်သို့ ရောက်ရှိနေပြီဖြစ်လေသည်။

Monday, September 26, 2016

အွန်ဆောတို့ မြေမှာ ခြောက်နှစ်တာ (၂)


ရောမရောက် တောသားလိုကျင့်

ကမ္ဘာမှာ ကိုရီးယားလှိုင်း အကြီးအကျယ် ရိုက်ခတ်ချိန်မှာ ကိုရီးယားကို ရောက်ရှိလာသော အညာသားမှာ အေသင်မြို့ကြီးကို အလည်ရောက်လာသော ကျေးတောသားသဖွယ် မြင်မြင်သမျှ အားကျ စရာတွေချည်းပင် ဖြစ်နေတော့သည်။ သိပ္ပံပညာ တိုးတက်မှုမှာလည်း ထိပ်တန်း၊ အလုပ်ကြိုးစားမှုမှာလည်း ထိပ်တန်း၊ အဲ… သောက်စားမူးယစ်မှုမှာလည်း ထိပ်တန်းပါလေ။

တခါက ကိုရီးယားနိုင်ငံရဲ့ အကြီးကျယ်ဆုံး လေကြောင်းဆိုင်ရာ စာတမ်းဖတ်ပွဲတွင် စာတမ်းသွားရောက် ဖတ်ကြားခဲ့စဉ်က တမနက်တွင် ကိုရီးယား ပါမောက္ခတစ်ယောက်က “ဟေး အောင်မျိုး မနေ့ညက ယူအက်စ်လေကြောင်းနဲ့ အာကာသ သိပ္ပံဌာနက အကြီးအကဲနဲ့ ငါတို့အကြီးအကဲ အရက်ပြိုင်သောက်ကြတာ ဘယ်သူနိုင်တယ်ထင်လဲ။ ငါတို့လူ နိုင်တာကွ” ဟု လာပြောဖူးသည်။ ထိုသို့ အသောက်အစားတွင်လည်း ၀ါသနာပါသလို ပြိုင်ဆိုင်လိုစိတ်လည်း ရှိနေပြန်တာ အံ့သြစရာပင်။ ပုံမှန် သောက်ကြလျှင်လည်း အရှိန်ရလာပါက လက်ချင်းချိတ်ကာ ၀မ်းရှော့ ၀မ်းရှော့ဆိုပြီး ခွက်မချတမ်း တစ်ခွက်လုံးကုန်အောင် မော့သောက်ကြလေ့ရှိသည်။ နေ့လည်နေ့ခင်း ထမင်းစားရာတွင် အချို့သော အလုပ်ကြမ်းသမားများကတော့ ဆိုးဂျုတပုလင်းခန့် သောက်လေ့ရှိသည်။ ညနေခင်းတွင်တော့ လူအများက အပြင် စားသောက်ဆိုင်တွေမှာ ထမင်းစားကျတာများသလို ဆိုးဂျုကလည်း မပါမဖြစ် ဖျော်ရည်အဆင့်ပင်။ အချို့သော မြန်မာတို့ကတော့ ဆိုးဂျုက တကယ်တော့ ဒို့ ဘီအီးလောက်တောင် မကောင်းပေဟု မှတ်ချက်ချကြသည်။

ကျွန်ုပ်လည်း ရောမရောက် ရောမလို ကျင့်ရမှာပေါ့ဟု သတ်မှတ်ကာ စားသောက်ပွဲများတွင် အရက်ကို စတင်သောက်သုံးပါတော့သည်။ ကိုရီးယားဆရာများသည် ကျောင်းသားများကို တစ်လတစ်ခါ သို့မဟုတ် နှစ်လတစ်ခါခန့် ညစာ လိုက်ကျွေးလေ့ရှိသည်။ သုတေသန လုပ်နေသော ဘွဲ့လွန်ကျောင်းသားများကိုသာ အခေါ်များသည်။ ထိုအခါကတော့ ကိုရီးယားကျောင်းသားများ အကြိုက်တွေ့သော အချိန်ပင်ဖြစ်သည်။ အရင်က ဌာနထဲတွင် ခေါက်ဆွဲတစ်ဗူးလောက်သာ စားပြီး တစ်နပ်ပြီးနိုင်သော မောင်ကျောင်းသားများ ထိုနေ့မျိုးဆိုလျှင်တော့ ဗိုက်အပိုတပ်ထားသလား အောက်မေ့ရသည်။ စားလိုက်တာမှ မယုံနိုင်စရာပင်။ မောင်တောသားမှာတော့ အမြဲ ဆရာ သတိပေးတာ ခံရသည်။ နဂိုကတည်းက ဗိုက်တင်းအောင် စားလေ့မရှိသလို၊ အစားလည်း သူတို့နဲ့ယှဉ်လျင် အလွန်နည်းသောကြောင့် ဆရာသမားများက အားမရ ထပ်စားပါဦး ဆိုတာချည်းပင်။ ဒီကြားထဲ အသောက်ကလည်း ပါသေးသည်။

