Monday, March 12, 2012

ပညာရှိသော ပညာတတ် (German Aerospace Center မှ Dr.Geisseler နှင့် တွေ့ဆုံခြင်း)

၁.၃.၂၀၁၂

ဒီနေ့ ကျွန်တော့်ဆရာရယ် ကျွန်တော်ရယ် ဂျာမနီက ပါမောက္ခကြီးတစ်ယောက်ရယ် သုံးယောက်သား ကျွန်တော့်သုတေသနအတွက် ဆွေးနွေးကြမယ်လို့ ဆရာကကြိုတင်ပြီးပြောထားပါတယ်။ ကျွန်တော်တွေ့မယ်ဆိုတဲ့ ပါမောက္ခကြီးကတော့ တစ်ခြားမဟုတ်ပါဘူး။ Aerodynamic နဲ့ ပက်သက်လို့ စိတ်ဝင်တစားရှိတဲ့သူဆိုရင် သူ့ကိုသိကြမှာပါ။ သူကတော့ ဒေါက်တာဂက်စလာပါ။ သူဟာ ဟယ်လီကော်ပတာတွေရဲ့ ပန်ကာတွေမှာ ဖြစ်နေတဲ့ Aerodynamic နဲ့ ပက်သက်လို့ သူ့ဘ၀တစ်လျှောက်လုံး မြှုပ်နှံလုပ်ကိုင်ခဲ့ပါတယ်။ ဂျာမန် Aerospace center မှာတော့ နေတစ်ဆူလတစ်ဆူပါ။


သူဟာ အနားယူလိုက်ပြီဖြစ်ပေမယ့် ကိုရီးယားအစိုးရဟာ ခုချိန်မှာ ဟယ်လီကော်ပတာထုတ်ဖို့ အသည်းအသန်ကြိုးပန်းနေချိန်ဖြစ်တော့ သူ့ကိုအကြံပေးအနေနဲ့ ငှားရမ်းထားပါတယ်။ တစ်နှစ်ကို ၂ လလောက်တော့ ကိုရီးယားမှာ ရုံးထိုင်ပါတယ်။ ကျွန်တော့်ကျောင်းမှာ ဟယ်လီကော်ပတာနဲ့ ပက်သက်လို့ နောက်ဆရာတစ်ယောက်ရှိပါသေးတယ်။ ကျွန်တော့်ပို့စ်တစ်ခုမှာ ပြထားတဲ့ Comanche ဟယ်လီကော်ပတာကို Develop လုပ်တဲ့ အဖွဲ့ထဲမှာ တစ်ဦးအပါအ၀င်ပါ။ ဒီကို ရောက်ရောက်ချင်း သူ့အတန်းတက်လိုက်ရတာ တော်တော်အီသွားပါတယ်။ သူကတော့ အမြဲမေးခွန်းအရမ်းမေးတဲ့သူပါ။ ဒေါက်တာဂက်စ်လာကတော့ ခပ်အေးအေးသမားပါ။ ဒါပေမယ့် သူလည်းသူ့ပညာရပ်နဲ့ ပက်သက်လို့ မေးစရာရှိရင်တော့ မေးတတ်ပါတယ်။

(သူတို့နှစ်ယောက်ကို ကျွန်တော်သတိထားနှိုင်းယှဉ်ကြည့်မိတာကတော့ Germany and Korea ရဲ့ MoU meeting တစ်ခုကို ဆရာကတက်ခိုင်းလို့ သွားတက်တဲ့အချိန်ကပါ။ အဲ့ဒီတုန်းက ကျွန်တော့်ဆရာပါတက်မယ်ထင်ထားပေမယ့် ဆရာရောက်မလာခဲ့ပါဘူး။ ကျွန်တော်အဲ့ဒီအချိန်တုန်းက ဘ၀မှာအကြီးကျယ်ဆုံး သိမ်ငယ်မှုဆိုတာကို ခံစားခဲ့ရပါတယ်။ အခမ်းအနားအစီအစဉ်ကို ဆရာကပေးထားတဲ့အတွက် ဒီအစည်းအဝေးမှာ ဘယ်သူတွေတက်မယ်ဆိုတာကို ကျွန်တော်သိနေပြီးသားပါ။ Germany နဲ့ Korea က တကယ့်လူတွေချည်းပါ။ ကျွန်တော်ကတော့် ဘာဆိုဘာမှ မဟုတ်တဲ့ကောင်ပါ။ အဲ့ဒီအခန်းနားမှာ ကျွန်တော်မ၀င်ရဲလို့ မတ်တတ်လေးရပ်နေပြီး ကိုယ့်ကိုယ်ကိုသိမ်ငယ်သလိုခံစားခဲ့ရပါတယ်။ ခဏကြာမှ အဲ့ဒီ Comanche ဟယ်လီပရောဂျက်မှာ ပါဝင်ခဲ့တဲ့ဆရာထွက်လာပြီး ခဏနေပြန်စမယ် ၀င်ပြီးမိတ်ဆက်လေဆိုမှ ကျွန်တော်သူနဲ့အတူ လိုက်ဝင်ခဲ့ပါတယ်။ ကျွန်တော်တက်မယ်လို့ ကျွန်တော့်ဆရာက ပြောထားပုံပါပဲ။ အခန်းထဲမှာလည်း တော်တော်နေရတာ မအီမသာပါပဲ။ အားလုံး ၀ိုင်းထိုင်နေကြတာဆိုတော့ နီးနီးကပ်ကပ်ရှိပြီး ၅ နှစ်လောက်  ဟိုဘက်ကဘာတွေလုပ်တယ်၊ ဒီဘက်ကဘာတွေလုပ်တယ်ဆိုတာကို အပြန်အလှန်ပြကြ ဆွေးနွေးကြတာပါ။)

