Thursday, September 1, 2011

“နေရာမှားသော ပင်မြင့်သဇင်”



တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့နှင့်အလှမ်းဝေးလှသော လယ်စိုက်ခင်းများရှိရာ မြို့စွန်တစ်နေရာတွင် မီးများထိန်ထိန်လင်းနေသော အဆောက်အဦးကြီးတစ်ခုရှိလေသည်။ အုံ့အုံ့ဆိုင်းဆိုင်း မှုံမှုံမှိုင်းမှိုင်း တောအုပ်ကလေးထဲတွင် ထိုအဆောက်အဦးကို အဝေးကမြင်ရသည်မှာ ထိုတောအုပ်ထဲတွင် တောလိုက်ရင်းမီးလှုံနေကြသော လူတစ်စုရှိနေသလိုလိုပင်။ ထိုစက်ရုံကလေးသို့ သွားရောက်လိုပါလျှင်မူ အချိန်အတော်ပင်ပေးရလေသည်။ မြို့ပေါ်မှ မြေအောက်ရထား ၁ နာရီခွဲခန့်စီး၊ ထိုမှတဆင့် ဘတ်စ်ကားကို ၄၅ မိနစ်ခန့်စီးကာသွားရလေသည်။ ထိုစက်ရုံနှင့်အနီးဆုံး မှတ်တိုင်ရောက်ပါက ဆင်းကာ မိနစ် ၂၀ ခန့် ဆက်၍လမ်းလျှောက်ရပြန်သေးသည်။ ကိုရီးယားဆိုသော်လည်း ကိုရီးယားနှင့်လားလားမှမဆိုင်သည့်နှယ် ဤနေရာမှာ လူသူကင်းဝေး၍ ကြမ်းတမ်းလှပေသည်။ ထိုကဲ့သို့သောစက်ရုံများတွင် ပြည်ပမှအလုပ်သမားများကိုသာ အဓိကထားခိုင်းလေ့ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် အသက်အန္တရာယ်နှင့်နီးကပ်သော၊ လူကိုထိခိုက်စေနိုင်သော ဓာတုဆေးဝါးများနှင့် ထိတွေ့ရသောလုပ်ငန်းများဖြစ်သောကြောင့်ဖြစ်လေသည်။

ထို…. လူသူမနီးလှသော စက်ရုံကြီးထဲတွင် မြန်မာပြည်မှ လာရောက်လုပ်ကိုင်နေသော ကိုကြည်နိုင်ဆိုသော အသက် ၃၅ နှစ်အရွယ် လူရွယ်တစ်ယောက်ရှိလေသည်။ တခြားမြန်မာအလုပ်သမားများမှာ ပင်ပန်းမှုဒဏ်၊ အလုပ်သမားခေါင်း၏ အဆဲအဆိုဒဏ်တို့ကို မခံနိုင်၍ ပြောင်းရွှေ့သွားကြသော်လည်း မိခင်အတွက်ငွေလိုနေသော ကိုကြည်နိုင်အဖို့တော့ ၀င်ငွေအနည်းငယ်ပိုသော ထိုစက်ရုံမှ မပြောင်းနိုင်ပေ။ ဆေးရုံပေါ်တွင် ငွေနှင့်အသက်ရှင်နေရသော မိခင်ကြီးသာလျှင် ကိုကြည်နိုင့်အတွက် အရေးအကြီးဆုံးပင်။ ကျန်တာတွေဘာမှ အရေးမကြီး။ မိမိကို ဆဲရေးကန်ကြောက်နေပါစေ..ကိုကြည်နိုင့်မျက်ဝန်းတွင်မိခင်ကိုသာ အစဉ်မြင်နေ၍ အရာရာကိုသီးခံနေလေသည်။ ဒီနေ့တော့ ကိုရီးယားရဲ့ဆောင်းကလည်း ရာသီဥတုဖောက်ပြန်မှုကြောင့်လားမသိ အထူးပင်အေးလွန်းနေ၏။ စက်ရုံထဲတွင် ပုံမှန်လွှတ်ထားသော အပူကိုပင်ထွင်းဖောက်ကာ အအေးဓာတ်က အသားထဲကို စိမ့်၍၀င်ရောက်နေ၏။