ဆရာများနှင့်သောက်လျင် တစ်ဆိုင်တည်းမပြီးပဲ နောက်တစ်ဆိုင်သို့ ဆက်လေ့ရှိသည်။ ဖက်စ်ရောင်း၊ ဆက်ကန်းရောင်း၊ သတ်ရောင်းဆိုပြီး သုံးဆိုင်ခန့် တညလုံး နေရာပြောင်းသောက် တတ်ကြသေးသည်။ တခါတရံ သီချင်းဆိုခန်းများထဲဝင်ကာ သီချင်းဆိုရင်း သောက်ကြလေ့ရှိသည်။ တခါတရံ ဆရာများက ပထမတစ်ဆိုင်ပဲထိုင်ကာ ကျောင်းသားများကို ဘဏ်ကတ်ထားပေးပြီး ပြန်သွားတတ်သည်။ ထိုအချိန်သည် ကျောင်းသားများ အပျော်ဆုံး အချိန်ပင်ဖြစ်သည်။ မောင်တောသားလည်း ပထမတစ်ခါ ထိန်းထိန်းသိမ်းသိမ်း အဆင်ပြေသည်။ ဒုတိယ တစ်ခါတွင်တော့ ၀ီစကီနဲနဲများသွားသည်ထင်။ ဒါတောင် ကိုယ့်ဘေးက မြန်မာကျောင်းသား လူကြီးတစ်ယောက်ရှိသဖြင့် သူ့ခွက်ထဲ ထည့်ထည့်ပေးလိုက်သေးသည်။ သူကလည်း အရက်ကြိုက်သဖြင့် အဆင်ပြေသည်။ ဆရာတွေ လစ်တာနဲ့ ကိုယ့်ခွက်ထဲကဟာ သူ့ခွက်ထဲ လှမ်းလှမ်းထည့်၊ ဒီလိုနဲ့ ကိုယ့်လူက တော်တော်အခြေအနေ ဆိုးလာတော့သည်။ ဘယ်လိုမှ မဟန်ပုံပေါက်လာသဖြင့် ဆရာက အောင်မျိုးသူ့ကို တက္ကဆီနဲ့ လိုက်ပို့လိုက် ပြီးရင် မင်းပြန်လာခဲ့ဆိုပြီး အဆောင် ပြန်ပို့ခိုင်းသဖြင့် အဆောင်သို့ တက္ကဆီနဲ့ပြန်အလာ ကားပေါ်တွင်၊ ဘယ်လိုဝေဒနာဆိုးမှန်းကိုမသိ။ ကားက အပြင်မှာ အေးသဖြင့် အလုံပိတ်ကာ အပူလွှတ်ထားရာ အသက်ရှုမ၀ပဲ မူးမိုက်အန်ချင်လာ၊ တဖက်ကလည်း ကိုယ့်လူကို ထိန်းရနဲ့ နောက်ဆုံး မနေနိုင်သဖြင့် ကားမှန်ဖွင့်ကာ အပြင်လေရှူလိုက်မှပဲ သက်သာသလို ရှိလာတော့သည်။ သို့နှင့် အဆောင်ရောက်တော့ ကိုယ့်လူအခန်းလိုက်ပို့ပြီး ကိုယ့်အခန်းရောက်အောင် ဒုန်းပြေးပြီး အိမ်သာခွက်ထဲ ခေါင်းစိုက်ကာ ဝေါရလေတော့သည်။

