Thursday, November 24, 2011


လူမဆန်တဲ့အကောင်


မလှမေတယောက်… မိမိကိုယ်ပေါ်တွင် ကစားရာမှပြန်လာပြီး မောမောပန်းပန်းဖြင့် အပြစ်ကင်းစွာ အိပ်ပျော်နေသော သားလေးကိုကြည့်ကာ အတွေးရေယာဉ်ကြောတွင် နစ်မြောနေလေတော့သည်။
သြော်..ရှေ့နှစ်ဆို ငါ့သားလေး လေးတန်းတောင်ရောက်ပါပေါ့လား။ ကြည့်စမ်းပါဦး ရှည်လာလိုက်တဲ့ခြေထောက်တွေ သူ့အဖေအတိုင်းပဲ။ ပိုက်ဆံများရှိလို့ကတော့ ဘယ်လောက်ကောင်းလိုက်မလဲ။ သူများတွေလို အ၀တ်အစားကောင်းကောင်းလေးတွေ ဆင်ပေးလိုက်ရင် ငါ့သားကြီးက ခန့်ချောကြီးနေမှာ။ ရှေ့နှစ်တော့ ငါ့သားကြီးကို ကျောင်းစိမ်းတစ်ထည်တော့ မဖြစ်ဖြစ်အောင် ၀ယ်ပေးရမယ်။
ထိုသို့တွေးတောရင်း မလှမေ သူမရင်ကြားရှိ အရက်သမားယောက်ျားမသိအောင် စုထားသော ကျောင်းစိမ်းဖိုးလေးကို ထုတ်ကာ ရေကြည့်လိုက်မိလေသည်။ ၁၉၅၀ တိတိ ရှိလေပြီ။ ဒါဆိုသိပ်ပြီးမလိုတော့ပေ။ မလှမေ၏ မျက်နှာပေါ်တွင် ကြည်နူးမှုအရိပ်ကလေးများ လွှမ်းခြုံသွားကာ ဘ၀သည်ခဏတာမြိန်သွားသလိုပင်ရှိလေတော့သည်။


ဒါနဲ့ ကိုအောင်မောင်းတစ်ယောက်လည်း ခုထိပြန်မလာသေးပါလား။ ခါတိုင်းဒီအချိန်ဆိုပြန်ရောက်ပါပြီ.. ဒီနေ့ဘယ်လိုဖြစ်လို့နောက်ကျနေပါလိမ့်။ အရက်ဆိုင်တစ်ဆိုင်ဆိုင်မှာများ မူးလဲနေသလားမသိ။

မလှမေ၏ ကြည်နူးမှုကလေးများသည် တစ်မဟုတ်ချင်းပင် အချိန်မီပြန်ရောက်မလာသော လင်ယောက်ျားကို စိုးရိမ်ပူပန်ခြင်းအဖြစ်သို့ပြောင်းလဲသွားလေတော့သည်။ မလှမေ၏ ခင်ပွန်းသည် ကိုအောင်မောင်းသည် ဆိုက္ကားအငှားနင်းသူတစ်ယောက် ဖြစ်လေသည်။ အသောက်အစားလေး နည်းနည်းရှိသည်ဆိုသော်လည်း သိပ်တော့မဆိုးလှပေ။ မလှမေကတော့ နေ့စားယက္ကန်းခတ်လေသည်။ ယခုတစ်ပတ်နေ့ဆိုင်းဆိုလျှင် နောက်တစ်ပတ်ကို ညဆိုင်းပြောင်း၍ အလုပ်ဆင်းရလေသည်။ ညဆိုင်းဆင်းရသော အပတ်များတွင်တော့ ဒုက္ခအနည်းငယ်ရောက်လေသည်။ ဖခင်အရက်သမားနှင့်ကျန်ခဲ့သော သားလေးကို စိတ်မချသဖြင့် အချိန်ရရင်ရသလို တဲတန်းသို့ပြန်ပြေးကြည့်ရလေသည်။ မလှမေတို့ မိသားစုသည် မလှမေ၏အလုပ်ရှင်ပေးထားသော စက်ရုံနောက်ဖေးရှိ အလုပ်သမားများစုပေါင်းနေထိုင်သော တဲကလေးများတွင်နေလေသည်။ ထိုအလုပ်သမားများနေထိုင်သော တဲကလေးများသည် အတန်းလိုက်လေးရှိနေသဖြင့်လားမသိ တဲတန်းဟုပင်အလွယ်တကူ ခေါ်ဆိုကြလေသည်။