ဤရာသီဥတုအောက်တွင် ညဆိုင်းဆင်းနေသော ကိုကြည်နိုင်၏လက်များမှာ အအေးဒဏ်ကြောင့်လားမသိ ယခင်ရက်များက ခံစားရသည်ထက်ပင် ပို၍တဆစ်ဆစ် ကိုက်ခဲလာနေလေ၏။ ထိုလက်ချောင်းကလေးများကိုသာ အားပြုလုပ်ဆောင်ရသဖြင့် လက်ချောင်းကလေးများမှာ ရောင်ကိုင်းကာ တဆစ်ဆစ်ကိုက်ခဲနေသည်မှာ ကြာပြီဖြစ်လေသည်။ ကိုရီးယားစကားကလည်း ကောင်းကောင်းမပြောတတ်၊ ရောက်တာကလည်း မကြာသေးသဖြင့် ဘယ်နေရာတွင် ဘယ်လိုဆေးကုလျှင်ကောင်းမှန်းပင်မသိပေ။ ဆေးရုံဆေးခန်းများပေါသော်လည်း ဤနိုင်ငံတွင် ဆေးကုသပါက သက်သာမည်မဟုတ်။ တော်ကြာ မိမိဆေးကုလိုက်လို့ တစ်လခလောက်ကုန်သွား၍ အိမ်ကိုငွေမပို့နိုင်လျှင် ညီမလေးတွေနဲ့အမေ ဒုက္ခရောက်ပေမည်။ တလောက ဆိုလ်းမြို့ပေါ်ရောက်တုန်း မြန်မာဘုန်းတော်ကြီးကျောင်းတွင် အပ်စိုက်ကုသခြင်းကို ကိုရီးယားအပ်စိုက်ပညာရှင်များအသင်းက အခမဲ့ ဆောင်ရွက်ပေးနေသဖြင့် ၀မ်းသာအားရ အားကိုးတကြီး ၀င်ရောက်ပြသလိုက်သေး၏။ အနည်းငယ်သက်သာသလိုရှိ၍ နောက်တစ်ပါတ်သွားပြတော့ ဆရာဝန်က နောက်တစ်ဖွဲ့ဖြစ်ပြီး ကုထုံးကလည်းတစ်မျိုးပြောင်းသွားလေသည်။ အော်..အစစနိမ့်ကျတဲ့ ငါတို့ဘ၀ ဒီမှာလာပြီး အစမ်းသပ်ခံကြွက် ဖြစ်မှန်းမသိဖြစ်ရပြန်ပေါ့။ သူတို့လက်တွေ့ကွင်းဆင်းဖို့အရေး ငါတို့အသက်စတေးရမတဲ့လား။ ကိုယ့်မြန်မာတွေဘက်ကပဲ ညံ့ဖျင်းလို့လား၊ တစ်ကယ်ပင်စေတနာရှိကြသူတွေလား ဆက်တွေးမနေတော့ပါ။ ကိုယ်မကြိုက်တာ ကိုယ်မသွားရင်ပြီးတာပဲပေါ့။

ဆောင့်ကြောင့်ကလေးထိုင်ကာ နက်တိုင်ကလေးကို အရစ်တပ်ပေးနေသော ကိုကြည်နိုင်တစ်ယောက် မိမိကိုယ်ကို အခြေအနေမဟန်တော့မှန်းသိသဖြင့် နားဖို့ရန် လက်ထဲရှိ လက်ကျန်နက်ကလေးကို အမြန်ပြီးအောင် အပြီးသတ်အရစ်တပ်ဆင်လိုက်လေ၏။ ထို့နောက် ဘေးဘီဝဲယာကို တစ်ချက်ကြည့်ကာ ဂျာကင်ထဲတွင် ညှပ်ကာဝှက်ထည့်ထားသော ဆိုးဂျုပုလင်းလေးကို ဆတ်ကနဲထုတ်ကာ အသာမော့သောက်လိုက်၏။ ခုမှ နေသာသလိုလိုရှိသွားသည်။ ကိုက်ခဲနေသော လက်အစုံလည်း အရက်အရှိန်ကြောင့် ခပ်ထုံထုံဖြစ်သွားလေသည်။ ဤသည်မှာ ကိုကြည်နိုင် သူ့လက်ကိုက်ခဲခြင်းအတွက် မှီဝဲနေသော ဆေးပါလေ။ အရက်ကြောင့် ထုံကျင်သလိုရှိလာသဖြင့် အစောက ကိုက်ခဲနေသော လက်အစုံပြန်၍ လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်လာလေသည်။ အစုလိုက်အပုံလိုက်ဖြစ်နေသော လုပ်စရာများကိုကြည့်ကာ ကိုကြည်နိုင် သက်ပြင်းခပ်ရှည်ရှည်တစ်ချက် ချလိုက်လေသည်။ ထို့နောက် လုပ်စရာရှိသည်တို့ကို ဆေးလေးမှီဝဲလိုက် လုပ်လိုက်နှင့်သာနေလေတော့သည်။

ခုမှ သတိရသည်..ဒီနေ့မြန်မာ နှစ်ယောက် အလုပ်ဝင်မည်ပြောသည်။ သူတို့ကို နေရာထိုင်ခင်း ချထားပေးသော နေရာမှာဝေးသဖြင့် ကိုယ်လည်း ညဆိုင်းဆင်းနေသည်မို့ သွားမိတ်မဆက်ဖြစ်သေး။ ဘယ်သူတွေလဲမသိဘူး။ အသစ်ရောက်ကာစတွေဆိုတော့ လုပ်ငန်းအကြောင်းလည်းသိကြမှာမဟုတ်ဘူး။ ဒီည သူတို့အလုပ်မဆင်းတောင် လုပ်ငန်းခွင်ထဲဝင်ကြည့်ချင်ကြည့်နိုင်သည်။ ထိုသို့တွေးမိကာရှိသေး ခပ်လှမ်းလှမ်းမှ မြန်မာသံတွေကြားနေရပြီ။ သူတို့နှစ်ဦး၏အသံများကို ခန့်မှန်းကာ မိမိနှင့် မနီးမဝေးသို့ ရောက်ရှိလာပြီဟုအထင်ရောက်သောအခါ မိတ်ဆက်ရန် ကျောပေးထားသော အနေအထားမှ ကိုကြည်နိုင် တဖြည်းဖြည်းထကာ တဖက်သို့လှည့်လိုက်လျှင်

“ဟာ…………………………….ဆရာ……………….!”

