Monday, May 16, 2011

နှစ်ကြိမ် မွေးဖွားမှ လူဖြစ်တယ်

ဆရာတော်မှ မွေးနေ့လက်ဆောင်ချီးမြှင့်သော တရားတော်ကို ဆရာတော်၏ အင်တာနက်စာမျက်နှာ http://www.dhammadoctor.com မှ ကူးယူ၍ ဝေမျှလိုက်ပါတယ်။ ဆောင်းပါးများတွင်
ကျမ်းကိုးကျမ်းကားကို ဖော်ပြလေ့ရှိသော ဆရာတော်၏ တိကျသေချာမှုဟာ အတုယူစရာကောင်းလှပါတယ်။
အားလုံးပဲ ယခုဆောင်းပါးကို ဖတ်ရှု၍ တစ်စုံတစ်ရာ အကျိုးများမည်ဟု ယုံကြည်မိပါသည်။
=================================================

မွေးနေ့အထိမ်းအမှတ်

နှစ်ကြိမ် မွေးဖွားမှ လူဖြစ်တယ်

မောင်အောင်မျိုးသူ၏

မွေးနေ့ပွဲတွင်ဟောသောတရားကို

ဆောင်းပါးဖြစ်အောင်ရေးသားပါသည်။



ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း) ၏ အိုခြင်းရဲ့အလှ ဆောင်းပါးတွင် သဘာဝမိခင်ရဲ့ တရားမျှတတဲ့ သင်္ကေတ တစ်ခုဟု အိုခြင်းကို တင်စားထားသည်ကို ဖတ်မိပါသည်။ အိုခြင်းကို မည်သူမျှရှောင်လွှဲ၍ မရကြခြင်းမှာ ဇာတိလက်မှတ်ကို ၀ယ်ယူခဲ့ပြီးဖြစ်သောကြောင့် ဖြစ်ပေသည်။ လောကတွင် အသက်ကြီး သူများက ၀ယ၀ုဒ္ဓိဂုဏ်ကို အားပြုပြီး သူငယ်များအပေါ်တွင် လွှမ်းမိုးတတ်သည့် သာဓကများများစွာ ရှိပါသည်။ ရဟန်းလောကတွင် ရဟန်းဝါ မရသေးပေမင့် အသက်ကြီးမှ သာသနာ့ဘောင် ၀င်ရောက်လာသော ရဟန်းတော် များက အသက်ငယ်ပြီး ၀ါကြီးသော ရဟန်းများ၏ ရှိခိုးဦးချခြင်းကို စည်းကမ်းနှင့် မညီညွတ်မှန်း သိသိကြီးနှင့် သာယာခဲ့ကြသည့် သာဓက များကိုလည်း စာပေတွင်ဖြစ်စေ၊ လက်တွေ့မျက်မြင် အနေအားဖြင့်ဖြစ်စေ တွေ့မြင် နေရပါသည်။ အသက်အပေါ်တွင် အမှီပြုပြီး အကျိုး အမြတ်ရ ယူလိုခြင်းကို ဖေါ်ပြရခြင်းဖြစ်ပါသည်။