ညနေ ၆ နာရီခွဲခန့်ရှိပြီဖြစ်သဖြင့် နေမင်းကြီးသည် အနောက်အရပ်သို့ ၀င်စပြုနေလေပြီ။ တစ်ရက်တာနောက်ဆုံးနှုတ်ဆက်ခြင်းအနေဖြင့် ၀င်လုဝင်ခင်နေလုံးကြီး ၏အလင်းရောင်က ပူစပ်ပူလောင်ရှိလှသည်။ မလှမေ သားငယ်ကိုအိပ်ယာပေါ်သို့ သွားတင်ရန်အားယူကာ ထလိုက်လေသည်။ သားငယ်ကို ပွေ့ချီထားသော မလှမေ၏ ပါးလွှာသော လုံချည်စသည် ၀င်လုဝင်ခင်နေမင်းကြီး၏ အလင်းရောက်ကိုပင် ခံနိုင်စွမ်းမရှိ ထုတ်ချင်းပေါက်လျက်ရှိပေသည်။ မလှမေ အိပ်ပျော်နေသော သားငယ်ကို အိမ်ခန်းထဲရှိ အိပ်ယာပေါ်အသာအယာတင်ကာ အိမ်ခန်းရှေ့ထွက်၍ လင်ယောက်ျားအား ဆက်လက်မျှော်နေလေတော့သည်။ မကြာပါ….. ကိုအောင်မောင်းတစ်ယောက် ခြေထောက်ထော့နင်းထော့နင်းဖြင့် ဆိုက္ကားကိုတွန်းကာ တရွေ့ရွေ့လျှောက်လာနေသည်ကို မြင်တွေ့ရသဖြင့် အူယားဖားယားဖြင့် ပြေးကြိုကာ.. 