ဆရာတို့ဆီလည်း ပြန်မသွားနိုင်တော့ လှဲအိပ်တော့လည်း ခေါင်းက ချာချာလည်။ နောက်တစ်ရက်အထိ ရေသောက် ရေအန်နဲ့ ကုတင်နဲ့ ရေချိုးခန်းကူးရင်း ဝေဒနာ ခံစားရပါတော့တယ်။ အဲ.. အဲ့ဒီနောက်တော့ အမောင်တောသားလည်း စိတ်ခိုင်ခိုင်ထားလို့ နောက်တော့ သူတို့သောက်သလို ၀ီစကီမသောက်တော့ ဘီယာအနဲငယ်သာ သောက်တော့မယ်လို့ စိတ်ပိုင်းဖြစ်လိုက်ပါတော့တယ်။ အဲ့ဒီမှာလည်း ဆရာတွေကနေ အောင်မျိုး ဘီယာက ဈေးပေါတယ် ဘာလို့ အဲ့ဒါသောက်မလဲ ၀ီစကီသောက်မှပေါ့ဟု တိုက်တွန်းသော်လည်း မသောက်ဖြစ်တော့ပါ။ ဆရာတွေ နိုင်ငံခြားသွားပါက ထိုအရပ်မှ နာမည်ကြီးသော အရက်တခုခု ပါလာတတ်သည်။ ထိုအရက်ကို ကျောင်းသားများနဲ့ ညစာစားလျင် ထုတ်တိုက်လေ့ရှိသည်။ ထိုအရက်ကိုလည်း မသောက်ဖြစ်တော့ပဲ တောသားခမျာ ထန်းရည်သာသာ ဘီယာနဲ့သာ နှစ်ပါးသွားဖြစ်ပါတော့သည်။ ရောမရောက် ရောမလိုမကျင့်ဘဲ တောသားလိုသာ ဆက်လက် ကျင့်သုံးရင်း နောင်ကျန်သော နှစ်များစွာကို ဖြတ်သန်းကျော်ဖြတ်ခဲ့ပါတော့သည်။


(ကိုရီးယား ဘီယာသည် ညံ့ပါသည်။ သူတို့က သူတို့မှ အကောင်းအတော်ဟု ထင်သောကြောင့် အရင်က ထုတ်မပြောရဲ။ သူတို့နှုတ်က ထွက်လာမှသာ ကိုယ်လည်း ပြောရဲတော့သည်။ ကိုရီးယားက လူကြိုက်များသော ဘီယာသည် ဂျပန်မှ အဆာဟိ အရသာနှင့် ဆင်အောင် ထုတ်လုပ်ထားသည်။ သို့သော် အဆာဟိလို မကောင်းပေ။ မြန်မာဘီယာကို သူတို့ သောက်သုံး ဖူးသွားချိန်မှာတော့ မြန်မာဘီယာ အလွန်ကောင်းကြောင်း ချီးကျူးကြသည်။ အဟဲ… ကိုယ့်နိုင်ငံက ဘယ်နေရာမှ မကောင်းပေမယ့် အဲ့ဒီ မကောင်းတဲ့နေရာတော့ တယ်တော်နေပြန်ရောပေါ့ဗျာ ဟဲဟဲ)

Monday, May 25, 2015

ဟော့ဒီမှာ ကြံ့ခိုင်ရေးစက်ဘီးတွေရမယ်



ကိုယ့်မြို့ကနေ နှစ်တွေအကြာကြီး ခွဲခွာပြီး ပြန်ကပ်လို့ရတဲ့အခါမှာတော့ ငယ်သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လက်ဘက်ရည်ဆိုင်ထိုင်ပြီး ဟိုအကြောင်းဒီအကြောင်းလေးတွေ မေးရမြန်းရ ဗဟုသုတရှာရတယ်။ ဟိုးအရင် တက္ကသိုလ်တက်နေတုန်းကလည်း အိမ်အလည်ပြန်လာရင် သူငယ်ချင်းတွေခေါ်ပြီး ဒီလိုပဲ စကားပြောဖြစ်ဆိုဖြစ်ကြတယ်။ ပြောဖြစ်တယ်ဆိုတာထက် နားထောင်ဖြစ်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကိုယ်နှစ်နှစ်ကာကာ ပေါင်းဖြစ်တဲ့သူတွေက ဆင်းရဲသားတွေများတယ်။ ကံအကြောင်းမလှလို့ လေး ငါးတန်းခြောက်တန်းလောက်ပဲကျောင်းနေရပြီး ဘ၀အမျိုးမျိုးမှာ ကျင်လည်နေကြသူတွေများတယ်။ ကိုယ်က ဟာသကြိုက်မှန်းသိတော့ သူတို့က သူတို့ကြုံရသမျှ ရယ်စရာမောစရာတွေ ပြောပြောပြကြတယ်။