မြတ်ဗုဒ္ဓခေတ်ကလည်း ဝေရဉ္စပုဏ္ဏားကြီးသည် ဤကဲ့သို့ဖြစ်ခဲ့ပါသည်။ ထိုပုဏ္ဏားကြီးသည် အတော်ပင် အိုမင်းလှပါပြီ။ စာပေတွင် အိုခြင်းတရားကို ဇိဏ္ဏ၊ ၀ုဒ္ဓ၊ မဟလ္လက၊ အဒ္ဓဂတ၊ ၀ယောနုပ္ပတ္တဟု ထူးခြားမှုကိုဖေါ်ပြထားပါသည်။ ဇိဏ္ဏဟူသော အိုခြင်းမှာ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဆံဖြူ၊ သွားကျိုး နေသည့် လူသားမျိုးကို ဆိုလိုပါသည်။ ၀ုဒ္ဓဟူသော အိုခြင်းတစ်မျိုးမှာ လက်၊ ခြေစသည့် အင်္ဂါများမပြည့်စုံသည်ဖြစ်စေ၊ ပြည့်စုံပါသော်လည်း ဖြတ်ဖြတ်လတ်လတ်မရှိသဖြင့်လူကောင်းတစ်ယောက် ၏ အရည်အချင်း မပြည့်စုံသဖြင့် အိုခြင်းမျိုးဖြစ်ပါသည်။ မဟလ္လကဆိုသည့်အိုခြင်းမှာ လူ့အသက်ကို ဆစ်ပိုင်းပါကအကျပိုင်းရောက်သည့်အရွယ်လွန်ကာလ သေခါနီးကာလကိုဆိုလိုပါသည်။အဒ္ဓဂတဟူသော အိုခြင်းမှာအစိုးရအဆက်ဆက် ပြောင်းလဲနေပါသော်လည်းသက်တော်ရှည်ဘိုးဘိုးကြီးမျိုးကိုဆိုလိုပါသည်။

ရှေးခေတ်က မိဘုရား ဖွားစောကဲ့သို့သော ဘုရင်မကြီးများကိုဆိုလိုပါသည်။ ယခုခေတ် ဗြိတိသျှဘုရင်မကြီး အယ်လီဇဘက် လိုမျိုး ဖြစ်ပါသည်။ ၀ယောနုပ္ပတ္တအိုခြင်းဆိုသည်မှာ ကိုယ့်ကိုယ်မှ မသယ်နိုင်နိုင်သဖြင့် သာခွေယိုင်ဖြစ်နေသောအရွယ်လွန်ရွေ့ရှား ဇရာအရင့်သမားကြီးများကို ဆိုလိုပါသည်။ ဤနည်းအပြင် ထိုပါရာဇိကကဏ္ဍအဋ္ဌကထာ ပထမအုပ်၊ စာမျက်နှာ (၁၀၃) တွင်ပင် အိုခြင်းကို တစ်ခြားနည်းဖြင့်လည်း ဖွင့်ပြပါသေးသည်။ ယခုဖေါ်ပြ မည့် ဝေရဉ္စပုဏ္ဏားကြီး သည်အိုခြင်း၏ ဂုဏ်မျိုးစုံကိုပိုင်ဆိုင်ခဲ့သူ ဖြစ်ပေသည်။

