Thursday, March 15, 2012

တမာကုန်းက ငတုံးတွေအကြောင်း




ဒီနေ့တော့ ခပ်ပျင်းပျင်းရှိတာနဲ့ ဟိုကောင်နှစ်ကောင်အိမ်ဘက်ကို ထွက်လာမိတယ်။ နေကလည်း သိတဲ့အတိုင်းပဲ အညာနေဆိုတော့ တော်တော်ပူတယ်။ ဒီနှစ်ကိုက အရင်နှစ်တွေထက် ပိုပူသလိုပဲ။ သူကြီးတို့ ဟိုတနေ့ကပြောနေသံကြားတာကတော့ အန်တီညိုကြောင့်ဆိုလားပဲ။ ဒါလည်းဖြစ်တော့ဖြစ်နိုင်တာပဲ ရွာထိပ်ကဒေါ်ညိုက မျိုးရိုးစဉ်ဆက်ကိုယ်က ဆယ့်နှစ်ကြိုးဆိုလား ဘာဆိုလား။ ဟိုကောင်နှစ်ကောင် အိမ်မှာရှိမှရှိကြပါ့မလားမသိဘူး။

အဲ့ဒီနှစ်ကောင်ကတော့ တခြားမဟုတ်ဘူး။ ကျုပ်နဲ့ကငယ်ပေါင်းကြီးဖော်တွေ။ ပြောမနာဆိုမနာတွေပေါ့ဗျာ။ ကျုပ်ကတော့ဒီကောင်တွေကို မူကြီးနဲ့မျိုးကြီးလို့ခေါ်တယ်..သူတို့ကလည်း ကျုပ်ကိုအောင်ကြီးလို့ခေါ်ကြတယ်။ ကျုပ်တို့နာမည်တွေမှာ ဘာလို့ကြီးတပ်ခေါ်တာလည်းလို့ ကျုပ်တို့ကိုလာမေးကြတယ်။ ဒီတော့ ကျုပ်ကပြန်ပြောလိုက်တယ် "တခြားတော့မဟုတ်ဘူး။ လူပီသချင်လို့ပဲလို့" .. ဟုတ်တယ်လေ လူဆိုတာ ကိုယ့်ဟာကိုကြီးကျယ်တယ်ပဲထင်နေကြတာ။ ကျုပ်တို့လည်း ဒါ့ကြောင့်ခပ်ရွပ်ရွပ်နဲ့ အဲ့လိုပဲခေါ်လိုက်တယ်။ ရွာကလူတွေက သူတို့ကိုသူတို့ အဟုတ်ကြီးထင်နေကြတယ်။ တကယ်တော့ ဘာမှဟုတ်တာမဟုတ်ဘူးရယ်။ သူကြီးသမီးဆူးစူးတာနဲ့ ရွာထဲကဖိုးတုတ် ထင်းခုတ်ရင်းဓားရှတာ ဘယ်ဟာကပိုအရေးကြီးလဲဆိုတာ ကျုပ်တို့ကမှ ခွဲခြားသိသေးတယ်။ ဒီလူတွေကတော့ဖြင့် သနားစရာ..သူကြီးအိမ်ဆီပြေးပြီး သတင်းမေးလိုက်ကြတာ..နောက်ပိုင်းက ဖိုးတုတ်ကြီးမေးခိုင်ပိုးဝင်ပြီး လျှောသွားတာတောင် မသိလိုက်ကြဘူး။ တွေးမိရင် ဒေါသကိုထွက်တယ် ..တော်တော်ဆိုးတဲ့ ကျုပ်တို့ရွာသားတွေ။

လျှောက်ရင်းနဲ့ ဟိုကောင်တွေအိမ်နားနီးလာတာနဲ့ ဟေ့ကောင်မျိုးကြီးနဲ့မူကြီးရှိလားဟေ့။ ဆိုပြီးအသံပေးလိုက်တယ်ဆိုရင်ပဲ အေးဟ ရှိတယ်ဟေ့ရှိတယ် ဆိုပြီးတန်းထွက်လာကြတယ်။ ဒီကောင်တွေကျုပ်လာခေါ်မယ်ဆိုတာ သိလို့များထိုင်စောင့်နေသလား အောက်မေ့ရတယ်။ ဟေ့ကောင်ငအောင် ဘယ်ဒိုးမလို့လဲ။ ထုံးစံအတိုင်း ကိုမောင်ပုဆီပေါ့ကွာ။ အေးကောင်းသားကွလို့ ငမူကထပြီးထောက်ခံတယ်။ ကဲ ဒါဆိုလစ်ကြစို့ကွာ။ သုံးယောက်သား ရွာလယ်လမ်းတစ်လျှောက် ဖုန်တလုံးလုံးနဲ့ ခပ်သွက်သွက်လေးလျှောက်လို့ ကိုမောင်ပုထန်းတောဆီ အသော့နှင်ခဲ့ကြတယ်။

