Thursday, July 7, 2011

သတ္တိဆိုတာ….

တစ်လောတုန်းက စာရေးသူ၏နယ်မှကောင်မလေးတစ်ယောက်ရောက်လာ၏။ စာရေးသူ၏ဖုံးနံပါတ်ကိုသိသဖြင့် စာရေးသူဆီဖုန်းခေါ်ပြီး ကျောင်းကိုလာလည်မည်ပြောရာ မိမိအားသောအချိန်ကိုပြောကာ ထိုအချိန်လာခဲ့ပါ ညစာအတူစားတာပေါ့ဟုပြော၍ ညစာလိုက်ကျွေးလိုက်သည်။ ကိုရီးယားသို့ လာရောက်ပြီး မိမိနယ်မှလူနှင့်လည်းတွေ့ရသဖြင့် လွန်စွာပျော်နေပုံပေါ်၏။ စာရေးသူကျောင်းစတက်ကာစက မြို့ပေါ်သို့စတင်ရောက်ရှိခြင်းဖြစ်သဖြင့် မိမိမြို့မှတစ်ယောက်ယောက်နှင့်တွေ့ပါက ထိုအချိန်တုန်းကလွန်စွာ ၀မ်းမြောက်တတ်၏။ သူမအဖြစ်ကိုလည်း မိမိနှင့်နှိုင်းယှဉ်ကာ နားလည်လိုက်၏။ ကောင်မလေးက အစိုးရဌာနတစ်ခုမှ ၀န်ထမ်းငယ်လေးဖြစ်၏။ တစ်နှစ်အစီအစဉ်ဖြင့် ဒီမှာသင်တန်းလာတက်ခွင့်ကို ၀န်ကြီးဌာနမှစီစဉ်ပေးသဖြင့် လာရောက်ခြင်းဖြစ်၏။

ကောင်မလေးသည် သွက်လက်ချက်ချာ၏။ အထူးသဖြင့် ခုမှရောက်ကာစပင်ရှိသေးသော်လည်း မြေအောက်ရထားများစီးကာ ဟိုသွားဒီသွား သွားရဲလေ၏။ စာရေးသူဆိုလျှင် တော်တော်နှင့် မိမိကိုယ်ကို တစ်ကိုယ်တည်း မသွားဖြစ်ခဲ့။ ကိုယ့်အပေါ် မိဘသဖွယ်စောင့်ရှောက်သော ဒီမှာအလုပ်လုပ်နေသော ဦးလေးများက ဂရုတစိုက်သွားလေရာ လိုက်ပို့ပေးနေခြင်းကလည်း တစ်ယောက်တည်း မထွက်ဖြစ်ခြင်း၏ အကြောင်းတစ်ခုပင်။သို့နှင့် လိုတာရှိပြောပါ အကိုတတ်နိုင်သမျှလုပ်ပေးပါမည်ဟုပြောကာ သူမအားဘူတာသို့လိုက်ပို့လိုက်၏။ စာရေးသူသည် စနေနှင့်တနင်္ဂနွေနေ့များတွင် မြန်မာဘုန်းကြီးကျောင်းသို့သွားလေ့ရှိ၏။ တစ်နေ့တွင် သူမအားလိုက်လိုက သူမ၏ကျောင်းဘက်သို့ဝင်ခေါ်ကာ အတူသွားကြစို့ဟုခေါ်မိလေ၏။ ထိုအခါ သူမပြန်ပြောသောစကားကြောင့် စာရေးသူမှာ လွန်စွာစိတ်ထိခိုက်မိလေ၏။ ထိုနေရာသို့ မသွားသင့်ကြောင်းသူမအား ပြောသောသူများရှိကြောင်း။ ထိုနေရာသည် နိုင်ငံရေးသမားများနှင့် တွေ့ဆုံနိုင်သဖြင့် အန္တရာယ်ရှိကြောင်း ပြောလာလေ၏။ မိမိကိုယ်ပင် သတိထားဖို့ သူမကပြောလိုက်သေး၏။ နောင်စာရေးသူ၏အလှူကိုပင် လာရောက်ခဲ့ခြင်းမရှိပေ။ ကြောက်စိတ်ကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဘုန်းကြီးကျောင်းသို့ပင်မလာရဲသောအဖြစ်သည် အလွန်ပင်ဝမ်းနည်းစရာကောင်းလေ၏။