တနေ့တော့ လက်ဘက်ရည်ဆိုင်ထိုင်ရင်း ပျင်းပျင်းရှိတာနဲ့ မင်းတို့ ဟာသာလေးဘာလေး ပြောစရာမရှိတော့ဘူးလားကွာလို့ မေးလိုက်တော့ ဘော်ဒါတွေလည်း စဉ်းစားရင်း ကျွန်တော်တို့ထဲ ပေါက်တက်ကရ အပြောတတ်ဆုံး တရားရုံးချုပ်ရှေ့နေကြီးက (တရားရုံးရှေ့မှာ စက်ဘီးဖာတဲ့သူ) မင်း ကြံ့ခိုင်ရေးစက်ဘီးတွေအကြောင်းသိလားတဲ့။ အေး ငါမသိဘူးကွ ဘာတုန်း ကြံ့ခိုင်ရေးစက်ဘီး၊ လေ့ကျင့်ခန်းလုပ်တဲ့ စက်ဘီးလားဆိုပြီး သိချင်ဇောနဲ့ မေးလိုက်မိတယ်။ ကိုယ်ကလည်း ခေသူမဟုတ်လေ၊ ကိုယ်ခန္ဓာသန်စွမ်းတာကို သိပ်သဘောကျတာ။ ကိုယ့်အာနိုးလေလျှော့ထားတဲ့ ဘော်ဒီကို ပြန်တင်းဖို့လည်း ကြိုးစားခဲ့ဖူးသေးတယ်လေ။ ကိုရီးယားမှာနေတုန်းကပေါ့ ယောက်ျားလေးတွေ အရွယ်ရောက်တာနဲ့ ဘော်ဒီလှဖို့ ဆော့ကြတာ အားကျလာသလို အမေ့ရဲ့ ငါ့သားကြီးက ငယ်တုန်းကအတိုင်းပဲ ပိန်လိုက်တာ ၀လာတယ်ကိုမရှိဘူးဆိုတာကို ပြောင်းပြန်လှန်ဖို့ ဂျင်မ်ကိုသွားခဲ့သေးတာပေါ့။ နောက်တော့ သွားရလာရတာ အချိန်ကုန်တယ် အိမ်မှာပဲ ကစားမယ်ဆိုပြီး ၀ိတ်တုန်းတွေ ၀ယ်လိုက်တာ မိန်းမဟင်းအိုးတင်ဖို့ခုံတွေ ရသွားတော့တာပေါ့ဗျာ။ မိန်းမကလည်း သူ့ငွေကုန်ပြီး အကျိုးမရှိတော့ ပြောတာပေါ့.. ကိုယ်ကလည်း ဘယ်ရမလဲ မိန်းမရေ ဒါက ကစားပြီးရင် အိပ်ရေးဝအောင်အိပ်မှရတာ ငါ့မှာ အဲ့လောက်အိပ်ချိန်မရှိဘူး၊ ဒီဟာထက် ပညာရေးက ပိုအရေးကြီးပါတယ်လေဆိုတာလေးနဲ့ အလျှောက်ကောင်းလို့ အထောင်းသက်သာခဲ့တာပေါ့။