 အဲ့ဒါလေးကတော့ သတိရတုန်းမှတ်တမ်းလေး ကျန်ချင်လို့ ရေးလိုက်တဲ့ သဘောပါ။ ကဲ မူရင်းစာကို ပြန်သွားပါမယ်။ ဒီလိုနဲ့ နေ့လည် ၃ နာရီလောက်မှာ ကျွန်တော့်ဆရာဆီကနေ ဖုန်းလာပါတယ်။ မင်းကို ဒေါက်တာဂက်စလာ စောင့်နေတယ်။ ခုပဲသွားလိုက်ပါ..ငါတော့ အပြင်သွားစရာရှိလို့ မလာနိုင်တော့ဘူးလို့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း လိုအပ်မယ်ထင်တဲ့ စာရွက်စာတမ်းလေးတွေ ကိုင်ပြီး ထွက်သွားပါတယ်။ အခန်းရှေ့ရောက်တော့ တံခါးကိုခေါက်လာတော့ "Come in" ဆိုတာနဲ့ အပေါက်ဖွင့်ဝင်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ သူဟာ မီးပိတ်ပြီး ကွန်ပြူတာမှာ စာဖတ်နေတာပါ။ ကျွန်တော်ဝင်လာတော့ သူထလာပြီး အခန်းမီးဖွင့်ပြီး စားပွဲဝိုင်းမှာထိုင်ပါတယ်။ ကျွန်တော်လည်း ကျွန်တော်ဘယ်သူဘယ်ဝါဆိုပြီး မိတ်ဆက်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်ဘယ်နိုင်ငံကပါဆိုပြီး ပြောလိုက်ပါတယ်။ သိလားဆိုတော့ သူကသိပါတယ်။ ဘယ်နားလဲတော့ သေချာမသိဘူးလို့ပြောပါတယ်။ ခုလိုလူတွေနဲ့တွေ့ရင်တော့ ကျွန်တော်ဘယ်နိုင်ငံက ဆိုတာကို ပြောလေ့ရှိပါတယ်။ ကျွန်တော့်နိုင်ငံကို ဒီလိုလူတွေသိစေချင်တဲ့စိတ် ကျွန်တော့်မှာရှိတဲ့ အတွက်ကြောင့်ပါ။

အဲ့ဒီနောက် ကျွန်တော့်ကိုသူက ဘာတွေစိတ်ဝင်စားတာလည်းဆိုပြီး စမေးပါတော့တယ်။ ကျွန်တော်လည်း Aerodynamics ကို အထူးစိတ်ဝင်စားကြောင်း အရင်ကကျွန်တော်ဘာတွေလုပ်ခဲ့တယ်၊ ခုကျွန်တော် ဆရာလုပ်ခဲ့တဲ့ Dynamic Stall နဲ့ ပက်သက်တဲ့အပိုင်းကို လုပ်ဖို့စိတ်ဝင်စားကြောင်း၊ ဆရာ့ရဲ့ထုတ်ဝေခဲ့တဲ့ စာတမ်းတွေလည်းဖတ်ပြီးကြောင်း၊ တစ်ချို့ကျွန်တော်စဉ်းစားမိတဲ့နယ်ပယ်တွေဟာ ခုလက်ရှိဒီမှာရှိတဲ့ Facilities တွေနဲ့မလုံလောက်တဲ့အတွက် ဒီမှာရှိတာနဲ့ လုပ်လို့အဆင်ပြေမယ့်ဟာမျိုးကို အကြံဥာဏ်ရယူလိုကြောင်း စပြီးပြောပါတယ်။ အဲ့ဒီကနေ အပြန်အလှန် ပြောဆိုဆွေးနွေးကြရင်း တစ်ခုသတိထားမိတာက သူဟာသူမသိတဲ့အပိုင်းရောက်ရင် အဲ့ဒါတော့ကျွန်တော်မသိဘူးဆိုပြီး ရိုးသားစွာဝန်ခံပြောဆိုတာပါပဲ။ သူက Helicopter Aerodynamics နဲ့ ပက်သက်လို့ NASA တို့၊ DLR တို့မှာ နှစ်ပေါင်းများစွာအတိုင်ပင်ခံခဲ့တဲ့သူပါ။