သို့အတွက်ကြောင့်ပင် ထိုအိုခြင်းကို အမှီပြု၍မြတ်စွာဘုရားရှင် အပေါ်တွင် အထက်စီးမှကြည့်ပြီးမေးခွန်းကိုမေးမြန်းခဲ့သူဖြစ်ပါသည်။ ပထမတွင် အသက်ကြီးသူကို ခရီးဦးကြိုဆိုမှုကို မပြုလုပ်သူ၊နေရာထိုင်ခင်းကို မစီမံပေးသူသည်လောက၀တ်နှင့် မပြည့်စုံဟု ယူဆသူဖြစ်ပါသည်။ အသက်ငယ်သော ဘုရားရှင်ကိုလည်းလောက၀တ်ကိုဆောင်ရွက်စေချင်သူဖြစ်ပါသည်။ တည့်တည့် ပြောရပါက သူသည် အရိုအသေပြုမှုကို ခံယူလိုသူဖြစ်ပါသည်။မြတ်စွာဘုရားရှင်က သူသည် တလောက လုံးတွင် အမြတ်ဆုံးဖြစ်တော်မူပေရာ သူအရိုအသေပြုရမည့်သူမှာ လူပုဂ္ဂိုလ်မဟုတ် ဓမ္မသာ လျှင် ဖြစ်ပေသည်။ လူပုဂ္ဂိုလ်ကို အရိုအသေပြုပါကလည်း အရိုအသေပြုခံ ထိုလူသားမှာ ဦးခေါင်းခုနှစ်စိပ် ကွဲသွား မည်ဖြစ်ပါသည်။ ယခုလို ဘုရားဖြစ်မှသာ တလောကလုံးတွင် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည် မဟုတ်သေး၊မွေးဖွါးခါစကပင် အရိယာဗြဟ္မာများက သူ့ကို ကြိုဆို ခဲ့ကြသည်။ သူကိုယ်တိုင် လည်းလောကတွင် အမြတ်ဆုံးသူဖြစ်ကြောင်းကြေငြာခဲ့ပါသည်။ ယခုခေတ်တွင်ခေတ်လူများက သံသယ ပွါးကြပါမည်လား စဉ်းစားမိပါသည်။ ယခုခေတ်တွင်လည်း ဘုရင်နွယ်မှမွေးဖွါးလာသူ မင်းသား၊ မင်သမီးများ ကိုတော်ဝင်နွယ်အဖြစ် အသိအမှတ်ပြုလေးစားခံနေရသည်ကို သတိပြုမိပါက ဘုရားလောင်းကိုလောကတွင် အမြတ်ဆုံးဖြစ်ကြောင်းလောကရှိ လူသားအများစုက လက်ခံခဲ့ကြသည်မှာ ယုံမှားစရာမရှိပါပေ။ ထိုခေတ်က ဘုရားအလောင်းတော်ကို သာမန်လူသား အဖြစ် မြင်ခဲ့ကြသူတွေလည်း အများအပြားပင် ရှိခဲ့ပါသည်။လောကုတ္တရာအမြင်နှင့် ကြည့်ပါမူမြတ်စွာ ဘုရားရှင် ကမွေးဖွါးခြင်းဖြင့်မြင့်မြတ်သူမဟုတ်ကြောင်းအကျင့်သိက္ခာဖြင့်ပင်လူ့တန်ဖိုးကိုဆုံးဖြတ်ရမည်ဖြစ်ကြောင်းဟောတော်မူ ခဲ့ပါသည်။ ပုဏ္ဏားနှင့်တွေ့နေသော ယခုအချိန်တွင်မွေးဖွါးခြင်းဂုဏ်၊ အကျင့်သိက္ခာ တန်ဖိုး အားဖြင့် မြတ်စွာဘုရားရှင်ကို ကြည်ညိုနိုင်ကြပေသည်။ မကြည်ညိုနိုင်သူ ပုဏ္ဏားကြီးသည် အိုခြင်းကို လိုရင်းရောက်အောင် အသုံးမပြုဘဲ အတ္တပေါ်မူတည်ပြီး သာယာမှုအပေါ်အခြေခံ အသုံးချ ခဲ့သူ ဖြစ်ခဲ့သည့်အပြင် ဘုရားရှင်အပေါ် ဆဲရေးခြင်း ရှစ်မျိုးကိုပင် ထည့်စွက်ပြီး အကုသိုလ်ရိက္ခာကို ထုပ်ပိုးခဲ့ပေသည်။ အိုခြင်းအပေါ်တွင် အား အဖြစ်ရှုမြင်ပြီး တရားဖက်တွင် အချိန်ပေးပါက ဘ၀သာယာ နိုင်ပေသည်။

