Saturday, November 19, 2011

ဆန္ဒ

ကြားရတာ နားခါးတယ်
အားမရပါဘူး မောင်တို့လူငယ်တွေရယ်
မငိုတတ်ခဲ့တဲ့ငါ
တစ်ခါတစ်ခါ တွေးမိတိုင်း
မျက်ဝန်းမှာ မိုးတွေညို့လို့ ရင်မှာဆို့တယ်။

ငါ့စိတ်နဲ့ငါပဲလေ
မျောလွင့်နေတဲ့ အိပ်မက်အပိုင်းအစလေးတွေ
မဝေးလွင့်ခင်လှမ်းကောက်လို့
ကျောပိုးအိတ် အပေါက်ထဲထည့်
ပထမဆုံးလှမ်းလိုက်တဲ့ခြေထောက်က
 ကမ္ဘာမြေကို ထိုးဖောက်သွားတယ်။

အကောင်းမြင်ရင် လူတကာကြိုက်ရမှန်းသိ
အဟောင်းမြင်ရင် လူတကာခိုက်ရမှန်းမသိ
ခေတ်သစ်အဂ္ဂိရတ်က အမှိုက်ကရွှေဖြစ်အောင်လုပ်တယ်တဲ့။
တို့အတွက်တော့
မသိတဲ့အတိတ်အရိပ်က မရှိတဲ့အနာဂတ်ကိုဖန်ဆင်း
မရှိတဲ့အနာဂတ်မှာ မသိတဲ့လူတွေမွေးဖွား
ဒီလိုနဲ့သုညတွေပွား။

ဟောဒီသုညကမ္ဘာမှာ ရှေ့ဆုံးက
အသေးဆုံး ဂဏန်းလေးတစ်လုံးဖြစ်ဖြစ်
ငါ ...ရေးခြစ်ချင်မိတယ်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...