Friday, September 30, 2011

တက္ကသိုလ်ဆိုတာ (၁) စုဝေးသင်ယူရာ တက္ကသီလာ


တက္ကသိုလ်ဆိုတာ (၁)


စုဝေးသင်ယူရာ တက္ကသီလာ

ရန်ကုန်တိုင်းမ်နေ့စဉ်
၂၂ ၄လ ၂၀၁၃






“ဟေ့….. မင်းကဘယ်ကလဲ ? နားမလည်ဘူးထင်တယ် မင်းဘယ်နယ်ကလာတာလဲလို့ မေးတာကွ”
“အာ…ငါက ခင်ဦးဘက်က…မင်းကော? ကျုပ်ကတော့ သဲတော-၀မ်းတွင်းက မိတ္ထီလာနားကပဲလေ မင်းသိတယ်မုတ်လား?”
“အေးပါဟ သိပါတယ်ကွ”
“ဟိုဘက်ကုတင်က ဆရာသမားကော ဘယ်ကလာတက်တာတုန်းကွ”
“ကျွန်တော့်မေးတာလား……ကျွန်တော်က ကျောက်မြောင်းက၊ ရန်ကုန်သားပါခင်ဗျ…အကိုတို့နဲ့တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ”
“ဟဟဟ…ဒီကောင်တော်တော် စကားပြောကောင်းတဲ့ကောင်ပဲ ရန်ကုန်သားတွေက တယ်ညက်ကိုးကွ..ကျုပ်တို့ကတော့ တောသားဆိုတော့ စကားပြောတာ မင်းတို့အတွက် နည်းနည်းတော့ ကြမ်းမယ်ထင်တယ်ဟေ့ မင်းလိုအပိုစကားတွေ ကြားရတာကိုက ငါ့အတွက်တော့ နားယားတယ်ကွာ…အေးကွာ ကောင်းတယ်ဟေ့ တစ်ယောက်က ခင်ဦးသား၊ ကျုပ်ကအလယ်ပိုင်းသား၊ မင်းကအောက်ပိုင်းရန်ကုန်သား..ဟေဟေ့…ဟိုဘက်ကုတင်တွေတော့ မြန်မာပြည် ဘယ်အပိုင်းသားတွေ ၀င်လာမလားမသိဘူးဟေ့ ကဲကဲအချိန်ရှိတုန်း ဒီနားတစ်ဝိုက်စနည်းနာဖို့ လမ်းလေးဘာလေး ထွက်လျှောက်ကြည့်ရအောင်လား”
တွေ့ကာဆုံကာစ သူငယ်ချင်းသုံးယောက် ဆိုင်တစ်ဆိုင်အတွင်း ၀င်ရောက်ကြည့်ရှုရာ
“ဟာ …ဒီဘောင်းဘီက တော်တော်ဈေးတန်တယ်ဟ ကြည့်ပါဦး”
“ဟေ့ကောင် ခင်ဦး အဲ့ဒါမတန်ပါဘူးကွာ”
“ဟ ၀မ်းတွင်းကလည်း ဈေးတန်ပါတယ်ဆို”
“အာ…မတန်ပါဘူး ခင်ဦးရာ ဈေးကြီးတယ်ဟ”
“အေးလေ ဈေးတန်တယ်ဆိုတာ ဈေးများတာကိုပြောတာပဲလေ”
“ဟေ …ဟုတ်လား ဈေးတန်တယ်ဆိုတာ ဈေးကြီးတာလား သိပါဘူးကွာ ဒို့ဘက်က ဒီပစ္စည်းမဆိုးဘူး တန်တယ်နော်ဆိုတာ ဈေးသင့်တယ်ကိုပြောတာကွ”
“ဟဟဟ…… ဒီလိုလားကွ…ပေါက်ပြီပေါက်ပြီ အော်…တနယ်နဲ့တနယ် အသုံးတွေတော်တော်ကွာတာပဲဟ ”
အထက်ပါစကားတွေဟာ ဟိုးယခင်တက္ကသိုလ်တွေတုန်းက ကျောင်းစတက်ဖို့် ရောက်လာကြတဲ့ ကျောင်းသားများ စတင်သိကျွမ်းစဉ် ပြောကြားကြသော အပြန်အလှန်စကားပြောခန်းလေးပင်ဖြစ်ပေသည်။
မတူညီသောဒေသ၊ ကွဲပြားခြားနားသော လူမှုပတ်ဝန်းကျင်အသီးသီးမှ ကျောင်းသား၊သူများသည် မတူညီမှုအားလုံးကိုခ၀ါချကာ တစ်မြေတည်းနေတစ်ရေတည်းသောက် အမိဝမ်းပေါက်တစ်ခုတည်းမှ ပေါက်ဖွားလာသည်ဆိုသော ပြည်ထောင်စုစိတ်ဓါတ်သွင်းပေရာ ဤတက္ကသိုလ်နေမြေမှာပင် ပညာရည်နို့ချိုအတူသောက်သုံးကာ ဘ၀ခရီးကို မိဘအစား သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများနှင့် စတင်ဖြတ်ကျော်ဖို့ အစပျိုးကြလေသည်။ မြန်မာတစ်နိုင်ငံလုံးတွင် တစ်နေရာနှင့်တစ်နေရာ စကားအသုံးအနှုံးများမတူညီကြသဖြင့် တစ်ဦးနှင့်တစ်ဦးဆက်သွယ်ပြောဆိုရာတွင် တစ်ခါတစ်ရံ နားလည်ရန်လွန်စွာခက်ခဲပေသည်။ မြန်မာစကားကို မြန်မာလိုပြောနေသော်လည်း မြန်မာနားမလည်သော အဖြစ်များမကြာခဏကြုံတွေ့ရတတ်ပေသည်။ အထက်စကား(အထက်မြန်မာပြည် စကားအသုံးအနှုံး)၊ အောက်စကား (အောက်မြန်မာပြည် စကားအသုံးအနှုံး)၊ ရှမ်းသံ၊ ဘိတ်သံစသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားလေသည်။ ထို့ကြောင့် တော်ရုံနှံ့စပ်ရုံနှင့် ကြားမိသမျှမြန်မာစကားကို ကောင်းစွာနားလည်ရန်မဖြစ်နိုင်ပေ။

