Friday, April 29, 2011

တောင်ကိုရီးယား၏ ၂၁ ရာစု အစိမ်းရောင်တော်လှန်ရေး

ကိုရီးယားဆိုလျှင် ပထမဆုံးပြေးမြင်မိမှာကတော့ ၂၁ ရာစုရဲ့ Electronic Giant ကြီးဖြစ်တဲ့ Samsaung Company ကြီးပါပဲ။ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ဒီနိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပက်သက်လို့လည်း နောက်ကျမကျန်ရလေအောင် ယခုကတည်းက စီမံကိန်းတွေချမှတ်ကာ အကောင်အထည်ဖော်နေကြပါတယ်။ ဒီစီမံကိန်းတွေရဲ့ အကြီးကျယ်ဆုံးနဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်အမြင့်ဆုံးလို့ဆိုတဲ့ စီမံကိန်းတစ်ခုရဲ့ နှီးနှောဖလှယ်ပွဲကိုတော့ စာရေးသူတက်ရောက်ခွင့်ကြုံခဲ့ပါတယ်။

၂၀၁၀ နိုဝင်ဘာလ ၁၄ ရက်မှ ၁၅ ရက်အထိ တောင်ကိုရီးယားနိုင်ငံတွင် ‘Green Science and Engineering for Health and Environment’ ဟူသော ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပခဲ့၏။ မိမိလစဉ်ဖတ်ရှုနေသော ချင်းတွင်းမဂ္ဂဇင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သက်ဆိုင်သော ဆောင်းပါးများက အမြဲလိုလိုပါနေသဖြင့် Green ဆိုသော အသံကြားကတည်းက တက်ရောက်ချင်စိတ် လွန်စွာပြင်းပြနေမိသည်။ ထို့ကြောင့် မိမိ LAB မှ ကိုရီးယားသူငယ်ချင်း တစ်ယောက်ကို မိမိအတွက်ပါ Register လုပ်ပေးပါဟု ပြောလိုက်၏။ နိုင်ငံတကာမှာကဲ့သို့ပင် ကိုရီးယားတွင်လည်း Green ဟူသောအသံကို ယခုတစ်လော အမြဲလိုလို ကြားနေရလေသည်။ ဟိုတစ်လောကလည်း ညီငယ်တစ်ယောက် ပတ်ဝန်းကျင်နှင့်ပက်သက်သော ဖိုရမ်တစ်ခုသွားတက်သဖြင့် ပြန်ရောက်လျှင် ဗဟုသုတဝေမျှပါဦးဟုပင်ပြောလိုက်သေး၏။ ခုတော့ မိမိကိုယ်တိုင် တက်ရောက်ခွင့်ရပေပြီ။ ကျင်းပမည့်နေရာမှာ ဆိုးလ်မြို့ရှိ တစ်ခြားတက္ကသိုလ် တစ်ခုတွင်ဖြစ်သဖြင့် အင်တာနက်တွင် မည်ကဲ့သို့သွားရောက်ရမည်ကို (ဘယ်ရထားစီး၊ ဘယ်အပေါက်ကထွက်ရမည်စသည်ကို)ကြိုတင်ကာ ရှာဖွေထားလိုက်၏။ မြေအောက်ရထားစီးရာတွင် ထွက်ပေါက်ကိုသေသေချာချာ မှတ်သားထားရ၏။