ဘ၀မှာ သူအမြတ်နိုးဆုံးအသံတစ်ခုကို ထင်မှတ်မထားသောအချိန်တွင် ကြားလိုက်ရသဖြင့် ကိုကြည်နိုင့်တစ်ကိုယ်လုံး အနွေးဓာတ်ကြက်သီးဖြန်းတို့ လျှပ်စီးနဲ့တို့လိုက်သလို တဖြန်းဖြန်းစီးဝင်သွားလေသည်။ထို့နောက်တုန်ရီနေသော အသံတို့ဖြင့်

“ဟာ…..သန်းအောင်နဲ့ကျော်မောင် ……မင်း..မင်းတို့ ဒီကိုရောက်လာတာပေါ့ဟုတ်လား.. ဟာကွာ.. ၀မ်းသာလိုက်တာကွာ”

ဝမ်းသာတယ်ဟုဆိုလိုက်သော်လည်း တကယ်တော့ ကိုကြည်နိုင်တစ်ယောက် ၀မ်းသာဝမ်းနည်းဖြစ်နေတာပါ။ သူနှင့်တပည့်တော်ခဲ့ဖူးသော ဒီနှစ်ယောက်ကို ရောက်ကာစရှိသေး၍ စိတ်ညစ်စရာများ မပြောချင်ပေ။ သူတို့တွေစသိကြတုန်းက ကိုကြည်နိုင်က ကွန်ပြူတာတက္ကသိုလ်က မဟာဘွဲ့ပြီးကာစ၊ အပြင်ကွန်ပြူတာ Certificate ကလည်း နှစ်ခုလောက်ရထားလေတော့ ရန်ကုန်ရှိ နာမည်ကြီးကွန်ပြူတာစင်တာမှာ နည်းပြကလေးဝင်လုပ်သည်ပေါ့။အဲ့ဒီမှာ သူတို့နှစ်ယောက်လာတက်တုန်းက ဆရာတပည့်တော်ခဲ့ကြတာပါ။ အပြင်ကျောင်းမှာ ခနတာဆုံခဲ့ကြသော်လည်း နောင်ဘယ်မှာပြန်တွေ့တွေ့ ဆရာ ဟု အမြတ်တနိုးခေါ်လေ့ရှိသော မြန်မာတို့ရဲ့ဓလေ့လေးဟာ တကယ်ကိုချစ်စရာပါ။
ကွန်ပြူတာစင်တာတွင်အလုပ်လုပ်ရင်း မိခင်ကြီးကင်ဆာရောဂါနှင့် နာမကျန်းဖြစ်ရာ အိမ်တွင်ရှိတာလေးတွေ တစ်စတစ်စပါးလာသဖြင့် အိမ်တွင်အကြီးဆုံးဖြစ်သော ကိုကြည်နိုင်မှာ မနေသာတော့ဘဲ မိမိမြတ်နိုးသော ဆရာဘ၀လေးကို စွန့်လွှတ်ကာ ကိုရီးယားသို့ထွက်ခဲ့ရလေသည်။ ဤရောက်တော့ အရှေ့တောင်အာရှနိုင်ငံများမှ အလုပ်ကြမ်းလုပ်ရန်အတွက်သာ လူများခေါ်နေခြင်းဖြစ်ရာ ကိုကြည်နိုင်လည်း ကွန်ပြူတာကိုင်နေသော လက်ချောင်းကလေးများကို တူကိုင်၊ဂွကိုင်သော ပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီအောင်ပြောင်းလဲခဲ့ရပေသည်။

“အေး…ဒါနဲ့ မင်းတို့ဘယ်နေ့ကရောက်တုန်း…ဆရာလည်း ညဆိုင်းဆင်းနေရလို့ မဟုတ်ရင် လာတွေ့မလို့ဟာ”

မပြောရတာကြာပြီဖြစ်သော ဆရာဟူသော နာမ်စားကို ပြောနေရင်း ကိုကြည်နိုင် ပြောမပြတတ်အောင်ပင် ပီတိဖြစ်နေမိလေသည်။

“ဟုတ်ဆရာ…..ကျွန်တော်တို့ ………………………………………………………………………………………”

ထိုသို့မတွေ့တာကြာပြီဖြစ်သော ဆရာ တပည့်တွေစကားကောင်းနေစဉ်။

“ဘာ….လုပ် နေ ကြ တာ တုန်း…ဒါအလုပ်ချိန်ဆိုတာမသိဘူးလား…မသားတွေ….ဖုန်း !!”