သို့သော် ထိုသို့သောကွဲပြားခြားနားလှစွာသော စကားအသုံးအနှုံး အသံထွက်တို့ကို အနည်းဆုံးရိပ်ဖမ်းသံဖမ်းလောက်တော့ နားလည်စေရန် အလွယ်တကူလေ့ကျင့် သင်ကြားပေးသော နေရာရှိပါသည်။ ဤသည်ကတော့ ကျောင်းသား၊သူများ ဘ၀စတင်ရာ အမိတက္ကသိုလ်ပင်ဖြစ်ပေသည်။ နီးစပ်ရာသူငယ်ချင်းအချင်းချင်း နောက်ပြောင်ကျီစယ်ရင်းကပင် မိမိကိုယ်တိုင်မသိလိုက်ပါပဲ ယင်းဘာသာစကားအခက်အခဲကို ကျော်လွှားသွားကြလေသည်။ “ဟိုကောင်ကကွာ စကားလည်းမပီဘူး ချစ်တယ်ကို ရှစ်တယ်လုပ်နေတယ်။ ဒီကောင်ကလည်းကွာ မုန့်ဟင်းခါးစားတယ်တဲ့…မုန့်ဟင်းခါးဆိုတာ သောက်ရတာပါကွာ ဟဟဟဟ တော်တော်ရယ်ရတဲ့ကောင်ကွာ” “ဟိုကောင်တွေမြို့ကဆို ငါကိုင်တုတ်ဆဲနှုတ်ဆက်တာဟာ သူငယ်ချင်းအချင်းချင်း ခင်မင်မှုနက်ရှိုင်းကြောင်းပြတာတဲ့ကွာ မကြုံဘူးပေါင်ဟေ”။