“တော့်နှယ်တော် ..ဘယ်လိုဖြစ်ရတာတုန်း။ ဒူးခေါင်းမှာလည်း ပေါက်ပြဲလို့ပါလား.တော် မူးမူးရူးရူးနဲ့ ဆိုက္ကားမှောက်လာတာမလား။ ရှင့်ကိုကျွန်မပြောသားပဲ ဒီအရည်ကို မသောက်ပါနဲ့ဆိုတာကို ပြောလို့မရဘူး။” ဆိုက္ကားကိုလည်း လက်ပြောင်းတွန်းရင်း မလှမေ အဆက်မပြတ် မြည်တွန်တောက်တီးမိလေတော့သည်။ 
“ဟာကွာ…မင်းကလည်း ဘုမသိဘမသိ စွတ်ပြောနေပြန်ပြီ။ ဒီမှာ နာရတဲ့အထဲ မင်းကတမှောက်။ အား.ကျွတ်.ကျွတ်”  ဒူးခေါင်းတွင် သွေးအလိမ်းလိမ်းပေကျံနေသော ကိုအောင်မောင်းတစ်ယောက်၏ ရှုံ့မဲ့မဲ့မျက်နှာကိုကြည့်ခြင်းအားဖြင့် သူ၏ဒဏ်ရာမည်မျှပြင်းထန်သည်ကို သိနိုင်လေသည်။ ကိုအောင်မောင်းသည် အလုပ်ကြမ်းသမားတစ်ယောက်ပီပီ တော်ရုံတန်ရုံတော့ စာဖွဲ့သူတစ်ယောက်မဟုတ်ပေ။ ခု ဖြစ်သောဒဏ်ရာက တော်တော်များသည်မှာ သေချာသည်။
“မိန်းမရေ ..ငါ့ကို ရေတစ်ခွက်ပေးပါဦးကွာ..ကျွတ်..အား” အိမ်ရှေ့အရောက် ထိုင်ခုံပေါ်ထိုင်ရင်း ကိုအောင်မောင်းက လှမ်းပြောလိုက်လေသည်။
 မလှမေတစ်ယောက် ပျာယီးပျာယာဖြင့် ရေခွက်ကိုခပ်လာရင်း
 “ကိုအောင်မောင်း တော့် အနာကြီးကလည်း အများကြီးပါလား ဘယ်လိုဖြစ်ရတာတုန်း တော် မနက်ဖြန် ဆိုက္ကားမှထွက်နိုင်ပါ့မလားတော်” သားငယ်အတွက်ကျောင်းစိမ်းဝယ်ဖို့ လင်မသိအောင် ပိုက်ဆံခိုးဆုနေသော မလှမေ အစိုးရိမ်ဆုံးကိစ္စသည် ယောက်ျားအလုပ်မလုပ်နိုင်မှာပင်ဖြစ်လေသည်။
“မင်းကလည်းကွာ ဒီမှာ မင်းမမြင်ဘူးလား။ !!!!! ဒူးခေါင်းမှာ ဟက်တက်ကြီးကွဲနေတာ မြင်ရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး နောက်ရက် ဆိုက္ကားထွက်မလဲကွာ.. နာရတဲ့ကြားထဲ ငါ.လုပ်လိုက်ရ”   နာကြင်မှုဝေဒနာကြောင့် သူ့အလိုလိုကပင် ဒေါသဖြစ်နေသော ကိုအောင်မောင်း၏ အသံသည် အနည်းငယ်ကျယ်လောင်သွားလေသည်။
“ရှင်..ကျွန်မကို လာပြီးရမ်းမနေနဲ့ ။ ရှင့်ဟာရှင်ဖြစ်လာပြီးတော့ ဒါနဲ့ တော် ဘာဖြစ်လာတာတုန်း ကျုပ်ကိုပြောပါဦး”
“ငါ..ကားနဲ့ ကပ်ပွတ်မိသွားလို့ ဟ”
“ဟောတော့… ရှင် အလျော်လေးဘာလေး မတောင်းဘူးလား။ အလျော်မရတောင် ဆေးခန်းလေးတော့ လိုက်ပြခိုင်းမှပေါ့။ ရှင် သူများနဲ့ကျတော့ခံလာပြီမဟုတ်လား.. ဟင် ကိုအောင်မောင်း !! ” မလှမေ မရပ်တန်းတရစပ်ပြောလေတော့သည်။
“ဟေ့..နင်ဘာမှ မသိဘဲနဲ့ အာကျယ်အာကျယ်လုပ်မနေနဲ့ … နင့်လင်တွေက အကောင့်သားတွေဟ။ အဲ့ဒါ နင်သိရဲ့လား.. ဘာမှမသိဘဲနဲ့ ဒီကောင်မတော့ နာချင်နေပြီ”    မနားတမ်း တရစပ်ပြောနေသော မိန်းမနှုတ်တိတ်စေရန် ကိုအောင်မောင်း၏ ခပ်နက်နက် အသံအက်ကြီးပေါ်ထွက်လာလေသည်။
“အမလေးတော် လူမဆန်လိုက်ကြတာ။ ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့။ ကားနဲ့လည်း ၀င်တိုက်သေးတယ် ဆေးဖိုးလေးတောင်ပေးဖို့ စိတ်မကူးဘူး ။တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေဆိုတာ မသိကြဘူးလား။ လူမဆန်တဲ့အကောင်တွေ ။ သေချင်းဆိုးတွေ…. အသေဆိုးနဲ့သေပါစေတော် .. အမလေး..ဟေး..ဟေး..ဟေး”   


