Friday, March 2, 2012

ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ ခုကျွန်တော်လက်ရှိတက်ရောက်နေတဲ့ ကိုရီးယားကတက္ကသိုလ်

ကိုရီးယားနိုင်ငံ Konkuk တက္ကသိုလ်က 1992 မှာ တီထွင်တဲ့ရှပ်ပြေးယာဉ်ပုံ


တလောကဖေ့စ်ဘွတ်မှာ တစ်ချိန်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေ ရေပေါ်ရှပ်ပြေးယာဉ်ကိုစမ်းသပ်ထုတ်လုပ်နေတဲ့ မှတ်တမ်းဓါတ်ပုံလေးကို(အဲ့ဒီအချိန်တုန်းက ကျောင်းသားဟောင်း ထင်ပါတယ်) တင်လိုက်လို့မြင်လိုက်ရပါတယ်။ ခုနှစ်ကို ကြည့်လိုက်တော့ တော်တော်အံ့အားသင့်သွားတယ်။ 1972 တဲ့။ ဒီမြင်ကွင်းမျိုးကို (ခုတက်နေတဲ့ကျောင်းမှာ) ကျွန်တော် တစ်ပါတ်ကို ၂ ခါလောက် ဆရာ့အခန်းကိုသွားတိုင်းမြင်မြင်နေရပါတယ်။ အဲ့ဒီပုံကတော့ အထက်ကပုံပါပဲ။ ကျွန်တော်တို့ စက်မှုတက္ကသိုလ်က သူတို့ထက် နှစ် ၂၀ လောက်စောပြီး ဒီလိုတီထွင်မှုတွေကို လုပ်ခဲ့တယ်ဆိုတာ သိရလို့ ဂုဏ်ယူလို့မဆုံးပါဘူး။

ခုတော့ ကိုယ့်နိုင်ငံက စက်မှုတက္ကသိုလ်ဆိုတာ မြင်ရကြားရတာ စိတ်ကိုမချမ်းသာပါဘူး။ ဒီပညာရေး မကောင်းကြောင်းတွေပြောရတာလည်း သတိထားရပါတယ်။ တစ်ခါက ဒေါက်တာသန်းထွန်းက ဘွဲ့ယူစာတမ်းလာပြတဲ့ သူ့တပည့်တစ်ယောက်ကို ဒီလိုပြောဖူးပါသတဲ့...
"အေးကွာ..ငါ့လည်း ဗမာပြည်ပညာရေး မကောင်းကြောင်း ပြောသာနေရတာ။ ဘာလိုလိုနဲ့ ငါတောင်တရားခံဖြစ်မှန်းမသိ ဖြစ်လာပြီ" လို့ဆိုပါတယ်။

ကျွန်တော်တို့လည်း သူပြောသလိုပဲ ဘာလိုလိုနဲ့ တရားခံစာရင်းထဲ မပါအောင်ကြိုးစားဖို့လိုပါတယ်။ ဘယ်သူမဆို ပါးစပ်ကတော့ သူများကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးဆိုပြီး တဖွဖွပြောတတ်ကြတာပါပဲ။ တကယ်တမ်း မြင့်မြတ်တဲ့စိတ်ထားနဲ့ တကယ်စေတနာရှိတဲ့သူကတော့ လက်တွေ့မှာနည်းပါတယ်။ တလောက မြန်မာပြည်ပြန်တုန်းက ကိုယ့်ဆရာသမားတွေနဲ့ တွေ့ကြဆုံကြစကားပြောရင်းနဲ့ သူတို့တွေဘာတွေလုပ်နေသည်၊ ဘာလုပ်ချင်သည် ..စသည်ဖြင့် ပြောဆိုဆွေးနွေးကြရင်း ဒီလိုအခြေအနေမှာ ဒီလောက်သူတို့လုပ်ဖြစ်တယ်ဆိုတာ မဆိုးပါလားဟူ၍ မှတ်ချက်ချမိလေသည်။ မိမိကိုယ်လည်း "မင်း ပြန်လာခဲ့ပါ၊ တို့မှာအဆက်အသွယ်တွေလည်း ရှိလာပြီ။လုပ်ချင်တာတွေလည်း အများကြီးပဲ" စတဲ့ စကားတွေကတော့ ကျွန်တော့်အတွက် ပြန်ချင်ရက် လက်တို့ဖြစ်စေသည်။ ငါ့ဆရာတွေကတော့ ငါ့ကိုခါင်းကောင်းလို့ ပြန်လာဖို့ပွဲတောင်းနေတယ်ထင်တယ်ဟု တွေးမိပြီး ကြိတ်ပြုံးမိလေသည်။ (ခေါင်းကောင်းတယ်ဆိုတာ ဦးနှောက်ကောင်းတယ်လို့ဆိုတာမဟုတ်ပါဘူး) ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တာလေးတော့ ကိုယ့်နိုင်ငံအတွက် မသေခင်အကျိုးပြုခွင့် ရခဲ့ချင်ပါသည်။





No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...