ယင်းမြန်မာဘုန်းကြီးကျောင်းရှိသောနေရာသည် မြန်မာဆိုင် လေးငါးဆိုင်ခန့်ရှိကာ မြန်မာအများ ကျက်စားရာနေရာ ဖြစ်သည်။ ကိုရီးယားတစ်နိုင်ငံလုံးပေါင်းမှ မြန်မာသုံးလေးထောင်ခန့်သာရှိသဖြင် ဘုန်းတော်ကြီးကျောင်းရှိရာ ထိုအရပ်ကလေးသည် မြန်မာငတ်သောပရိသတ်အတွက် နိဗ္ဗာန်ဘုံလေးပင်။ မြန်မာစုံသောနေရာအတွက် လူမျိုးပေါင်းစုံရှိနေသည်ကတော့ မဆန်းပေ။ ထိုနေရာသည် မိမိအတွက် တစ်ကယ်ပင် အန္တရာယ်ရှိသလား။ ကြောက်သည်ဆိုသော် အဘယ်အရာကိုကြောက်တာပါလဲ။ ထိုနေရာသို့ ဥဒဟိုသွားလာနေသောသူများရှိ၏။ အဘယ်ကြောင့်ထိုသူများသွားလာနေသနည်း။ အန္တရာယ်မရှိ၍လော မသိ၍လော။ အနည်းငယ်မျှ ဥာဏ်နှင့်ယှဉ်ကာစဉ်းစားက အဖြေထွက်ပါသည်။ မိမိအကျိုးစီးပွားထိခိုက်မည်ဆိုပါက မျက်စိစုံမှိတ်ကာကြောက်တတ်သောစိတ်သည် ကောင်းသောစိတ်ထားမဟုတ်ပေ။ လူငယ်မျိုးဆက်သစ်များအနေနှင့် ယခုကဲ့သို့ ပွင့်လင်းလာသော အင်တာနက်နည်းပညာခေတ်ကြီးထဲတွင်နေကာ ခေတ်နောက်ဆွဲသော မျက်စိစုံမှိတ်ကာ အလွယ်တကူလက်သင့်ခံတတ်သောစိတ်ထားမျိုးမမွေးသင့်ပေ။

လူ့အခွင့်အရေး၊ စားသုံးသူအခွင့်အရေး..စသည်ဖြင့် မိမိတို့ရသင့်သော အခွင့်အရေးများကို တောင်းဆိုယူရသော၊ တောင်းဆိုယူနိုင်သော ယနေ့ဒီမိုကရေစီခေတ်ကြီးတွင် ကြောက်ရွံ့မနေပဲ သတ္တိရှိရှိ သွားစရာရှိတာသွား၊ လုပ်စရာရှိတာလုပ်၊ ပြောစရာရှိတာပြောဆိုတတ်သော အပြုသဘောဆောင်သော အကျင့်ကောင်းများကို မွေးမြူသင့်ပေသည်။ လုပ်ရဲကိုင်ရဲပြောရဲဆိုရဲဖို့ သတ္တိလို၏။ လွတ်လွတ်လပ်လပ်တွေးခေါ်ရဲဖို့သတ္တိလို၏။ ရိုးသားဖို့ပင် မလွယ်ကူပေ။ သတ္တိကောင်းမှသာလျှင် ရိုးသား၍ရ၏။ တော်ရုံဒဏ်ခံနိုင်ရုံနှင့် ရိုးသား၍မရပေ။

တုန်းတိုက်တိုက်ကျားကိုက်ကိုက် လုပ်လိုက်မည်ဟူသောစိတ်သည်လည်း သတ္တိမဟုတ်ပေ။ လောကကြီးသည် တုန်းနှင့်ကျားနှစ်မျိုးတည်းရှိသည်မဟုတ်။ ယနေ့ကဲ့သို့ ယဉ်ကျေးမှုပေါင်းစုံ ကူးလူးစက်ယှက်နေသောခေတ်ကြီးတွင် ထည့်သွင်းစဉ်းစားစရာတွေက သာ၍များသေး၏။ တကယ်တော့ သတ္တိဆိုသည်မှာ ကြောက်သင့်တာကိုကြောက် မကြောက်သင့်တာကို မကြောက်သောအခြင်းအရာကိုခေါ်ခြင်းဖြစ်၏။ သို့ဆိုလျှင် ဘယ်အရာက ကြောက်သင့်သည် ဘယ်အရာကမကြောက်သင့်သောအရာဖြစ်သည်ကို ခွဲခြားနိုင်စွမ်းသောအသိပညာလိုအပ်လာ၏။ ဤတွင် သတ္တိဆိုသောအရာသည် ဥာဏ်နှင့်ယှဉ်တွဲနေသောအရာဖြစ်ကြောင်းထင်ရှားလာ၏။ အသိပညာထက်မြက်လေ မိမိ၏ဆင်ခြင်တုံတရားမြင့်မားလေဖြစ်၏။ ထို့အတူ ထိုဆင်ခြင်တုံတရား(ဥာဏ်)နှင့်ဆက်စပ်လျှက်ရှိသော သတ္တိသည်လည်း အရာင်အသွေးပြောင်လာပေလိမ့်မည်။