ပုဏ္ဏားသည် သူ့အားအလေးမပြုသော ဘုရားရှင်ကို အရသာကို မခံစားတတ်သူ (နားမလည်သူ)၊ မသုံးဆောင်တတ်သူ ( လူစလူနတုံးသူ) လူဖျင်းလူအ၊ မသိနားမလည်သူ၊ ရွံစရာလူ၊ စည်းကမ်းမရှိသူ၊ ကိုယ်ကျင့်တရားမရှိသူ၊ သန္ဓေညံ့သူဟူသော စွပ်စွဲချက်များဖြင့် တိုက်ခိုက်ခဲ့ပါသည်။ ပုဏ္ဏားတိုက်ခိုက်သော ထိုလက်နက်ကို အသုံးပြု၍ပင် ထပ်တူညီစကားလုံးကိုကောင်းသောဖက်သို့ ဦးတည်ပေးခဲ့ပါသည်။လောကတွင် ရဟန်းတော်များအတွက်ငွေသည် ရန်သူဟု ဆိုပါသော်လည်း ထိုငွေကို ကုသိုလ်ရစရာနေရာများတွင် အသုံးပြုခြင်းမျိုးဖြစ်ပါ သည်။မြွေဆိပ်သည် သုံးတတ်သူ အတွက်ဆေးဖြစ်ပြီးအကိုက်ခံရသူအတွက် ဘေးဖြစ်ပါသည်။ လောကတွင် ကောင်းဆိုးနှစ်တန် လောကဓံ

ကိုဘေးမဖြစ်စေဘဲ ဆေးဖြစ်အောင် အသုံးချမှသာလျှင် သတ္တိရှင် ပီသကြပေမည်။ အဋ္ဌကထာဆရာကမူ ဘုရားသခင် ၏လောကဓံရားတွေကြောင့် တုန်လှုပ်မှု မရှိပုံ ၊မြေကြီးပမာ သည်းခံတတ်သည့် အခြင်းအရာ ကိုပြသသည်ဟု ဆိုပါသည်။မြေကြီးသည် လူဆိုး သူခိုးကိုဖြစ်စေ၊ သူတော်စင်ကိုဖြစ်စေ ခွဲခြားမှုမရှိ သူအပေါ်တွင် သွားလာခွင့်ပြုပါခြင်းဖြင့် တာဝန်ကို ထမ်းရွက်ပါသည်။ အညစ်ကြေးစွန့်သူ နံ့သာေ ရလောင်းချ သူတို့ အပေါ်တွင်လည်း အတူတူသာ ဖြစ်ပါသည်။

ထိုသို့အသုံးပြုပြီးလျင်တစ်ဆက်တည်းပင်ဥပမာဖြင့်ထိုပုဏ္ဏားကို မေးခွန်းထုတ်ခဲ့ပေသည်။ဘုရား

ရှင်မေးတော်မူခဲ့သော မေးခွန်းမှာ စေ့စပ်သေချာလှပါသည်။ ရှစ်၊ တစ်ဆယ်၊ ဆယ့်နှစ်အရေအတွက် ရှိသော ကြက်ဥများကို ဥသောကြက်မ တစ်ကောင်သည် အောက်ပါအရည်အချင်း သုံးရပ်ကြောင့် ကြက်ငယ်လေးများ ပေါက်ဖွား ပေးပေမည်။ ဥထုတ်လိုက်သော ကြက်ဥ၏ အပေါ်တွင် ကောင်းမွန်စွာ ကြက်တောင်ပံကို ဖြန့်ပေးခြင်း။ (တောင်ပံကို ဖြန့်ပေးသဖြင့် ပျော့စိစိ ကြက်ဥလေး မပုပ်သိုးတော့ပါ။) ကြက်ဥကို မပုပ်သိုးရုံတွင် မလုံလောက်သေး ကြက်ဥတစ်လုံး လုံးကို ဘက်စုံအပူလည်း ပေးရပါသည်။ ကြက်၏ အပူဓာတ် ဖြန့်ပေးရပါသည်။ အပူဓာတ် မရှိပါက ပျော့စိစိကြက်ဥမှာ မာကြောလာနိုင်မည် မဟုတ်ပေ။ ထို့နောက်ကြက်တစ်ကောင်လည်းမဖြစ်လာနိုင်ပါ။ ထို့ပြင် အလင်းဓာတ်ကို လည်း ပေးရ ပါသေးသည်၊ အလင်းဓာတ်တွင် ကြက်ရနံ့ကိုပါ ထုံစေရပါသည်။ ဤအလုပ်သုံးမျိုးပြည့်စုံမှ ကြက်ပေါက်လေးတစ်ကောင်ဖြစ်လာပါမည်။ ထိုအခါတွင် ပထမဆုံးပေါက်လာသော ကြက်သည် အကြီးဆုံးဖြစ်ပါသည်။ ထိုကြက်သည် ခြေထောက် နှစ်ချောင်းရှိပုံမှာ လူသားနှင့် အတူတူပင် ဖြစ်ပါသည်။ ကြက်တစ်ကောင်ဖြစ်လာဖို့အရေးမှာ တစ်ဘ၀တွင်နှစ်ခါမွေးရပါသည်။ ထို့ကြောင့်ပင် ကြက်ကို ဒွိဇ သတ္တ၀ါဟုခေါ်ရပါသည်။ ပထမတစ်ကြိမ်မှာ မိခင်၏ ၀မ်းဗိုက်မှဖြစ်ပါသည်။ ဒုတိယတစ်ခါမှာ မာကြောလှသော ကြက်ဥခွံမှဖြစ်ပါသည်။