ဘူတာတစ်ခုတွင် ထွက်ပေါက်မြောက်မြားစွာရှိပြီး၊ ထွက်ပေါက်လွဲသွားပါက လိုရာခရီးမရောက်ပဲ ငါးပါးမှောက်ပေမည်။ ယင်းတက္ကသိုလ်မှာ ဆိုးလ်မြို့တွင်ပင် Campus သုံးခုရှိသဖြင့် မလွဲအောင် ဂရုတစိုက်မှတ်သားရ၏။ သို့နှင့်ဆွေးနွေးပွဲ ပထမရက်တွင် နံနက် ၈း၃၀ တွင်ထ၍ ပြင်ဆင်စရာရှိတာပြင်၍ ၉း၃၀ ခန့်တွင် ဘူတာသို့အရောက်သွားလေ၏။ ရထားစီးရမည့် အချိန်မှာ နာရီဝက်ခန့်ကြာမည်ဖြစ်၏။ ထို့ကြောင့် ဆယ်နာရီတွင်စမည့် အစီအစဉ်အတွက် မိနစ်နှစ်ဆယ်ခန့် အတိမ်းအစောင်းခံနိုင်၏။ ရထားများ ဆက်တိုက်ဆိုသလို လာနေသဖြင့် ရထားစောင့်ချိန်သိပ်ပြီးပေးရလေ့မရှိပေ။ သို့နှင့်ရထားစီး ဆင်းရမည့်ဘူတာတွင်ဆင်းပြီးလမ်းလျှောက်ရာ လမ်းလွဲကိုချိုးမိသဖြင့် မစခင် ၅ မိနစ်ခန့်အလိုတွင်မှ ခန်းမသို့ ရောက်လေ၏။ ထို့နောက် Register လုပ်သောနေရာတွင် ၀င်ရောက်တန်းစီပြီး မိမိနာမည်နှင့်တက္ကသိုလ်နာမည်ပြောလိုက်သော် နာမည်ကဒ်ပြားနှင့် လက်ဆောင်ပစ္စည်း၊ စာရွက်စာတမ်းများပေးလေသည်။ ကော်ဖီတိုက်သဖြင့် ကော်ဖီကြိုက်သောမိမိအတွက် ဟန်ကျလှ၏။ အမေရီကာနိုတစ်ခွက်ယူပြီး အခမ်းအနား စတင်တော့မှာဖြစ်သဖြင့် ခန်းမထဲဝင်၍ နေရာယူလိုက်၏။ ဆွေးနွေးပွဲအခြေအနေမဟန်ပါက (Plan B အနေဖြင့်) မဂ္ဂဇင်းထုတ်ဖတ်မည်ဟူသော အကြံဖြင့်မီးလင်းသောနေရာတွင် နေရာယူလိုက်၏။

လူကြီးမင်းများနေရာယူပြီးနောက် အခမ်းအနားဖွင့်လှစ်ကြောင်း အခမ်းအနားမှူးကသူ၏ Konglish သံဖြင့် ကြေငြာလိုက်၏။ ယခုကဲ့သို့သောနိုင်ငံတကာပွဲမျိုးတွင် ထိုသူထက်အသံထွက်ကောင်းသောသူ အခမ်းအနားမှူးလုပ်သင့်သည်ဟု တစ်ကိုယ်တည်း မှတ်ချက်ချမိ၏။ ထို့နောက် ယခုပွဲကို GRDC ( Global R&D Centers) မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းနှင့် GRDC အကြောင်းရှင်းလင်းပြောကြားလေသည်။ GRDC ကို ကိုရီးယားအစိုးရမှ အဓိကထောက်ပံ့ပေးပြီး နိုင်ငံပေါင်း (၁၉) နိုင်ငံတွင် နယ်ပယ်စုံ R&D ဌာနချုပ်များဖွင့်လှစ်ထားကြောင်း၊ ကိုရီးယားဝမ်တစ်ဘီလီယံကို ဌာနအသီးသီးသို့ နှစ်စဉ်ချပေးနေကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသွားလေ၏။ ကိုရီးယားနိုင်ငံ၏ R&D ဌာနများကို တက္ကသိုလ်များတွင်ထားရှိ၏။ ဥပမာအားဖြင့် ရဟတ်ယာဉ် နှင့်ဆိုင်သော သုတေသနဌာနကို စာရေးသူတို့တက္ကသိုလ်တွင် ဂျာမနီနိုင်ငံ၏ကမ္ဘာကျော် DLR နှင့်ပူးတွဲလုပ်ကိုင်၏။ အပူစွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာသုတေသနလုပ်ငန်းများကို ပူဆန်းတက္ကသိုလ်တွင် ကမ္ဘာ့အကြီးဆုံး ဂျက်အင်ဂျင်ကုမ္ပဏီ ကြီးဖြစ်သော Rolls-Royce ကုမ္ပဏီနှင့်ပူးတွဲလုပ်ကိုင်၏။