အဲ အခု ကြံ့ခိုင်ရေးစက်ဘီးဆိုတော့ တော်တော်စိတ်ဝင်စားသွားပြီ။ ဒီမှာ ဆရာသမားက သူ့လေသံအတိုင်း ရယ်ရယ်မောမောနဲ့ ငါ့ကောင်ရေ အဲ့ဒီစက်ဘီးများ ယောင်လို့တောင် အပေါင်မခံနဲ့… အိုကွာ အလကားပေးတောင် မယူနဲ့။ အဲ့ကောင်တွေက ဆိုင်မဆင်းတွေကွ။ ဟေ.. ငါတော့ ဆိုင်ကလုန်း(ဆိုင်ကယ်အမျိုးအစားနာမည်)ပဲ ကြားဖူးပါတယ်ကွာ။ အေး ဆိုင်ကလုန်းထက်သာတယ် ဆိုင်မဆင်းကွ ဆိုင်မဆင်း ဆိုင်ကကိုမဆင်းဘူး။ ခုလာပြင်သွား ပြီးပြန်ရောက်လာတာပဲ။ ဘီးစီးသွားလို့ နောက်ကကြည့်လိုက်ရင်လည်း လူက ဖင်တစောင်းကြီးကွာ ကြည့်လို့ကို အဆင်မပြေဘူး။ တချို့ဟာတွေဆို သူ့ပစ္စည်းနဲ့သူကို တပ်လို့မရဘူး။ ရှေ့ဘီးနောက်ဘီးကလည်း အလိုင်းမန့်ညီတာရှားတယ်ကွာ။ ဒီလောက်ဆိုးတဲ့ဘီး ငါ့တသက်ကြုံဖူးတာပဲငါ့ကောင်။ သူက ရယ်ရယ်မောမောပြောနေသော်လည်း ကျန်းမာရေးနဲ့ ပက်သက်တာ ကြံ့ခိုင်ရေးနဲ့ ပက်သက်တာမပါသေးသဖြင့် လိုရင်းရောက်အောင် .. အေး ဒါနဲ့ မင်းပြောတဲ့ကြံ့ခိုင်ရေးဘီးဆိုတာက ဘယ်လိုတုန်းကွ ခုထိ မင်းဟာက လိုရင်းမရောက်သေးဘူးဆိုတော့မှ.. အေး အဲ့ဒီဘီးတွေက ကြံ့ခိုင်ရေးက ထုတ်ရောင်းတာကွ။ အကြွေးနဲ့ရောင်းတာ.. အစတော့ လူတွေမသိတော့ တန်တယ်ဆိုပြီး ၀ယ်ကြသေးတာ အကြောင်းလည်းသိကုန်ရော ဘယ်သူမှ အလကားပေးတောင် မယူတော့ဘူးဟေ ဆိုတော့မှ ကိုယ်လည်းဘယ်ကထုတ်ပြီး ဘယ်လိုရောင်းတယ်ဆိုတာကို တွက်ဆမိသွားတော့တယ်။ အော် ဖြစ်မှဖြစ်ရလေ စက်ဘီးတောင် ဘယ်လိုမှ စီးမဖြစ်အောင် ထုတ်လည်းထုတ်တတ်ကြပါပေတယ်။

သူပြောပြတာကနေ အတွေးနယ်ချဲ့မိရင်း.. ကိုယ့်နိုင်ငံရဲ့ လက်ရှိစက်မှုစွမ်းအားကတော့ ခေတ်ကျော်မလွှားပဲ ခါးသာစောင်းသွားသည်ဆိုတော့ အင်း လေယာဉ်ပျံကြီး ဒုံးပျံကြီးလုပ်မယ့် ဒီဇိုင်နာတစ်ယောက်အတွက်ဆိုလျင်တော့… 