သားအတွက်အလလက စုဆောင်းထားသော ငွေစကလေးများကို လင်ယောက်ျားဆေးခန်းပြရန်အတွက် ထုတ်သုံးရပေတော့မည်။ ထို့ကြောင့် သားငယ်ကို ကျောင်းစိမ်းဝယ်ပေးနိုင်တော့မည် မဟုတ်ပေ။ ထိုထိုသော ကြေကွဲဝမ်းနည်းမှုဒုက္ခမီးတို့သည် မလှမေ၏ ရင်တွင်းတွင်အလိပ်လိုက်တက်လာလေသည်။ မလှမေ၏ ၀မ်းနည်းပက်လက်ငိုကြွေးသံတို့သည်  ထိုညနေအတွက်တော့ အတောမသတ်နိုင်တော့ပေပြီ။ ထိုစဉ် ယခင်အိပ်ပျော်နေသော ကလေးငယ်သည် မလှမေ၏ ငိုချင်းသံတို့ကြောင့် နိုးနေလေပြီ။ သားလေးမောင်မောင်သည် အလိုက်သိသူပီပီ ခန္ဓာကိုယ်လေးအသာစောင်းကာ မိဘတွေပြောကြားသံတွေကို အသာနားစွင့်နေလေသည်။ ထိုစဉ် မောင်မောင်၏မျက်စိရှေ့ရှိ ကြမ်းကြားထဲမှ ကြမ်းပိုးတစ်ကောင်သည် တရွေ့ရွေ့နှင့် ရွစိရွစိလုပ်နေလေသည်။ မိမိနိုးနေသည်ကို မိဘများသိမှာစိုးသဖြင့် မောင်မောင်လေးသည် ထိုကြမ်းပိုးလေးအား ပါးစပ်မှလေကလေးနှင့် အသာလှမ်း၍ မှုတ်ထုတ်ရန်ကြိုးစားနေလေသည်။
------------------------------------------------------------------------------------------------------------------------------------------
“မင်္ဂလာပါဆရာမ… ကျေးဇူးတင်ပါတယ် ဆရာမ”
ကျောင်းသားများ၏ တက်ကြွကျယ်လောင်သော နှုတ်ခွန်းဆက်စကားသံသည် ဆရာမလေး မနန်း၏နှလုံးသားသို့ပင် ပဲ့တင်ထပ်သွားလေသည်။ သူမ၏ဖခင်သည် အငြိမ်းစားပညာရေးမှူး တစ်ယောက်ဖြစ်လေသည်။ ဖခင်ကြီး၏ သွန်သင်ပြသမှုများကြောင့် တခြားဆရာမများနှင့်မတူပဲ ဆရာမလေးမနန်းသည် ကလေးစိတ်ပညာ၊ စာသင်ကြားနည်းစနစ်များကို အထူးကျွမ်းကျင်ကာ ကလေးငယ်များ၏ စိတ်ဓာတ်မြင့်မားရေးကိုပါ အလေးပေးသင်ကြာပေးလေ့ရှိသော ဆရာမကောင်း တစ်ယောက်ဖြစ်ပေသည်။ စိတ်ရင်းကလည်းကောင်း၊ လူကလည်း ဖြူဖြူချောချောလေးဖြစ်သဖြင့် မျက်နှာမြင်ချစ်ခင်ပါစေ ဟူသောဆုနှင့်ပြည့်သူတစ်ယောက်ဖြစ်လေသည်။   
မုန့်စားဆင်းသည်ကို တခြားကျောင်းသားများနည်းတူ ဆော့ကစားရန်အခန်းပြင်ထွက်မသွားပဲ မောင်မောင်တစ်ယောက် ဆရာမအနားသို့ တိုးကပ်သွားလေသည်။ ဆရာမလေးသည် ကျောင်းသားများကို အယုတ်အလတ်မရွေး ချစ်ခင်သူတစ်ယောက်ဖြစ်ပြီး မေးသမျှကိုလည်း စိတ်ရှည်လက်ရှည် သေချာရှင်းပြလေ့ရှိသဖြင့် ကျောင်းသားလူငယ်များလွန်စွာ သဘောကျကြလေသည်။
“ဆရာမ…..ဆရာမ….”     သူ့ဆရာမအနားအရောက် မောင်မောင်အသံပြုလိုက်လေသည်။