လူသားသည်လည်းနှစ်ခါမွေးမှ လူလားမြောက်သည်ဟု ဆိုရပါမည်။ မိဘများမှ တစ်ကြိမ်မွေးပေး ရပါသည်။ ဆရားသမားများမှ တစ်ကြိမ် မွေးပေးရပါသည်။ မိဘ၏ အရိပ်ထက် ဆရာသမား၏ အရိပ်က ပိုပြီးအေးမြရခြင်းမှာ လူ့လောကတွင် လူရာသူရာဝင်အောင်၊ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ဆရာသမားများကပြု စုပေး ရသောကြောင့်ဖြစ်ပါသည်။ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက ဆရာမရှိ ဘာမှ မသိဟု စာရေးသူအားပြောဆိုဖူး ပါသည်။ ဘုရားရှင်သည်ပင် လူနတ်တို့၏ ဆရာဟု ဂုဏ်တော်ကိုး ပါးတွင် ဆရာဘွဲ့ကို ခံယူတော်မူရခြင်းမှာ ဆရာသမား၏ ရပ်တည်မှုဘ၀ကို အရေး ပါကြောင်းပြသရာရောက် ပါသည်။ ဤနည်း အားဖြင့် လူသည်လောကတွင်နှစ်ကြိမ်မွေးဖွား ရပေသည်။နှစ်ကြိမ်မွေးဖွားသည့် နည်းမှာလောကီ၊လောကုတ္တရာ အားဖြင့်နှစ်နည်းရှိပါသည်။ နိဗ္ဗာန်နှင့် မဆိုင်လောကကြီးပွါးရေးသက်သက်မျှ ဆရာကမွေးဖွားပေးခြင်းက တစ်နည်း ၊လောကချမ်း သာရော၊လောကလွန်ချမ်းသာပါပေးစွမ်းနိုင်သော ဘုရားရှင်ဆရာ၏မွေးဖွားနည်းက တစ်မျိုးအားဖြင့် ခွဲခြားသိရပါမည်။နှစ်မျိုးစလုံးတွင် ဥာဏ်ပညာသည် အရေးကြီးပါ သည်။လောကီဥာဏ်၊လောကုတ္တရာ ဥာဏ်ဟုခွဲခြားရပါသည်။ လောကီဥာဏ်သည် တစ်ဘ၀တစ်နပ်စာမျှသာ အရေးပါပြီးမေတ္တာရှင်၊ ကရုဏာရှင် ဆရာသမားတို့ကထောက်ပံ့ပေးပါသည်။လောကုတ္တရာ ဥာဏ်ကိုမူ မဟာကရုဏာရှင် သဗ္ဗညုဘုရားရှင်က ပေးပြီး တစ်ဘ၀တစ်နပ်စာမျှသာမက သံသရာ အဆက်ဆက်ထိ ကျေးဇူးပြုပါသည်။