Monday, December 15, 2014

ဝါးတွေ ထရံတွေပဲ မစုဆောင်းမိပါစေနဲ့


လူတစ်ယောက်မှာ ငယ်ဘ၀ဆိုတာဟာ အရမ်းအရေးကြီးပါတယ်။ ငယ်ရွယ်စဉ်အခါမှာ ကိုယ်ပြုခဲ့တဲ့ ကောင်းမှုဆိုးမှုကို ကိုယ်ကြီးလာတဲ့အခါမှာ ကိုယ်ပဲအဓိကခံစား စံစားရတာဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အခါမှာ အရာရာကို ပေါ့ပေါ့ပါးပါး သတိလက်လွတ်သာ အချိန်ကုန်စေမယ်ဆိုရင် ကြီးလာရင် ဘာဖြစ်မယ်ဆိုတာကို ကိုယ့်ရဲ့အသိထဲ ခေါင်းထဲမှာ အမြဲတမ်း ပုံဖော်ကြည့်နေရပါမယ်။ ဘ၀ကို ပေါ့ပေါ့လေး ဖြတ်သန်းတယ်ဆိုတာဟာ ဘာနဲ့ အလားတူသလဲဆိုရင် ၀ါးတွေထရံတွေကို စုဆောင်းနေတာနဲ့ တူပါတယ်။ ငယ်ရွယ်စဉ် အချိန်ရှိခိုက်မှာ လုံ့လစိုက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လေးလေးနက်နက် လုပ်တဲ့သူဟာ အုတ်တွေ စတီးချောင်းတွေကို စုဆောင်းနေတာပါပဲ။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ အုတ်တွေ စတီးချောင်းတွေ စုဆောင်းထားသူဟာ တိုက်တာအဆောက်အဦးတွေနဲ့ ဆောက်လုပ်နေနိုင်ပေမယ့် ၀ါးတွေထရံတွေသာ စုဆောင်းခဲ့သူကတော့ တဲထိုးကာသာ နေနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ဟာကို တဲထိုးနေတာဟာ ကိုယ်တစ်ယောက်တည်းသာ နိမ့်ကျစေတာမဟုတ်ပါဘူး။ တဲဆိုတာဟာ ကိုယ်ခံအား မကောင်းတဲ့အတွက် မီးလောင်လွယ်ပါတယ်။ ဒီလို အလွယ်တကူ မီးလောင်စေနိုင်တဲ့အတွက် ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပူလောင် ကူးစက်စေပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာပဲ သတိထားကြည့်ကြည့်ကြပါ။ ငွေကြေးချမ်းသာပါတယ်ဆိုတဲ့ မိသားစုက ပေါက်ဖွားလာတဲ့သူတွေထဲမှာတောင် အစောက ပြောခဲ့သလိုပဲ ဘ၀ကို ငယ်ရွယ်စဉ်မှာ ပေါ့ပေါ့လေး ဖြတ်သန်းခဲ့ကြတော့ ၀ါးတဲလေးသာ တည်ဆောက်နိုင်တဲ့ အသိဥာဏ်ပဲ ရှိလာကြတယ်။ ဒါထက်ဆိုးတာက ကိုယ်ခံအသိစိတ် ထိန်းချုပ်နိုင်မှုအားကလည်း နဲလေတော့ မကောင်းမှုတွေမှာ အလွယ်တကူ ပျော်မွေ့သွားကြပြန်ရော။ ဒီလိုနဲ့ သူတို့ဘေးက မိသားစုတွေကို ဒုက္ခရောက် ပူလောင်စေပြန်တော့တယ်။ ဒီလိုနဲ့ မိဘတွေ လက်ထက်က အခိုင်အမာ တည်ဆောက်ထားခဲ့တဲ့ တိုက်တာ အဆောက်အဦးတွေတောင် သူတို့ဆီက မီးကူးစက်ခံရတာကြောင့် ပြာပုံဘ၀ရောက်မတတ်ဖြစ်ရပြန်တယ်။ ဒါ့ကြောင့် ငယ်ရွယ်စဉ် အချိန်ရှိခိုက်မှာ လုံ့လစိုက်ပြီး အုတ်တွေ စတီးချောင်းတွေ စုကြပါ၊ ပေါ့ပေါ့လေးဖြစ်တဲ့ ၀ါးထရံတွေကိုပဲ စုဆောင်းမနေကြပါနဲ့။ ကိုယ့်ရဲ့ပေါ့ဆမှုဟာ ကိုယ်တစ်ယောက်တည်းမဟုတ် ကိုယ့်ပတ်ဝန်းကျင်ကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ အလားတူပဲ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုဟာလည်း ကိုယ်ရောက်ရာ ပတ်ဝန်းကျင်ကို ကောင်းကျိုး ပြုနိုင်တယ်ဆိုတာကို အမြဲနှလုံးသွင်းထားပြီး ငယ်ဘ၀ကို လေးနက်စွာ ဖြတ်သန်းကြပါလို့ သတိပေးချင်ပါတယ်။


(NerdSpacers (NerdSpace Eng Class သင်တန်းသား) များအတွက် ပြီးခဲ့တဲ့ အပတ်က ပြောကြားခဲ့တဲ့ ဆုံးမစကားကို ဆီလျော်အောင် ပြန်လည် ရေးသားထားခြင်းဖြစ်ပါတယ်။)

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...