“ဟဲ့… သား..မောင်မောင်…ဘာများလဲ သား”   မနန်း၏ ကြင်နာမှုအပြည့်ရှိသောစကားသံသည် ကျောင်းသားလူငယ်တို့အား ရှေ့တစ်လှမ်းတိုးဖို့ အမြဲခွန်အားပေးသလိုနှယ်ရှိပေသည်။
“သား  မေးစရာလေးတစ်ခုရှိလို့ပါဆရာမ”     စဉ်းစားသော်လည်း အဖြေမထွက်သော ပုစ္ဆာဖြစ်နေသည်၊ ခက်ခဲလှသည်ဆိုသည်ကို ပေါ်လွင်အောင် မောင်မောင်တစ်ယောက် မျက်မှောင်လေးကျုံ့ရင်း ပြောလိုက်လေသည်။
“သြော်…မေးလေသားရဲ့  သားကဘာများသိချင်လို့လဲ”
“ဒီလိုဆရာမ ..မနေ့ညနေက သားသား ဖေဖေဒဏ်ရာကြီးနဲ့ပြန်လာတယ်။ ပြီးတော့ ကားနဲ့ခိုင်းမိတယ်လို့လဲ ပြောသံကြားမိတယ်ဆရာမ။ နောက်..မေမေက ဖေဖေ့ကို အလျော်မတောင်းဘူးလားလို့မေးတယ်။ အဲ့မှာဖေဖေက ဘယ်ကအလျော်ရရမှာလဲ..အလျော်ရဖို့နေနေသာသာ ထောင်ထဲမရောက်တာတောင် ကံကောင်း….သူတို့ကအကောင့်သားတွေလို့လည်းပြောလိုက်ရော..မေမေက.. အဲ့ဒီ အကောင်တွေ…လူမဆန်တဲ့အကောင်တွေ..ဘာညာဆိုပြီးအာပြဲကြီးနဲ့ငိုတော့တာပဲ။   သား စဉ်းစားလို့မရတာက အဲ့ဒီ ဖေဖေတို့မေမေတို့ပြောတဲ့ အကောင့်သား ..လူမဆန်တဲ့အကောင်ဆိုတာ ဘာကောင်လဲဟင် ? သူတို့က လူမဟုတ်ဘူးလား ? ဆရာမသိရင် သားကိုတစ်ချက်လောက် ရှင်းပြပေးပါလား ဆရာမ”
မိမိရှေ့တွင် လက်ကလေးပိုက်ကာ မိမိတကယ်မသိသောအရာကို သိချင်ဇောဖြင့်လာမေးနေသော မောင်မောင့်ကိုကြည့်ကာ ဆရာမလေးမနန်းတစ်ယောက် သက်ပြင်းရှည်တစ်ချက်ချမိလေသည်။
“အေး..ဟုတ်ပြီသား။ ဆရာမ ရှင်းပြမယ်နော်..ခု မုန့်စားဆင်းချိန် သား သွားကစားလိုက်ဦးသွား။ ညနေကျောင်းဆင်းရင် ဆရာမသားကို ရှင်းပြမယ်နော်”
မိမိရှေ့မှ အပြစ်ကင်းစွာ ချာခနဲလှည့်ထွက်သွားသော မောင်မောင်၏ကျောပြင်ကိုကြည့်ကာ အတိတ်ကအရိပ်များ မနန်း၏အာရုံဝယ်ထင်ဟပ်လာလေတော့သည်။ တကယ်တော့ ဒီအရာတွေဟာ မနန်းလုံးဝမေ့ဖျောက်ပစ်ချင်သော အရာများပင်။ ထိုအချိန်မတိုင်ခင်အထိ မနန်း၏ဘ၀သည် လူတိုင်းအားကျကြည်ညိုဖွယ်ပင်။ မနန်း၏ဘ၀မှာ တစ်ခါသာမှားယွင်းခဲ့သော ရွေးချယ်မှုတစ်ခုသည် သူမ၏ဘ၀တစ်လျှောက်ဝယ် ဖျက်မရသောအမည်းစက်တစ်စက်ဖြစ်ခဲ့ရလေသည်။ နားထဲတွင်တော့ သူမ မည်ကဲ့သို့ဖြေကြားပေးသင့်သည် မသိသော မောင်မောင်၏မေးခွန်းသံက လာရောက်ပဲ့တင်ထပ် နေလေတော့သည်။
“ဆရာမ …
အကောင့်သား ..လူမဆန်တဲ့အကောင်ဆိုတာ ဘာကောင်လဲဟင် ? သူတို့က လူမဟုတ်ဘူးလား ဆရာမ?”

မောင်ဝမ်းနွယ်

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...