ငွေတောင်တောရ (၇၅)နှစ်ပြည့်မြောက်နှစ်ပါတ်လည်စာအုပ်တွင် ကြီးမားသော အဆောက် အဦးများကို လူအားဖြင့် တည်ဆောက်သည် မဟုတ် ဥာဏ်အားဖြင့် တည်ဆောက်ကြသည်ဟု သီတဂူ ဆရာတော်ကြီးရေးသားသောဆောင်းပါးကို သတိရမိပါသည်။ ထိုအဆိုမှန်ကန်ကြောင်း ၂၀၀၇ခုနှစ် ဇူလိုင်လ စာရေးသူ၏ ငါးလနှင့် သုံးရက်ကြာ အမေရိကခရီးစဉ်တွင် အမေရိကရှိ နယူးယောက်ရှိ အမြင့်ဆုံး အဆောက်အဦး (၈၁) ထပ်တိတိ တက်ခဲ့စဉ်က အတည်ပြုမိပါသည်။စောစောပိုင်းက ဖတ်မှတ်ရုံမျှသာ ရှိခဲ့ပြီး နှစ်ပေါင်း (၁၀) နှစ်ကျော် ကြာမှ တိတိ ကျကျ အတည်ဟု မှတ်ယူခဲ့ပါသည်။ စာရေးသူရောက်ချိန်တွင် တွင်တာဝါနှစ်ခု မရှိတော့ပြီ။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ (၁၁) ရက်နေ့က မြေသို့ ခခဲ့လေပြီ။

ကြက်ဥ ဥပမာကိုပြန်လည်ကောက်ယူရမည်ဆိုပါလျှင် ပုဏ္ဏားကြီးကိုမေးခဲ့သောမေးခွန်းတွင် ပထမဆုံးမွေးလာသောကြက်သည် အကြီးဆုံးဖြစ်သည်ဟုနှစ်ဖက်လုံးမှ အတည်ပြုကြသော အဖြေကို ရရှိခဲ့ပါသည်။ ဤနည်းတူပင် လူသားများသည် (အ၀ိဇ္ဇာအဏ္ဍကောသ) တည်းဟူသော အ၀ိဇ္ဇာဥခွံ၏ အတွင်းဝယ် လုံးချာလည်နေကြပါသည်။ သစ္စာမသိသဖြင့် လည်နေကြပါသည်။ ကြက်ကလေးပေါက်စေ ရန် အရည်အချင်း သုံးရပ် လိုအပ်သလိုပင် သစ္စာသိပြီး အ၀ိဇ္ဇာဥခွံအတွင်းမှ ရုန်းထွက်နိုင်ရန်လည်း အရည်အချင်းသုံးရပ်လို ပါသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အမြင်မှန်လိုပါသည်။ ဒုတိယအနေဖြင့် ၀ိပဿနာ ဥာဏ်ရှိရပါမည်။ တတိယ အနေဖြင့် အရဟတ္တမဂ်ဥာဏ်ရှိရပါမည်။ အရဟတ္တမဂ် ဥာဏ်ရပါကမွေးဖွားလာပါပြီ၊လောကုတ္တရာ အဘိဥာဉ်ဖြင့် အ၀ိဇ္ဇာဥခွံကို ခွဲရပါသည်ဟု သာရတ္တဒီပနီ ဋီကာ ပတွဲ၊ စာမျက်နှာ (၃၅၇) တွင်ဆိုထားပြီး တစ်ချို့ ပါဠိများတွင် အဘိဥာဉ်ခြောက်ပါးဖြင့် အ၀ိဇ္ဇာဥခွံကို ခွဲ၏ဟုရေးသားထားသည်များလည်းရှိနေပါသည်။ ထိုအရေး အသားသည် မှားနေပါသည် ဟုလည်း သာရတ္ထဒီပနီဋီကာ ဆရာကထောက်ပြထားပါသည်။ အနှစ်ချုပ်အားဖြင့် ဤသုံးပါးသည် ဘုရားရှင်ဆရာကပေးသောလောကုတ္တရာဥာဏ်များဖြစ်ပါသည်။ နိဗ္ဗာန် အဆောက်အဦးကို ဤဥာဏ် များဖြင့်သွားကြ ရပါမည်။

