Monday, February 27, 2012

အိပ်စက်ခြင်းနှင့်ကျန်းမာရေး

လူတစ်ဦးတစ်ယောက်အတွက် အိပ်စက်ခြင်းဟူသည် လွန်စွာအရေးကြီးပေသည်။ လူတို့၏မျက်စိဆိုလျှင် လူတစ်ဦးတစ်ယောက် အိပ်နေသောအချိန်တွင်သာ အနားယူရပေသည်။ ထို့အတူ လူ့ခန္ဓာကိုယ်ရှိ အမျိုးမျိုးသော သက်ရှိဆဲလ်များသည်လည်း အိပ်စက်နေသောအချိန်တွင်သာ တစ်နေကုန်ပင်ပန်းသမျှကို ဖြေဖျောက်ကြရလေသည်။ အိပ်စက်အနားယူချိန်တွင်မှ ထိုသို့မဖြေဖျောက်နိုင်ပါက နောက်တစ်ရက်တွင် နုံးနယ်ချိနဲ့နေတတ်၍ နေရခက်လှပေသည်။

ဆေးပညာအလိုရဆိုလျှင် တစ်နေ့လျှင် ၈ နာရီခန့်အိပ်သင့်သည်ဟူ၍ အဆိုပြုထားလေသည်။ သို့သော်လူအများစုအတွက်တော့ ၈ နာရီကြာအိပ်ဖြစ်ရန် ခဲယဉ်းလှပေသည်။  လူတို့သည် ၄ နာရီခန့်အိပ်စက်ပြီးပါက ပြန်လည်နိုးထတတ်ပေသည်။ ထိုသို့ နိုးထတတ်သဖြင့် မိမိကိုယ်တွင် ချို့ယွင်းချက်တစ်စုံတစ်ရာများ ရှိနေလေသယောင် ခံစားရတတ်ကြပေသည်။ သို့သော် လေ့လာတွေ့ရှိရှိချက်များအရ ထိုသို့နိုးထတတ်ခြင်းမှာ တစ်စုံတစ်ရာ မကောင်းသောလက္ခဏာမဟုတ်ပေ။ ဤအခြင်းအရာသည် သာမာန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး တစ်ချို့ဆိုလျှင် ကော်ဖီ၊ဆေးလိပ်များပင် ခနသုံးဆောင်ပြီးမှ ပြန်လည်အိပ်စက်ကြလေသည်။ ထိုအချိန်သည် အိမ်ထောင်သည်များ ချစ်တင်းနှောရန်အတွက် အကောင်းဆုံးအချိန်တစ်ခုလည်း ဖြစ်ပေသည်။

အိပ်စက်သောနေရာသည် တိတ်တိတ်ဆိတ်ဆိတ် ရှိသင့်ပေသည်။ သို့မဟုတ်ပါက မိမိကအိပ်စက်နေသော်လည်း ဆူညံသံမှနေ၍ မိမိ၏ကိုယ်ခန္ဓာရှိ ဆဲလ်များအပေါ် လာရောက်နှောင့်ယှက်နေပေမည်။ အသံလှိုင်းများသည် အထူးဂရုစိုက်သင့်လှသည်။ အထူးသဖြင့် မိမိအမြဲထိုင်ကာ အလုပ်လုပ်နေသော နေရာတွင် အသံတစ်ခုကို ပုံမှန်ကြားနေပါက ကျန်းမာရေးအတွက် မကာင်းလှပေ။ အလွယ်တကူ စိတ်ဓာတ်ကျတတ်ခြင်း၊ စိတ်ရှုပ်ခြင်း ဒေါသထွက် လွယ်ခြင်းများ ဖြစ်တတ်ပါသည်။

တစ်ခါက ကျွန်တော့်စာကြည့်စားပွဲမှ ကွန်ပြူတာ CPU ပန်ကာ မှ အသံထွက်နေသည်။ ကျွန်တော်လည်း ကိစ္စမရှိဟုထင်ကာ အမှုမဲ့အမှတ်မဲ့ နေလိုက်လေသည်။ နောက်ပိုင်း ဒေါသထွက်ခဲသောကျွန်တော် ဒေါသထွက်လွယ်နေသည်။ ဦးခေါင်းမှာ ကြပ်တပ်တပ်ဖြစ်နေတတ်သည်။ နောက်ပိုင်းတွင်မှ ငါဘာများဖြစ်နေပါလိမ့်ဟု စဉ်းစားကြည့်ရာ တစ်ရက် ၁၂ နာရီခန့် ထိုင်နေသော စားပွဲမှ CPU Fan ကြောင့်ဖြစ်မည်ဟုတွေးမိကာ အသစ်လဲလှယ်လိုက်ရာ အဆင်ပြေသွားလေသည်။ ထိုသို့မလုပ်သင့်သည်ကို သိသော်လည်း အမှုမဲ့အမှတ်မဲ့ နေလိုက်မိခြင်း၏ အကျိုးအပြစ်ပေ။

အထက်ပါ အိပ်စက်ခြင်းနှင့် နေ့စဉ်နေထိုင်မှု ပုံစံတွေထဲမှ ပြင်ဆင်သင့်သည်များကို ဂရုစိုက်ပြင်ဆင်ခြင်းဖြင့် ကျန်းမာပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Reference: Reader's Digest

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...