ပြောပြောဆိုဆိုနှင့် အလုပ်သမားခေါင်းသည် သည်းခံလေ့ရှိသော ကိုကြည်နိုင်ကိုကန်ကြောက်လိုက်လေသည်။ မိမိတပည့်များရှေ့တွင်ဖြစ်သဖြင့် ကိုကြည်နိုင်ရှက်သွားသော်လည်း သီးခံနေလိုက်လေသည်။ သို့သော် သည်းမခံနိုင်သော တပည့်နှစ်ယောက်ကတော့ ရုတ်တရက်

“ဟေ့လူ…ဒါကျုပ်တို့ဆရာဗျ …ခင်ဗျားဘာလုပ်တာလဲ ရိုင်းလှချည်လား”

ထိုအခါ ရေချိန်ကိုက်နေသော အလုပ်သမားခေါင်းက


“ဘာကွ..ဘာဆရာလည်း အသုံးမကျ စားစရာမရှိလို့ တို့နိုင်ငံကျွန်လာခံနေတဲ့ ကောင်တွေကများ…ဘာ ဆရာတုန်း။
အဆင့်မရှိ ငတ်ပြတ်နေတဲ့ နိုင်ငံကလာတဲ့ကောင်တွေကများ..မင်းတို့နိုင်ငံက မင်းတို့လိုကောင်တွေ ရှိတယ်တောင်ထင်တာမဟုတ်ဘူး..တို့နိုင်ငံက လုပ်ပေးနေလို့ မင်းတို့ထမင်းဝနေတာများ ….မသားတွေ ခိုင်းတဲ့အလုပ်ကို ကောင်းကောင်းမလုပ်ဘူး သွား….လုပ်စရာရှိတာလုပ်စမ်း.. စကားပြောချင်ရင်နောက်မှပြော”

ဒေါသထွက်သွားသော်လည်း မိမိကဒေါသထွက်ကြောင်းပြလျှင် တပည့်နှစ်ယောက်က ပိုဆိုးမည်ဖြစ်သဖြင့် ဒေါသစိတ်ကို အောင့်အီးကာ

“သားတို့နှစ်ယောက် သွားသွား..နားကြတော့ ဒီလူက ဘာမှမဟုတ်ဘူး…သူ့ဟာသူပြောချင်ရာပြောတဲ့လူ ဟုတ်တာမဟုတ်ဘူး စိတ်ထဲမထားနဲ့ သွားကြတော့”

ဆရာကပြောနေသဖြင့်သာ အောင်ကျော်နှင့်ကျော်မောင်တို့ ဒေါသကိုချုပ်တီးကာ စောင်းကန်းကန်းနှင့် ထွက်သွားကြလေသည်။ ကိုယ့်ရှေ့မှာ ကိုယ့်ဆရာကို စော်ကားတာအပြင် နိုင်ငံကိုပါစော်ကားတာကို ပထမဆုံးကြားလိုက်ရခြင်းပေ။ ငါတို့တန်ဖိုးအထားဆုံးအရာနှစ်ခုကို ဒင်းကမှိုချိုးမျှစ်ချိုး ငါတို့ရှေ့မှာပြောတယ်။ သေချင်လို့ထင်တယ်ဟု စိတ်ထဲမှာနှစ်ဦးစလုံးတွေးနေလေသည်။ သို့သော် ဆရာဘာမှမဟုတ်ပါဘူးဆို၍သာ အသာငြိမ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ နှစ်သိမ့်ကာ ပြောဆိုပြီးနောက် ကိုကြည်နိုင် လုပ်လက်စကလေးတွေ ဆက်လုပ်နေလေသည်။ သို့နှင့် ညဥ့်နက်ပိုင်းသို့ ရောက်လာလေသည်။ စိတ်တိုတိုနှင့် အလုပ်ကိုကုန်းလုပ်နေသဖြင့် အချိန်ကုန်သည်ကိုပင် သတိမထားမိပေ။

နာရီကို ကြည့်လိုက်တော့ မနက် ၃ နာရီခန့်ရှိနေပေပြီ။ ကိုက်ခဲနေသော လက်အစုံကလည်း လင်းကာနီးလေ ပိုဆိုးလေပင်။ ကိုယ်နှင့်အတူဝှက်ထားသော ယမကာလေးကလည်း ကုန်နေလေပြီ။ စက်ရုံအပြင်ဘက်တွင် ၀ှက်ထားသော ဆိုးဂျုပုလင်းလေးဆီ ချီတက်ရပေတော့မည်။ သို့နှင့် ဘေးဘီတစ်ချက်ဝေ့ကြည့်ရာ အခြေအနေကောင်းသဖြင့် အပြင်ဘက်သို့ထွက်ခဲ့လေသည်။ ထို့နောက် ၀ှက်ထားရာနေရာတွင်ပင်ထိုင်ကာ ဆိုးဂျုပုလင်းလေးကိုဖွင့်လိုက်လေသည်။ ရုတ်တရက်ဝေ့တိုက်လိုက်သော လေကလေးက ကိုကြည်နိုင့်ကို ပတ်ဝန်းကျင်ကို ခံစားဖို့သတိပေးလိုက်သလိုပင်။ စိမ့်ကနဲခံစားမှုနှင့်အတူ ကိုကြည်နိုင်ကောင်းကင်သို့ မော့ကြည့်လိုက်မိလေသည်။ ခပ်အုံ့အုံ့ဖြစ်နေသောကောင်းကင်တစ်ခွင်တွင် ကြယ်ကလေးများကို မြင်ရန်ပင်အထူးအားထုတ်ကာ ရှာဖွေကြည့်နေရလေသည်။ ထိုခပ်ညစ်ညစ် ကောင်းကင်ပိတ်ကားပြင်တွင် ညဥ့်ဦးပိုင်းက အဖြစ်အပျက်များက တစ်စတစ်စ အရိပ်ထင်လာလေသည်။