နာနိုနည်းပညာ၊ သင်္ဘောတည်ဆောက်ရေး၊ ဆေးပညာစသဖြင့် ကဏ္ဍပေါင်းစုံကို တက္ကသိုလ်၊ ကုမ္ပဏီပေါင်းစုံနှင့်ချိတ်ဆက်ကာ သုတေသနလုပ်ကြ၏။ မိမိနိုင်ငံကိုလည်း ထိုကဲ့သို့ဖြစ်စေချင်သောစိတ်ဝင်လာသဖြင့် ကြက်သီးများပင် တဖျင်းဖျင်းထမိလေ၏။ ကိုရီးယားနိုင်ငံရှိ R&D ဌာနများ၏ ဥက္ကဌအဖြစ် ဆိုးလ်အမျိုးသားတက္ကသိုလ် (Seoul National University) မှ ပါမောက္ခတစ်ယောက်ကဆောင်ရွက်၏။ ထိုသို့ရှင်းလင်းပြီးနောက် သက်ဆိုင်ရာပါမောက္ခများ။ သံအမတ်တစ်ချို့နှင့် အမျိုးသား ညီလာခံမှ ကိုယ်စားလှယ်အမျိုးသမီးတစ်ဦး တက်ရောက်ကျေးဇူးတင်စကားပြောကြား၏။ ယင်းအမျိုးသမီးမှာ အမျိုးသားညီလာခံတွင် သိပ္ပံနှင့်နည်းပညာတိုးတက်ရေးအတွက် တက်ကြွစွာဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း သိရလေ၏။ မိမိနိုင်ငံတွင်တော့ လတ်တလော ပြောင်းလဲထားသော နိုင်ငံရေးလောကတွင် မည်သူမျှယခုကဲ့သို့ပြောဆိုလှုပ်ရှားသည်ကို မကြားမိပေ။

အချိန်ကြာလာသည်နှင့်အမျှ အခမ်းအနားမှူး၏ အင်္ဂလိပ်စာအရည်အသွေးများက ပိုမိုပေါ်လွင်လာ၏။ I’m very apologize ဟုပင်ထွက်လာသေး၏။ ဟိုယခင်က ဦးသက်ထွန်း၏ ခရီးသွားမှတ်တမ်းများတွင် ကိုရီးယားများ အီးကောင်းသည်ဟု မှတ်ချက် ချထားသည်ကို ဖတ်ဖူးလေ၏။ မိမိကိုယ်တွေ့နှင့်တော့ တက်တက်စင်အောင်လွဲလေသည်။ ဆရာကြီးက သူကျင်လည်ရသော သံတမန်အသိုင်းအ၀ိုင်းပေါ်မူတည်ပြီး ကောက်ချက်ချထားဟန်ရှိ၏။ ကျေးဇူးတင်စကားများ ပြောကြားပြီးနောက် နေ့လည်စာစား နားချိန်သို့ရောက်လာသဖြင့် ခန်းမအပြင်သို့ထွက်လာရာ မိမိ LAB မှ ဆရာတစ်ယောက် ဗီယက်နမ်ကျာင်းသား တစ်ယောက်နှင့် အတူ ထွက်လာသည်နှင့် တိုးမိလေ၏။ တွေ့တွေ့ချင်း ဆရာမှအယောင်ပြပဲလာတာမဟုတ်လား၊ သူ့ကားပါတယ် အတူပြန်ကြစို့ဟုဆိုသဖြင့် မငြင်းသာပဲပြန်လိုက်ခဲ့ရလေ၏။ ကိုရီးယားမှ ဆရာတော်တော်များများသည် ကျောင်းသားများ LAB တွင်ထိုင်ပြီး Research လုပ်နေသည်ကိုသာမြင်လိုကြသည်။

နောက်တစ်နေ့တွင်တော့ မိမိနှင့်သက်ဆိုင်သော ရဟတ်ယာဉ်အကြောင်း ဟောပြောမည်ဖြစ်သောကြောင့် တက်ဖြစ်အောင် သွားတက်လေ၏။ နံနက် ၁၀ နာရီတွင် ဂျာမနီမှပါမောက္ခက စာရေးသူတို့တက္ကသိုလ်နှင့်ဂျာမနီတို့ပူးပေါင်း၍ ကိုရီးယားနိုင်ငံအတွက် ဘက်စုံသုံးရဟတ်ယာဉ် တည်ဆောက်ရေးနှင့်ပက်သက်သော သုတေသနလုပ်ငန်းများမှ ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားထားသော အချက်များကိုပြောကြားသွားလေ၏။ ရဟတ်ယာဉ်တစ်စီး Environmentally Friendly ဖြစ်ရန်အတွက် မည်သည့်အချက်များကို ထည့်သွင်းစဉ်းစားသည်ကို ဗဟုသုတအလို့ငှာ အနည်းငယ်တင်ပြပါမည်။ (ပညာရှင်အတွက်မဟုတ်ပါ၊ရဟတ်ယာဉ် တည်ဆောက်ရေးနှင့် ပက်သက်၍ အစိမ်းသက်သက် စာဖတ်သူများကိုသာ ရည်ရွယ်ပါသည်) ရဟတ်ယာဉ်တစ်စီး၏ လူကိုတိုက်ရိုက်ထိရောက်သောဆိုးကျိုးမှာ ဆူညံမှုနှင့်တုန်ခါမှုတို့ဖြစ်ပါသည်။ ရဟတ်ယာဉ်၏ ပန်ကာရွက်နှင့်လေတို့၏ အပြန်အလှန်သက်ရောက်ခြင်း၊ အင်ဂျင်၊ အင်ဂျင်အထိုင် စသည်တို့မှ ဆူညံမှုနှင့်တုန်ခါမှုကို အဓိကဖြစ်စေ၏။ ပန်ကာရွက်နှင့်လေထုတို့ အပြန်အလှန်သက်ရောက်ခြင်းမှ ဖြစ်ပေါ်လာသော တုန်ခါမှုနှင့်ဆူညံမှုတို့ကို လျှော့ချနိုင်ရန်အတွက် လေယာဉ်ပန်ကာရွက်တို့ကို ပုံစံအမျိုးမျိုးစဉ်းစားလေ့ရှိကြသည်။