သမိုင်းစာမျက်နှာများကို ပြန်ကြည့်ပါကလည်း အသိပညာချို့တဲ့သောကြောင့် မိမိတို့ခေါင်းဆောင်များ အကြွေမစောသင့်ပဲစောခဲ့ရလေသည်။ ရဲရဲတောက်မြန်မာ့စစ်သူကြီးမဟာဗန္ဓုလသာ ရန်သူတို့၏ အဝေးပစ်လက်နက်တို့အကြောင်း ကောင်းစွာသိပါက စစ်မြေပြင်တစ်ခွင် ထီးဖြူဆောင်းလှည့်လည်ဖြစ်မည်မဟုတ်၍ ထိုမျှအကြွေမစောနိုင်ပေ။ ထို့ကြောင့် လုပ်ရဲကိုင်ရဲရှိရုံနှင့် မပြည့်စုံသေးပေ။ အခြေနေကို အမှန်အတိုင်းသိမြင်နိုင်သော မှန်ကန်သောအမြင်ရှိရန်လိုအပ်လေသည်။ ထိုမှန်ကန်သောအမြင်ရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ စာဖတ်ခြင်းဖြစ်လေ၏။ သမိုင်း၊ အထုပ္ပတ္တိအစရှိသည်တို့ကိုဖတ်ခြင်းဖြင့် တစ်ပါးသူတို့၏ အမှားများကို အလွယ်တကူတွေ့မြင်မှတ်သားနိုင်ခြင်း၊ နည်းပညာစာပေများဖတ်ရှုခြင်းဖြင့် ခေတ်ပေါ်ပညာရပ်များအကြောင်း သိရှိနိုင်ခြင်း၊ ရသစာပေများ ဖတ်ရှုခြင်းဖြင့် လူ့သဘောသဘာဝကို သိရှိနားလည်နိုင်ခြင်း၊ ကဗျာစာပေများဖတ်ရှုခံစားခြင်းဖြင့် စိတ်သဘောထားနူးညံ့သိမ်မွေ့စေခြင်း စသဖြင့်အကျိုးကျေးဇူးများ ရရှိစေပါသည်။ ထိုသို့ဘက်စုံထောင့်စုံမှ ဖြည့်တင်းထားသော ဥာဏ်ပညာဖြင့်သာ အခြေအနေမှန်ကိုသုံးသပ်နိုင်စွမ်းရှိကာ မှန်ကန်သောသတ္တိဖြင့် စိန်ခေါ်မှုများသော ယနေ့ခေတ်ကြီးထဲတွင်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း စေတနာရှေ့ထားတင်ပြလိုက်ရပါတယ်။

မောင်မျိုး(စက်မှု)

1 comment:

  1. သတ္တိ ရှိသင့်တာမျိုးမှာ မရှိကြဘဲ မရှိသင့်တဲ့ နေရာတွေမှာ ရှိနေကြတာ၊ Risk မယူသင့်တဲ့ နေရာမှာယူနေကြပြီ Risk ယူသင့်တဲ့ နေရာမှာ မယူကြတာ.. လူငယ်တွေမှာ ပြင်စရာ အများကြီး ဖြစ်နေကြပြီ။.... ကိုယ်ကိုကိုယ်တိုင်လည်း ပြင်ဆင်ရင်း လက်တွဲခေါ်ချင်တယ်.. သူများ ပြင်နေတာ တွေ့ရင်လည်း အားကျ အတုယူမိတယ်..

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...