“ဘာကွ..ဘာဆရာလည်း အသုံးမကျ စားစရာမရှိလို့ တို့နိုင်ငံကျွန်လာခံနေတဲ့ ကောင်တွေကများ…ဘာ ဆရာတုန်း။ အဆင့်မရှိ ငတ်ပြတ်နေတဲ့ နိုင်ငံကလာတဲ့ကောင်တွေကများ..မင်းတို့နိုင်ငံက မင်းတို့လိုကောင်တွေ ရှိတယ်တောင်ထင်တာမဟုတ်ဘူး..တို့နိုင်ငံက လုပ်ပေးနေလို့ မင်းတို့ထမင်းဝနေတာများ ….မသားတွေ ခိုင်းတဲ့အလုပ်ကို ကောင်းကောင်းမလုပ်ဘူး သွား….လုပ်စရာရှိတာလုပ်စမ်း.. စကားပြောချင်ရင်နောက်မှပြော”

ကိုယ့်ကိုစော်ကားသည်ကို သည်းခံနိုင်သော်လည်း ကိုယ့်နိုင်ငံကိုပါ စော်ကားသည်ကိုတော့ ကိုကြည်နိုင့်အဖို့ ခံရခက်လှသည်။ ကျောင်းဆရာတစ်ယောက်ဖြစ်သည်နှင့် အညီ မိမိကြောင့် တစ်ပါးသူမထိခိုက်စေချင်။ ကိုယ့်ကြောင့် ကိုယ့်တိုင်းပြည်ကိုလည်း အထင်အမြင်မသေးရအောင် ဘ၀တစ်လျှောက်လုံး အထူးဂရုစိုက်၍နေခဲ့လေသည်။ ကိုကြည်နိုင်တွေးရင်း တွေးရင်း တကိုယ်လုံးရှိအသားတို့ တဆတ်ဆတ်တုန်လာလေသည်။ ခုတော့ ကိုယ့်ရှေ့မှာပင် ကိုယ့်နိုင်ငံကို အစော်ကားခံလိုက်ရသည်။ ဒါ ငါ့အပြစ်လား…ငါ အသုံးမကျလို့ပဲ ငါ့နိုင်ငံကို သူဒီလိုစော်ကားတာလား။ သူပြောသလိုပင် ငါ့နိုင်ငံက ငါ့ကိုအသိအမှတ်မပြုဘူး ရှိစေဦးတော့..ဘာဖြစ်လဲ။ ငါ့နိုင်ငံကို ငါချစ်တယ်။ ငါ့တိုင်းပြည်ကို ငါချစ်တာမှာ ဘာ မျှော်လင့်ချက်မှ မရှိဘူး။ငါ ငါ့နိုင်ငံကိုချစ်သလို တစ်ခြားသူတွေလည်း ချစ်မယ်ဆိုတာ ငါသံသယမရှိဘူး။ ကံစမ်းမဲဖောက်ပေးလို့ ကိုယ့်နိုင်ငံဘောလုံးပွဲကို သွားကြည့်တဲ့ မင်းတို့တွေရဲ့ တိုင်းပြည်ချစ်စိတ်တော့ နောက်ရက်စားစရာမရှိ၊ ဆေးကုစရာမရှိဘဲ ကိုယ့်နိုင်ငံအသင်းကို မိုးရွာထဲ လမ်းဘေးလက်ဘက်ရည်ဆိုင်ဘေးမှာ လက်ဘက်ရည်မသောက်၊ အအေးမကြောက်ဘဲ အားပေးတဲ့ ငါတို့တွေရဲ့မျိုချစ်စိတ်က သနားသေးတယ်။ သြော်…ငါ့နှယ် ဘာတွေတွေးမိနေပါလိမ့် ကလေးကလား။ မနိုင်နိုင်ရာတွေကို ဆွဲတွေးနေမိပါလား။
ထိုသို့တွေးတောရင်း တဆတ်ဆတ်တုန်လာသော အသားများနှင့်အတူ ၊ ကိုကြည်နိုင့် ပါးစပ်ထဲသို့ အရက်ခွက်လေးများလည်း တစွပ်စွပ်ဝင်မှန်းမသိ ၀င်ရောက်နေလေတော့သည်။ ကဲ..ဒီတစ်ခွက်တော့ နောက်ဆုံးအနေနဲ့ မော့လိုက်မယ်ဟုတွေးကာ ကိုကြည်နိုင် သူ့ရဲ့တုန်ရီနေသောလက်တို့ဖြင့် အရက်ခွက်ကို တဖြည်းဖြည်းမော့လိုက်လေသည်။ တုန်ရီနေသောလက်အစုံထဲမှ အရက်ခွက်ကလေးသည် ကိုကြည်နိုင်၏ နှုတ်ခမ်းဝသို့ ရောက်လုရောက်ခင် အချိန်မှာပင်