ယခင်ခေတ်များတွင် ပန်ကာရွက်ပုံပြောင်းပါက ဖြစ်ပေါ်လာသောအကျိုးအပြစ်ကို လေ့လာရန်ခက်ခဲသော်လည်း ယခုအချိန်တွင် ကွန်ပြူတာများ၏ စွမ်းဆောင်ရည်ကြောင့် အချိန်သိပ်မပေးရတော့ပေ။ လေယာဉ် Company များသည် မိမိတို့စိတ်ကြိုက် ပန်ကာရွက်ပုံစံကိုသုံးလေ့ရှိ၏။ တစ်ချို့အဖျားရှုး၊ တစ်ချို့နောက်သို့ကောက်စသည်ဖြင့် ပုံစံအမျိုးမျိုးကွဲပြားကြ၏။
၁၉၉၀ ခုနှစ်များအတွင်း Boeing နှင့် Sikorsky တို့ပူးပေါင်း၍ Comanche ဟုအမည်ပေးထားသော တိုက်ရဟတ်ယာဉ်ကို တည်ဆောက်ဖို့ကြိုးစားခဲ့ဖူး၏။ ကုမ္ပဏီနှစ်ခုကြား ဆုံးဖြတ်ချက်ချဖို့လွန်စွာခဲယဉ်းကြောင်း ထို Project တွင်ကိုယ်တိုင်ပါဝင်ခဲ့သော ဆရာမှစာသင်ရင်း ဗဟုသုတအလို့ငှာပြောပြဖူး၏။ ယင်း Project မှာ ၂၀၀၄ ခုနှစ်တွင် ဘက်ဂျက်ချမပေးတော့သဖြင့် ရပ်တန့် လိုက်ရတော့သည်။ အင်မတန်စွမ်းဆောင်ရည်မြင့်မားသော ရဟတ်ယာဉ်တစ်စီးကို လက်လွှတ်ဆုံးရှုံးလိုက်ရလေသည်။ အထက်တွင် ဖော်ပြထားသည်မှာ ပန်ကာနှင့်လေတို့ အပြန်အလှန်သက်ရောက်ခြင်းမှ ထွက်ပေါ်လာသော ဆူညံမှုကိုသာလျှော့ချရန် စဉ်းစားထား ခြင်းသာရှိသေးပါသည်။ တစ်ဖန် ရရှိလာသောပန်ကာဒီဇိုင်းမှာ ကုန်ထုတ်လုပ်ရန်ခက်ခဲပါက လိုချင်တာနှင့်ဖြစ်နိုင်တာ ကြားတွင် တစ်ဖန်ပြန်လည်ချိန်ဆရပေသည်။

တစ်ခြားအစိတ်အပိုင်းများလည်း ထိုနည်းတူစွာပင်။ အလေးချိန်လျှော့ချင်၍ ပေါ့ပါးခိုင်ခံ့သော ကိုယ်ထည်ကို သုံးမည်ဆိုပါက၊ ဌင်းကိုယ်ထည်ကို Recycle လုပ်နိုင် မလုပ်နိုင်၊ ရေဒါတွင်မပေါ်ချင်ပါကလည်း တစ်မျိုး၊ သေချာသည် ကတော့ ယင်းကဲ့သို့သောသတ္တုစပ်ကို သုံးမည်ဆိုပါက ကုန်ထုတ်လုပ်မှုစရိတ် ထိုးတက်သွားမည်မှာ အသေအချာပင်။ ထိုသို့ပြဿနာကို ဘက်စုံထောင့်စုံမှစဉ်းစားပြီး အကောင်းဆုံးအဖြေကိုရှာရာတွင် အသုံးပြုသော Multi Disciplinary Optimization ဟူသောဘာသာရပ် မှာ ကမ္ဘာတွင် အလွန်ခေတ်စား အသုံးများသောဘာသာရပ်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်တော့ သင်ကြားခြင်းမရှိပေ။