သာမာန်အားဖြင့်ကြည့်မည်ဆိုလျှင် ဤအချင်းအရာတို့မှာ ကျွန်တော်တို့ကျောင်သား၊သူများ မတူညီမှုများကို ဟာသလုပ်ကာ ပြောဆိုနေသည်ဟုသာတွေးမိကြပေမည်။ တစ်ကယ်တမ်းတွင်တော့ ကျွန်တော်တို့ ကျောင်းသား၊သူများ မတူညီသော ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု အစရှိသည်တို့ကို သင်ယူနေကြခြင်းပင်ဖြစ်လေသည်။ နေရာဒေသတစ်ခု၏ ဒေသန္တရဗဟုသုတ၊ ဓလေ့ထုံးစံ၊ စကားအသုံးအနှုံးတို့ကို ထိုဒေသသို့ ကိုယ်တိုင်ရောက်စရာမလိုပဲ သိရှိနိုင်လေသည်။ ဒေသတစ်ခုတွင်ရိုင်းစိုင်းသည်ဟုထင်ရသော စကားတစ်ခုသည် တစ်ခြားနေရာတွင် နေ့စဉ်နှုတ်ခွန်းဆက်ခြင်းများ၌ပင် အာလုပ်စကားဖြစ်နေတတ်ပေသည်။ ဒေသတစ်ခု၏ ဓလေ့ထုံးတမ်းများကို ကြိုတင်ကာသိရှိခြင်းမရှိဘဲ ရုတ်တရက်ကြားလိုက်ရပါက ဤလူတယ်ရိုင်းတာကိုးဟု အထင်ရောက်မည်ဖြစ်သော်လည်း၊ ထိုဒေသ၏ ဓလေံထုံးစံသဘာဝကို သိရှိပါက အော်ဒါသူတို့ဓလေ့ပဲလေဟု နှလုံးသွင်းကာ တစ်ဦးနှင့်တစ်ဦးအမျက်မပွားနိုင်ပေ။

မိဝေးဘဝေးနှင့် ဘ၀ပညာတွေပေးနေသော ထိုနေရာတွင် မိမိကိုယ်ကိုထိန်းကျောင်းခြင်းတည်းဟူသော ဘ၀အတွက်အလိုအပ်ဆုံးပညာကိုလည်း စတင်သင်ယူကြလေသည်။ မိမိကိုယ်ကို ထိန်းကျောင်းခြင်းဟူသော တက်မပါပဲ ဘ၀တွင် လိုရာခရီး မရောက်နိုင်ပေ။ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့စဉ်က မိဘများအုပ်ထိမ်းမှုကောင်းသောကြောင့် ရမှတ်များကောင်းခဲ့သဖြင့် ဆေးကျောင်း၊ စက်မှုကျောင်းများသို့ ရောက်ရှိလာခဲ့သော်လည်း နောက်ပိုင်းတွင် မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းနည်းသောကြောင့် တစ်ချို့ဆိုလျှင် ကျောင်းတော်ကြီးမှပင် မောင်းထုတ်ခြင်း ခံရသောဘ၀သို့ ရောက်ရှိကုန်ကြလေသည်။ မိဘအုပ်ထိန်းမှုနှင့် ဝေးကွာသောကြောင့် ဤသို့ဖြစ်ရသည်ဟုဆိုနိုင်သော်လည်း မိဘဟူသည် မိမိနှင့် ဘ၀အချိန်မရွေးခြားသွားနိုင်သလို၊ ထာဝရအတူတကွ လိုက်ပါနိုင်သည်မဟုတ်ပေ။ မိမိနှင့်အစဉ်ကပ်ပါနေနိုင်သည်မှာ မိမိကိုယ်ကိုထိန်းကျောင်းနိုင်စွမ်းပင် ဖြစ်လေသည်။