လောကသားများအတွက်မူ ကြက်မက ဥမပုပ်သိုးအောင် ကြက်တောင်ပံဖြန့်သကဲ့သို့ စိတ်ကောင်းစေတနာကောင်းများ လူသားအားလုံးအပေါ်တွင်ဖြန့်ရပါမည်။ လူမျိုးစွဲကင်း၊ ဘာသာစွဲ ရှင်းပြီးလောက သားအားလုံးကို အတူတူပင် ထားရပါမည်။ ကြက်မက သူ၏ အငွေ့ကိုပြန့်နှ့ံအောင်ဖြန့်ပြီး ကြက်ဥ မာသွားအောင်ဆောင်ရွက်သည့်နည်းတူ မိမိ၏မေတ္တကရုဏာ စွမ်းအားကို အတိုင်းမသိ ကျယ်ပြန့်အောင်ဖြန့်ပြီး စိတ်ဓာတ်ကို ခိုင်မာစေရမည်။ ကြက်မက ကြက်ငွေ့ ကို တောင်ပံအနှံ့မှ ဖြန့်ပြီးပေးသဖြင့် အလင်းမှ အနံ့သယ်ယူသလိုပင် မိမိ၏ သီလရနံ့၊ သမာဓိရနံ့၊ ပညာရနံ့များကို မိမိအပါဝင် အားလုံးအပေါ်ပြန့်နှံ့စေပြီး သစ္စာအလင်းဓာတ်ကို ရရှိစေရပေမည်။ ဤတာ ၀န်ပြည့်စုံပြီဆိုပါကလူသည်လည်းနှစ်ခါမက သုံးခါမွေးပြီး အ၀ိဇ္ဇာဥခွံကို ခွဲနိုင်ပါပြီ၊ ဤသို့ ဆိုပါ လျှင်လောကတွင်ဘုရားရှင်ပွင့်တော်မူရကျိုးလည်းနပ်ပါပြီ။လောကရှိကြမွေးနေ့ရှင်များ အား လုံးနှစ် ကြိမ်မွေးဖွားသူ များဖြစ်ကြပြီး လောကသမိုင်းကိုရေးထိုးနိုင်ကြပါစေ။ ဤဆောင်းပါးကိုရေးဖြစ်ရန် တိုက်တွန်း ကြသောတောင်ကိုရီးယားနိုင်ငံ ဆိုလ်တက္ကသိုလ်မှ ပါရဂူဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့များအတွက် ကြိုးစားနေကြသော မောင်အောင်မျိုးသူနှင့် မောင်မျိုးသန်းထွန်းတို့၏ စေတနာကောင်းကို သာဓု ခေါ်ပြီး မှတ်တမ်း တင်အပ်ပါသည်။

ဆောင်းပါးမှတ်စု၊

၁။ ပါရာဇိကကဏ္ဍပါဠိတော် အဋ္ဌကထာ၊

၂။ သာရတ္တဒီပနီဋီကာ

၃။ လောကနီတိ၊



ဆရာတော် ဒေါက်တာအရှင်နန္ဒက၊
http://www.dhammadoctor.com

ဓမ္မဒူတကျောင်း၊ဘူဖျောင်းရပ်ကွက်၊

တောင်ကိုရီးယားနိုင်င၊ံ

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...