“၀ုန်း..ဖုန်း” ဟူသော အသံနှင့်အတူ ကိုကြည်နိုင်၏ ကျောအစုံကို တစ်စုံတစ်ခုမှပြင်းထန်စွာ လာရောက်ရိုက်ခတ်လေသည်။ နှုတ်ခမ်းဝရှိ ၀င်လုဝင်ခင် အရက်ခွက်ကလေးမှာလည်း အဝေးသို့ လွင့်စင်သွားလေတော့သည်။

“….မသား …မင်းးးက ဒီမှာ လာပြီး အချောင်ခိုနေတာကိုး အသုံးမကျတဲ့နိုင်ငံကကောင်တွေ …. သွား”
“ငါ့ကိုပြောချင်သလိုပြော ငါ့နိုင်ငံကို မထိနဲ့  !!!”

တုန်ရီနေသော နှုတ်ခမ်းအစုံမှ ရုတ်တရက် အထိန်းအကွပ်မဲ့ ကျယ်လောင်စွာထွက်ပေါ်လာသော ကိုကြည်နိုင့် အသံ။ ကိုယ့်တိုင်းပြည်ကိုယ်ချစ်တာမှာ ဘာအကြောင်းပြချက်မှမရှိ၊ ဘာမျှော်လင့်ချက်မှမရှိ ဟုခံယူထားသူ။ ဘယ်လိုမှမတတ်သာ၍သာ ခုလိုဒီမှာ သည်းခံကာလုပ်ကိုင်နေရသော်လည်း ကိုယ့်တိုင်းပြည်မှာကိုယ်နေပြီး အမိနိုင်ငံရဲ့မျိုးဆက်သစ်လေးများ မွေးထုတ်ပေးသော ဆရာအလုပ်ကို သေတပန်သက်တဆုံး ထမ်းရွက်သွားချင်လှသော ကိုကြည်နိုင် တဆတ်ဆတ်တုန်ရီလျက် မျက်မှောင်ကိုကုပ်၍ အောက်မြေပြင်ကိုသာ စိုက်ကြည့်နေလေသည်။ သူ၏ပါးပြင်ရှိ မျက်ဝန်းအိမ်မှ မျက်ရည်စကလေးများလည်း ဒလဟောလှိမ့်ကာ ဆင်းလာကြလေတော့သည်။
ဒေါသစိတ်ကို အတတ်နိုင်ဆုံးချုပ်တီးကာ လုပ်ငန်းခွင်ပြန်ဝင်ရန် ကိုကြည်နိုင်ဖြည်းညှင်းစွာ ထလိုက်လေသည်။ ထိုအခိုက် ကိုကြည်နိုင်၏ မအော်စဖူး အော်သံကြောင့် ကြက်သေသေသွားသော အလုပ်ခေါင်းက

“အောင်မာ……မင်းတို့နိုင်ငံမှာငတ်လို့ ဒီမှာကျွန်လာခံနေရတာကို ကြီးကျယ်ချင်မနေနဲ့ သွား…ဖုန်း !!!!”

ပြောလည်းပြော ကန်လည်းကန်ကြောက်လိုက်လေသည်။ ထိုအရှိန်ကြောင့် ကိုကြည်နိုင်ခမျာ အစောက သူသောက်နေသော အရက်ပုလင်းကို တိုက်မိကာ ပုလင်းကွဲများလည်း နေရာအနှံ့ လွင့်စင်ကုန်လေသည်။ ကံကောင်း၍သာ ပုလင်းကွဲများ မစူးမိခြင်းပေ။
လေးဘက်ထောက်ကာ တဖြည်းဖြည်းချင်း ထဖို့အားယူနေသော ကိုကြည်နိုင်၏ တစ်ကိုယ်လုံးတွင် ဒေါသကို ချုပ်တီးထားရခြင်းကြောင့်လည်းကောင်း၊ မိမိနိုင်ငံကို စော်ကားခံရခြင်းကြောင့် ယူကျုံးမရဖြစ်ခြင်းကြောင့်လည်းကောင်း ချမ်းအေးလှသော ကိုရီးယားရဲ့ဆောင်းဥတုအောက်တွင် ဇောချွေးများပင် ပျံလာလေသည်။ ထိုသို့ ကုန်းကုန်းကြီးဖြစ်နေသော ကိုကြည်နိုင်အား အလုပ်သမားခေါင်းသည် မညှာမတာကန်ကြောက်ရန် အရှိန်ယူကာ

“အာ….ဒီကောင်တော့ကွာ…ယားးးးးးးးးးးးးးးးးးးးးးးး”
“အွတ် !!!!!!!”