နိုင်ငံခြားတိုင်းပြည်များတွင် သားသမီးများကို မိဘနှင့်အတူနေထိုင်နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ကြီးကောင်ဝင်စအရွယ်ဖြစ်သော ၁၅၊၁၆ နှစ်ခန့်တွင် ကိုယ်ပိုင်လွတ်လပ်မှုများစွာ စတင်ပေးထားလေ့ရှိလေသည်။ သို့သော် ကျွန်တော်တို့ မြန်မာမိသားစုများတွင် ထိုကဲ့သို့ဓလေ့ထုံးစံမရှိ၊ မိဘအနေဖြင့် သားသမီးကို မိမိမကြိုက်မနှစ်သက်သော တစ်စုံတစ်ခုလုပ်မည်ဆိုပါက ဆူပူကြိမ်းမောင်းကာ တားမြစ်ပိတ်ပင်ကြပေမည်။ ထို့ကြောင့် လူငယ်လူရွယ်များအဖို့ မိမိကိုယ်ကိုထိန်းကျောင်းခြင်းတည်းဟူသောပညာကို တက္ကသိုလ်နယ်မြေရောက်မှသာလျှင် စတင်ဆည်းပူးခွင့် ရကြလေသည်။ ထို့အပြင် အိမ်မှပို့လိုက်သောငွေအား မည်ကဲ့သို့လောက်ငှအောင်သုံးစွဲမည်၊ ဘယ်အချိန်တွင် စာအုပ်ဝယ်စရာများလေ့ရှိသဖြင့် တစ်ခြားအသုံးစားရိတ်ချွေတာရမည်၊ အခန်းမှာ အိမ်သုံးပစ္စည်း ဘာလိုနေသည်၊ ဘယ်နေ့တွင် အိမ်လူကြုံရှိသဖြင့် ညီငယ်၊ညီမငယ်တို့အတွက် ဘာလေးဝယ်ပြီး ထည့်ပေးလိုက်မည်၊..စသည်..စသည်တို့ကဲ့သို့သော ဘ၀အတွက်အမှန်တကယ်လိုအပ်သော စီမံခန့်ခွဲခြင်းတို့ကိုလည်း သင်ယူကြလေသည်။

ယုတ်စွအဆုံး အဆောင်ဖဲဝိုင်းမှပင် သင်ယူမှုတွေ တစ်ပုံတစ်ပင်ဖြစ်လေသည်။ ဖဲရိုက်ခြင်းဟူသည် တော်ရုံလွယ်ကူသော ကိစ္စမဟုတ်ပေ။ အများအားဖြင့် ဖဲကျွမ်းကျင်သည်ဆိုသောသူများသည် လူကဲခတ်လွန်စွာထူးချွန်သောသူများဖြစ်လေသည်။ ဖဲကစားပါက တစ်ခြားသောသူများ ဘယ်အချိန်တွင် ဘယ်ဖဲကိုပစ်လိုက်သည်၊ ဘယ်ဖဲပစ်ပြီးနောက်တစ်လှည့် ဖဲဆွဲရာတွင် မျက်နှာပျက်ကာ ယခင်ပစ်ထားသော ဖဲသို့မျက်စောင်းနှင့်ကြည့်ကာ မျက်နှာအနည်းငယ်ပျက်သွားသည်၊ ဟိုလူ့နောက်တွင် အားပေးနေသောသူ၏ မျက်နှာရွှင်နေသည် ဧကန္တထိုအိမ်တွင် ဖဲကောင်းနေသည်...အစရှိသည်တို့ကို ဆေးလိပ်ပြာလေး တစ်ချက်ချွေခိုက်၊ ဖက်ကြမ်းဆေးလိပ်လေးမီးညှိခိုက် လျှက်တစ်ပြက်အချိန်အတွင်း အလျှင်အမြန်အကဲခတ်ရသည်။ ဤသို့လျှင် မိဝေးဘဝေးကျောင်းတော်ကြီးတွင် သင်ယူစရာတွေ၊ သင်ယူနိုင်တာတွေ တစ်ပုံတစ်ပင်ပေဖြစ်လေသည်။