ထိုသို့သောအချက်များကို ကြည့်ခြင်းအားဖြင့် Green ဆိုပါက သေချာသည်ကတော့ဈေးမပေါနိုင်ပေ။ ဖိုရမ်ဘက်သို့ ပြန်လှည့်ပါမည်။ ရဟတ်ယာဉ်နှင့်ပက်သက်၍ ဂျာမနီမှဆွေးနွေးပြီးနောက် သြစတြေးလျမှ ပညာရှင်က စွန့်ပစ်ထားသော ဓါတ်ခဲများမှ အဖိုးတန်သတ္တုများ မည်သို့ပြန်လည်ထုတ်ယူနိုင်ကြောင်းကို ဆွေးနွေးသွား၏။ ထို့နောက်အမေရိကန်မှ Forbes Magazine မှထုတ်ပြန်သောထိပ်တန်းအသေးစား စီးပွားရေးလုပ်ငန်းရှင် ၂၅ ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်သော သိပ္ပံပညာရှင်နှင့် စီအီးအို အမျိုးသမီးက ဆေးပညာနှင့်ပက်သက်၍ ဆွေးနွေးသွား၏။ ပညာရှင်ဆန်လွန်းသဖြင့် မိမိနှင့်အလှမ်းဝေးသွား၏။ သို့သော် သူမပရိသတ်ကိုထိန်းသော ပျက်လုံးလေးတွေကို သဘောကျ၏။

စာရေးသူ၏ ယနေ့အထိ အတွေအကြုံအရ အနောက်နိုင်ငံသားများ ထဲမှာပင် US နှင့် Canada နိုင်ငံသားများသည် Presentation Skills သိသိသာသာပို၍ကောင်းမွန်၏။ မနက်ပိုင်းဆက်ရှင်ပြီးသောအခါ ခန်းမအပြင်ထွက်၍ ခင်းကျင်းထားသောပြခန်းများကိုလိုက်လံကြည့်ရှုလေ၏။ ဌင်းတို့ထဲမှ Carbon Nanotube* ကိုသုံး၍ Flash Memory ပြုလုပ်သောသုတေသနတစ်ခုကိုတွေ့ရလေ၏။ အင်မတန်မှ အကြမ်းခံမည်ဖြစ်သဖြင့် လေယာဉ်များ၊ အာကာသယာဉ်များ အတွက် အထူးသင့်တော်ပေသည်။ လှည့်လည်ကြည့်ရှုပြီးနောက် ကျောင်းသို့ပြန်ခဲ့လေသည်။ အိမ်အပြန်လမ်းတွင်တော့ ကိုရီးယားရဲ့ ကြောက်ခမန်းလိလိ အစိမ်းရောင်တော်လှန်ရေးကြီးကို တစ်စိမ့်စိမ့်တွေးရင်း ငါတို့ရဲ့ နဂိုစိမ်းသစ်တောကြီးတွေကော ပေါက်ဖော်တွေ ရန်က ကင်းဝေးပါစေလို့ ဆန္ဒပြုဆုတောင်းရင်း သက်ပြင်းချမိပါတော့တယ်။

မောင်မျိုး (စက်မှု)

The Voice Weekly Journal


*Carbon Nanotube : လွန်စွာမာကြောသော ကာဗွန်သတ္ထုလေးဟု အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ ဂျပန်သိပ္ပံပညာရှင် တစ်ယောက်က ဂဟေဆော်တဲ့ ဂဟေချောင်းရဲ့ထိပ်မှာ အမှတ်မထင်စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ ဟိုးယခင် ရာဇ၀င်တွေထဲမှာ အလွန်အင်မတန်စွမ်းတယ် မာတယ်ဆိုတဲ့ဓားတွေအကြောင်း ပါးစပ်ရာဇ၀င်တွေ နိုင်ငံတော်တော်များများမှာ ရှိခဲ့ဖူးပါတယ်။ ဒီကာဗွန်နာနိုကျုကို တွေ့ရှိလိုက်တာဟာ ထိုပါးစပ်ရာဇ၀င်တွေ အမှန်တကယ်ဖြစ်နိုင်တယ်ဆိုတာကို ထောက်ပြလိုက်သလိုပါပဲ။ (စာရေးသူ)