သို့သော် ထိုအသံသည် ကိုကြည်နိုင့်ဆီမှလာသော အသံမဟုတ်ပေ။ အလုပ်သမားခေါင်းဆီမှ ထွက်ပေါ်လာသော အသံဖြစ်ပေသည်။ မခံနိုင်သည့်အဆုံး ကိုကြည်နိုင်သည် အနီးရှိ ပုလင်းကွဲနှင့်ပင် ထိုလူ၏ရင်ဝသို့ ထိုးစိုက်လိုက်ခြင်းကြောင့် ထွက်ပေါ်လာသောအသံပင်ဖြစ်လေသည်။ လက်တွင်ပေကျံနေသော သွေးစတို့ကို ကြည့်ကာ ကိုကြည်နိုင် ခေါင်းငိုက်စိုက်ကျကာ မြေပေါ်သို့ ဒူးထောက်ချလိုက်လေသည်။

ငါ့ဘ၀မှာ ဒါမျိုးတွေဖြစ်ရမယ်လို့ တစ်ခါမှမစဉ်းစားမိခဲ့ဖူးဘူး။
ဒါတွေဖြစ်ရတာ ငါ့အမှားလား။ ငါများဘာတွေမှားနေလဲ? ငါ့တိုင်းပြည်မှာ ငါမနေလို့လား ?
မဟုတ်ဘူး ငါနေချင်ပေမယ့် ငါ နေခွင့်မသာခဲ့တာ။
ငါ ဒီကိုလာချင်လို့လား?..
ဒါလည်းမဟုတ်သေးဘူး…ငါ ဒီကိုလာဖို့ အရင်ကစိတ်ကူးပင် မယဉ်ခဲ့တာ
ငါ ဘာလို့များ သူ့ကိုသတ်မိပါလိမ့်? ရိုင်းစိုင်းလွန်းတဲ့ ဒီလူ့ရဲ့နှုတ်ထွက် စကားတွေကြောင့်လား ? ဒါလည်းမဟုတ်သေးဘူးး။ သူ အရင်လည်း ဒီလိုရိုင်းနေတာပဲ။ ငါ ခွင့်လွှတ်နိုင်ခဲ့တာပဲ။
ဒါဆို..သူ..သူ…ငါ့..ငါ့..နိုင်ငံကို စော်ကားလို့ပေါ့…

အဖြေကိုတွေ့ရှိသွားသော်လည်း ကျေနပ်ပုံမရသော ကိုကြည်နိုင်၏မျက်လုံးအိမ်ထဲတွင် ဆေးရုံတက်ရောက်နေသော မွေးမိခင်၏ ဖျော့တော့တော့ မျက်နှာကလေးမြင်ယောင်လာလေသည်။ ငါ ပိုက်ဆံမပို့နိုင်တော့ရင်…………….ညီ..ညီမလေးတွေ ငါ့ကို လကုန်ခါနီးရင် မျှော်နေတော့မယ်။ ငါချစ်လှပါတယ်ဆိုတဲ့ အမေနဲ့ညီမလေးတွေ ငါ မရှိတော့ရင်ဘယ်လိုလုပ်ကြမလဲ။ သူ…သူ တို့ ငါ့ ပိုက်ဆံနဲ့ ရပ်တည်နေကြရတာ။ တွေးရင်းတွေးရင်း ရင်ထဲတွင်ဆို့ကြပ်လာကာ မိမိအပေါ်အစစတာဝန်ကျေခဲ့သော မိခင်ကြီးကိုသာပြေး၍ မြင်ယောင်နေမိလေသည်။ အမေ..! သားရဲ့ပညာရေးအတွက် ဘယ်လိုပင်ဆင်းရဲဒုက္ခရောက်သော်လည်း အမေတာဝန်ကျေခဲ့ပေမယ့်။ သားတာဝန်မကျေခဲ့ဘူးအမေ။ အမေဖြစ်စေချင်တဲ့ ပညာနဲ့ဘ၀ကို မရပ်တည်နိုင်ခဲ့ဘူးအမေ။ အမေ…အဲ့ဒါ ..သားညံ့လို့လားအမေ။ နှစ်စဉ်နှစ်တိုင်းဆုတွေယူနေတဲ့သား ညံ့လို့လားအမေ။ အလွန်မာကြောသော မြေပြင်သို့ ကိုကြည်နိုင်၏ ကျစ်ကျစ်ဆုပ်ထားသော လက်သီးအစုံတို့ အလီလီမိတ်ဆက်သွားလေသည်။ အမေဖြစ်စေချင်တဲ့ ပညာနဲ့ရပ်တည်တဲ့သားကောင်းအဖြစ်ရောက်အောင် သားမလုပ်နိုင်ခဲ့ဘူးအမေ။ သားကို ခွင့်လွှတ်ပါအမေ။ သားကို ခွင့်လွှတ်ပါ။ ခုတော့ အမေ့ကို နောက်ဆုံးတောင်းပန်ပါရစေအမေ။ သားချစ်တဲ့တိုင်းပြည်ကို စော်ကားတာမခံနိုင်လွန်းလို့ လက်လွန်ခြေလွန်ဖြစ်သွားပြီအမေ။
မိခင်ကြီး၏နွမ်းလျနေသော မျက်နှာပေါ်တွင် လှိမ့်ဆင်းနေသော မျက်ရည်ကလေးများကို မှန်း၍မြင်ယောင်လာကာ ကိုကြည်နိုင်တစ်ယောက် ရင်ကွဲမတတ် ခံစားရလေသည်။ ဆို့တက်လာသောရင်အစုံမှ အားယူ၍ခေါ်လိုက်လေသည်… “အ..မေ…! ! !” သို့သော် ကိုကြည်နိုင်၏ အသံကား အပြင်သို့ထွက်မလာခဲ့ပေ။ ကျဆင်းနေသောမျက်ရည်စများ၊ တုန်ရီနေသောလက်အစုံ၊ ပျက်မတတ်ကိုက်မိထားသောနှုတ်ခမ်းများ၊ မြေပြင်ကိုပြင်းစွာ ထိုးနှက်ထားခြင်းကြောင့် သွေးတို့ဖြင့် ရဲရဲနီနေသောလက်သီးဆုပ်၊ ချမ်းအေးသောဆောင်းအောက်မှ ချွဲချွဲစိုနေသော ချွေးစက်များက ကိုကြည်နိုင်၏၀မ်းတွင်းမီးကို ထင်ဟပ်ပြနေသလိုပင်။