ယနေ့ ကျွန်တော်တို့နိုင်ငံတွင်တော့ နေရာဒေသအသီးသီးတွင် တက္ကသိုလ်များဖွင့်လှစ်ကာ ပညာသင်ကြားပေးလျှက်ရှိပေသည်။ မြို့တိုင်း၊နယ်တိုင်းနီးပါး ကိုယ်ပိုင်တက္ကသိုလ်များရှိလေသည်။ မြို့တိုင်း၊ နယ်တိုင်းဟုဆိုသော်လည်း မြို့ထဲ၊ နယ်ထဲတော့မဟုတ်ပါ။ အနည်းဆုံး အသွား ၄၅ မိနစ်၊ အပြန် ၄၅ မိနစ်ခန့် နေ့စဉ်အသွားအပြန်တက်ရသည်ဆိုတော့လည်း နီးသည်ဟုဆိုရမည်လား၊ ဝေးသည်ဟုဆိုရမည်လားမသိ။ သေချာသည်ကတော့ အထက်တွင်ဆိုခဲ့သလို တိုင်းရင်းသားလူမျိုးပေါင်းစုံထိတွေ့မှုနည်းပါးလာခြင်းကြောင့် ပြည်ထောင်စုစိတ်ဓါတ်လျော့ပါးလာပေမည်။ မိမိနေထိုင်ရာဒေသမှ မခွဲမခွာနေရသဖြင့် ဒေသန္တရဗဟုသုတနည်းပါးခြင်း၊ မိမိကိုယ်ကိုထိန်းကျောင်းနိုင်စွမ်းကို ပြုစုပျိုးထောင်သင့်သည့်အချိန်တွင် ပြုစုပျိုးထောင်ခွင့်မရခြင်း၊ စကားအသုံးအနှုံးကွဲပြားခြားနားသောဒေသမှသူများနှင့် ထိတွေ့မှုနည်းပါးခြင်းကြောင့် ဘာသာစကားမကြွယ်ဝခြင်းစသော အကျိုးဆက်များကိုခံစားကြရပေမည်။

တက္ကသိုလ်ဟူသည် ပညာသင်ကြားရာနေရာဖြစ်သည်။ ပညာဟူသည် အတန်းပညာကိုသာခေါ်သည်မဟုတ်။ လူတစ်ယောက်၏ ဘ၀အတွက်အထောက်အပံ့ဖြစ်စေသော အရာမှန်သမျှသည် ပညာဖြစ်သည်။ ထို့ကြောင့် ပညာသင်ကြားရာနေရာဖြစ်သော တက္ကသိုလ်များဖွဲ့စည်းရာတွင်ဖြစ်စေ၊ ဖွင့်လှစ်သောနေရာရွေးချယ်ရာတွင်ဖြစ်စေ ဖော်ပြခဲ့သော ဘက်စုံပညာရေးကို ပေးစွမ်းနိုင်ရန်သည်သာ ပထမဦးစားပေးဖြစ်သင့်ပေသည်။ ပညာဖြန့်ဝေရာ ကျောင်းတော်များသည် လွတ်လပ်ပေါ့ပါးသောနေရာ၊ နေရောင်ခြည်ကဲ့သို့ နွေးထွေးသောအသိပညာများကို ပေးသောနေရာ (A place of light and liberty) ဖြစ်ရေးသည်သာလျှင် ပဓာနကျ၍၊ ဤရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေးသည်သာလျှင် ပထမဦးစားပေး ဖြစ်သင့်ပေသည်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...