Nanotechnology : နည်းပညာစကားလုံးတွေနဲ့ မရင်းနီးတဲ့သူတွေအတွက် ဒီစကားလုံးကိုနည်းနည်းရှင်းပြပါမယ်။ ယခင်က မျက်စိဖြင့်မြင်နိုင်တဲ့ ရုပ်လောကကြီးကို Macro World (အကြီးစားလောက)၊ မျက်စိဖြင့်မမြင်နိုင်တဲ့ ရုပ်လောကကြီးကို Micro World (အမှုန်အမွှားလောက) ဟူ၍ အကြမ်းဖျင်း ခွဲခြားကြပါတယ်။ ယခုတော့ Micro ထက်သေးတဲ့လောကကြီးဆီကို ၂၁ ရာစုရဲ့ အံ့မခန်းနည်းပညာတွေနဲ့အတူ ကျွန်တော်တို့ ခြေဆန့်နိုင်ခဲ့ကြပါပြီ။ ဌင်းကို Nano World ဟုခေါ်ဆိုကခေါ်နိုင်ပါသည်။

1 Micro meter = 0.000001 meter ဖြစ်ပြီး 1 Nanometer = 0.000000001 meter ဖြစ်လေသည်။ ဆံချည်မျှင်ထက် အဆပေါင်းသန်းချီ၍ သေးငယ်လေ၏။ ဤမျှသေးငယ်သော အရာလေးများကို စက်မှုလုပ်ငန်းများတွင် အသုံးချနိုင်အောင် ကြိုးပမ်းလုပ်ဆောင်သော နည်းပညာကို နာနိုနည်းပညာ (Nanotechnology) ဟုခေါ်၏။ ရှင်းလင်းစွာမြင်နိုင်ရန် ဥပမာပြပါမည်။ တိုက်ဆောက်ရာတွင် အုတ်ခဲလေးများစီသည်ကို စာဖတ်သူတို့ တွေ့ဖူးပေမည်။ ယင်းအုတ်ခဲလေးများသည် အလျား ၁ ပေရှိသည်ဆိုပါစို့၊ နာနိုနည်းပညာနယ်ပယ်တွင် ယင်းအုတ်ခဲ၏ အလျားမှာ ၀.၀၀၀၀၀၀၀၀၁ ပေခန့်ဖြစ်သွားပေမည်။ တစ်နည်းအားဖြင့် အဆောက်အအုံ အတွက် လိုအပ်သောနေရာ ကျုံ့သွားပေမည်။

လက်တွေ့အကျိုးအနေဖြင့် ကျွန်တော်တို့နေ့စဉ်သုံးနေသော ကွန်ပြူတာတွင် အသုံး ပြုသော Processor (အဓိကတွက်ချက်သူ) သည် Transistor သန်းပေါင်းများစွာကို တစ်လက်မပတ်လည်ခန့်နေရာတွင်စီထားခြင်းဖြင့် အလွန်မြန်ဆန်သောကွန်ပြူတာကို ယနေ့ကျွန်တော်တို့ ကိုယ်နဲ့မကွာသယ်သွားနိုင်ခြင်းဖြစ်လေသည်။ ဟိုးရှေးယခင် ကွန်ပြူတာများ လွန်စွာကြီးမားသည်ကို ကြားဖူးကြပေမည်။ နာနိုနည်းပညာ၏ အကူအညီသာမပါပါက ယနေ့အသုံးပြုနေသော Laptop ၏ စွမ်းဆောင်ရည်မျိုးရရန် လူနေအိမ်ဝိုင်း သုံးဝိုင်းစာခန့်အနည်းဆုံး နေရာလိုအပ်ပေမည်။ ထိုကဲ့သို့သောကောင်းကျိုးများကြောင့် နာနိုနည်းပညာ၏ဖခင်ကြီးဖြစ်တဲ့ နိုဗယ်ဆုရ သိပ္ပံပညာရှင် Richard Feynman က ‘There’s plenty of room at the bottom’ (ဟိုးအောက်ဘက်မှာ နယ်အကျယ်ကြီးပါဟူ၍ ပြောခဲ့ခြင်းဖြစ်ပေသည်)။

1 comment:

  1. Good to read. Incredible writing and encourage sincerely to send this article to a Myanmar magazine.

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...