ကျွန်တော်တို့ဆွေးနွေးနေကြတဲ့အပိုင်းမှာ သူဟာ Theoretical point of view အရ ကျွန်တော်နဲ့နှိုင်းမရအောင်သာပေမယ့် Experimental point of view အရ ကျွန်တော်ကပိုသိမယ်၊ တကယ်လက်တွေ့လုပ်နေတဲ့သူဖြစ်တဲ့အတွက် တကယ့်လက်တွေ့ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို သူ့ထက်ကျွန်တော်က ပိုသိတယ်လို့လက်ခံထားပုံပါ။ ဒါဟာ လူတစ်ယောက်အတွက် အလွန်အရေးကြီးတဲ့ ရိုးသားခြင်းဆိုတာပါပဲ။ လူဟာ ဘွဲ့တစ်ခုလောက်ရရင်ကို ငါကတော့ ပညာတတ်ဆိုတာမျိုး စိတ်ကြီးဝင်တတ်ပါတယ်။ ခုလို သူလိုလူတစ်ယောက်ဆီက မသိတာကို မသိဘူးဆိုပြီး ရိုးသားစွာပြောဆိုတာကို ကြားလိုက်ရတာဟာ ကျွန်တော့်ဘ၀အတွက်တော့ ကြီးမားတဲ့အတုယူစရာ တစ်ခုဖြစ်ခဲ့ပါတယ်။

နောက်တစ်ခုကတော့ သူလိုဝါရင့်သမ္ဘာရင့်ကြီးတစ်ယောက်က ကျွန်တော့်လို ဘာမှမဟုတ်တဲ့သူတစ်ယောက်ကို လေးလေးစားစားဆက်ဆံတဲ့အတွက် ကျွန်တော့်မှာ Self-confidence အလိုလိုမြင့်လာတယ်လို့ ခံစားရပါတယ်။ ဒါဟာ အနောက်တိုင်းလူမျိုးတွေရဲ့ ဓလေ့တစ်ခုပေပဲလား? ကျွန်တော်တို့ အရှေ့တိုင်းကလူငယ်တွေဟာ အနောက်တိုင်းသားတွေနဲ့စာရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်း ကြပါတယ်။ ဒါဟာ အရှေ့တိုင်းမှာ ဆရာ၊ဆရာမတွေဟာ ဘုရားတစ်ဆူလိုဖြစ်ပြီး ကလေးတွေကိုလည်း အနောက်တိုင်းလောက် အလေးထားအရေးပေးတာမျိုး မရှိလို့လို့ထင်ပါတယ်။ (မြန်မာမှာတော့ ဆရာ၊ဆရာမတွေဟာ ဘယ်လိုတွေဆိုတာ စာဖတ်သူစဉ်းစားကြည့်ပါ။) ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဆရာတစ်ယောက်သာဖြစ်ခဲ့မယ်ဆိုရင်ဖြင့် ကိုယ့်ရဲ့စာသင်သားကလေးငယ်တွေကို လေးလေးစားစားဆက်ဆံပြီး၊ ကိုယ်ကရှေ့ဆုံးကနေ ရိုးရိုးသားသားနေပြမယ်လို့ စိတ်ပိုင်းဖြတ်မိပါတယ်။ ဒါဟာ ပညာရှိသော ပညာတတ်တစ်ယောက်ပင် မဟုတ်ပေဘူးလားဗျာ။

1 comment:

  1. In our Asia culture, most of the people are reluctant to say " I don't know" honestly. Actually, it is very important to say what we can and what we can't to whom we work with so that they can teach us for the thing we don't know and they can learn from us what they don't know.
    Inter-exchangeable learning culture...

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...