“ငါက…ငါ့တိုင်းပြည်ကိုချစ်လို့….ငါ့တိုင်းပြည်ကိုစော်ကားတာ မခံနိုင်လို့…………….”
“ငါ့တိုင်းပြည်ကကော ငါ့ကို အသိအမှတ်ပြုရဲ့လား…ငါ ရှိနေတယ်လို့ကော အသိအမှတ်ပြုရဲ့လား…ငါ့အတွက် ဘာတွေများ……….”
“အိုကွာ….မသိဘူး…မသိဘူး…ငါ့တိုင်းပြည်ကိုငါချစ်တာ….ဘာအကြောင်းပြချက်မှမလိုဘူး..
သူ့ဟာသူကောင်းကောင်း မကောင်းကောင်း …ငါနဲ့မဆိုင်ဘူး… တော်ပြီဆက်မတွေးတော့ဘူး… မတွေးတော့ဘူး……….”

အတွေးများနှင့် ဗျာများနေသော ကိုကြည်နိုင်တစ်ယောက်၏ စိတ်များ ဟိုရောက်ဒီရောက်ဖြစ်နေရာမှ သူ့တပည့်နှစ်ယောက်ဆီသို့ရောက်သွားလေသည်။

“သား..အောင်ကျော်နဲ့ ကျော်မောင် မင်းတို့ဆရာငါတော့ သွားရတော့မယ်။ မင်းတို့တွေ ဆရာ့လိုမဖြစ်ပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ် ….ခုတော့ ဒီမှာတတ်နိုင်သလောက် သည်းခံပြီးနေကျပေါ့ကွာ….နောင်တစ်ချိန် တို့တိုင်းပြည်ကြီး စည်ပင်ဝပြောလာမှာပါ… တနေ့နေ့ကျရင်တော့ ဒို့တိုင်းပြည်ကြီး သေချာပေါက် စည်ပင်ဝပျောလာမှာပါကွာ……………………အဲ့ဒ်ီတနေ့နေ့ဆိုတာ…….”

မောင်ဝမ်းနွယ်
၂၀၁၁ သြဂုတ် ၃၁ (နံနက် ၂ နာရီ)

3 comments:

  1. ရေးထားတဲ့ ပို့ကို ဖတ်ပြီး ရင်ထဲမှာ နင့်နင့်သည်းသည်းကို ခံစားရပါတယ်ဗျာ.. အဲလိုမျိုးအဖြစ်အပျက်တွေက ပြည်ပမှာ အလုပ်ထွက်လုပ်နေကြရတဲ့ ကျွန်တော်တို့ မြန်မာတွေ အားလုံးပဲ သိကြမှာပါ.. ကိုယ်တိုင်ကြုံဖူးတဲ့ လူကတော့ ပိုသိတာပေါ့... ကျန်တာကို သည်းခံနိုင်တယ်.. နိုင်ငံကို စော်ကားလာရင်တော့ ဘာမှမမြင်တတ်ကြတော့တာ အမှန်ပါ.... လုံးဝကို အားပေးပါတယ်ဗျာ.ပြိးတော့ ဒီပို့လေးကို ကူးယူဖော်ပြခွင့်လည်းပေးပါ...ကျေးဇူးတင်ပါတယ်ဗျာ..

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ကြိုက်သလိုကူးယူဖော်ပြပါ ရပါတယ်။ အကျိုးအမြတ်အတွက် ရေးထားတာမဟုတ်ပါဘူး.. စေတနာသက်သက်နဲ့ပဲ ရေးထားတာပါ။ ဒီလိုအကြောင်းအရာလေးတွေက ဆောင်းပါးပုံစံထက် ခုလိုဝတ္ထုပုံစံလေးနဲ့ရေးတာ ဖတ်တဲ့သူစိတ်ထဲမှာ ပိုပြီးကျန်နိုင်တယ်ဆိုပြီး ကြိုးစားရေးထားတာပါ။ ကျွန်တော်တို့နိုင်ငံကြီး အလျင်အမြန် စည်ပင်ဝပြောလာပါစေလို့ ဆုတောင်းကြတာပေါ့ဗျာ။

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...