ထန်းတောထဲဝင်ဝင်ချင်းပဲ အပူဒဏ်တော်တော်လျော့ သွားသလိုခံစားရတယ်။ အရိပ်ကောင်းတဲ့ နေရာလေးရွေးပြီး ကိုမောင်ပုရေ နှစ်မြူလောက်ချဗျာ။ အမြည်းတော့ ပဲကြီးလှော်ပဲလုပ်လိုက်ဆိုပြီး ကျုပ်လှမ်းမှာလိုက်တယ်။ ဟိုနှစ်ကောင်မျက်နှာ အရောင်လက်သွားသလိုလိုပဲ။ ဟေ့ကောင်တွေ အိမ်မှာမင်းတို့ဘာလုပ်နေကြတာတုန်း..ထိုင်ထိုင်ချင်းချင်းပဲ မေးလိုက်မိတယ်။ ငါတော့ အိမ်မှာထူးထူးဆန်းဆန်း မီးလာနေလို့ တီဗွီကြည့်နေတာကွလို့ မျိုးကြီးကပြန်ပြောတယ်။ ငမူမင်းကောလို့ ဆိုမှ.. ဒီလိုပါပဲကွာဆိုပြီး အသံထွက်လာတယ်။ ဒီကောင်က ဒီလိုပဲ.. နှစ်ခါလောက်ပြန်ပြန်မေးရတတ်တယ်။

ကိုမောင်ပု ထန်းရည်နဲ့အမြည်းလာချတာနဲ့ ကျုပ်တို့လည်း လက်လွှဲယူပြီး တစ်ခွက်ဆီငှဲ့လိုက်ကြတယ်။ ကဲ ဘာရယ်ညာရယ်မဟုတ်.အကြံအောင် ထီပေါက် မိန်းမရ..ချီးယားကွာ ဆိုပြီး တစ်ယောက်တစ်ခွက် မော့လိုက်ကြတယ်။ ဒီလိုနဲ့ ငှဲ့လိုက်သောက်လိုက်နဲ့ ကျုပ်တို့လည်း နဲနဲကောင်းတယ်ဆိုတဲ့ အဆင့်ရောက်လာကြတော့တယ်။ ဒါနဲ့နေကြဦး မင်းတို့ဟိုဟာကြားကြလား ဆိုပြီးမျိုးကြီးက စကားစတယ်။ ကျုပ်တို့လည်း မသိသေးတာကို ပြောတော့မှာမှန်းသိသိနဲ့ သူရှေ့ဆက်ကောင်းအောင် အေးဟ ဘာများတုန်းဟဆိုပြီး ဖော်လိုလိုက်လိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ တို့ရွာကိုဖြတ်သွားမယ်တဲ့ကွ ဆိုပြီး အားတက်သရောပြောလေသည်။ ဟေ့ကောင်..ငမျိုး မင်းတန်ရာတန်ရာပြောစမ်း ကိုယ့်အလုပ်ကိုယ်လုပ် ဘာနိုင်ငံရေးတွေဘာတွေ ရောရောင်လျှောက်ပြောမနေနဲ့ဆိုပြီး ကျုပ်ကလှမ်းပြောလိုက်တယ်။ ငမူကတော့ မင်းဆက်ပြောဆိုတဲ့ သဘောနဲ့ ဟိုကောင့်ကိုခေါင်းဆတ်ပြတယ်။

ဒါနဲ့ ဒီကောင်လည်း မဲနိုင်တဲ့အမတ်လောင်းစတိုင်နဲ့ .... အဲ့ဒါပဲ အဲ့ဒါပဲ မင်းတို့ကောင်တွေ အဲ့ဒါကြောင့်မကြီးပွားတာ။ နိုင်ငံရေးကို နိုင်ငံသားတိုင်း စိတ်ဝင်စားရမယ်ဆိုတာတောင် မင်းတို့မသိဘူးမလား။ နိုင်ငံသားဆိုတဲ့ အဓိပ္ပာယ်ထဲမှာကိုက ကိုယ့်နိုင်ငံဒုက္ခရောက်မယ့်အရေးကို မြင်ရင်တားဆီးရမယ့်တာဝန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ မင်းတို့တွေမသိဘူးမလား။ ဟေ့ကောင်မျိုးကြီး မင်းတော်တော်။ ထန်းရည်သောက်လို့ ကံငါးပါးမလုံလို့ မင်းတို့ကောင်တွေ လူမဟုတ်ဘူးလို့ ဘဘုန်းကြီးပြောတာနဲ့တင် လုံလောက်ပါပြီ။ ခုဘာတုန်း မင်းကငါတို့ကို ဒီနိုင်ငံသားမဖြစ်သေးဘူးလို့ ပြောချင်တာလား။ ဟားဟဟား ..ဆိုတဲ့ ငမူရဲ့အသံထွက်လာတယ်။မင်းနိုင်ငံရေးဘယ်လောက်နားလည်တုန်း၊ ဒီမိုကရေစီဆိုတာကော ဘာတုန်းမင်းသိလား.. ဆိုပြီးကျုပ်ကဆက်ပြောလိုက်တယ်။

အေး..မင်းမသိရင်မှတ်ထား ဒီမိုကရေစိဆိုတာ အပြန်အလှန်ထိန်းကြောင်းပြီး လျှောက်လှမ်းရတဲ့စနစ်မျိုးကွ။ မင်းတို့နားလည်အောင်ပြောရရင်တော့ ရွာမှာကျင်းပတဲ့ နွားပြိုင်ပွဲမှာဝင်ပြိုင်သလိုပဲ။ ဟိုဘက်နွား.ဒီဘက်နွားမျှတအောင်ကိုင်တတ်မှ လိုရာပန်းတိုင်ကို ဖြောင့်ဖြောင့်တန်းတန်းနဲ့ မြန်မြန်ရောက်မှာကွ. .ဆိုပြီး ဒီကောင်ကဘုန်းကြီးကဒကာ၊ဒကာမကို ပြောတဲ့အသံနဲ့ပြောတော့တယ်။ ဘယ်ချိန်က ချောင်းနေမှန်းမသိတဲ့ ငမူက အေး... မထိန်းတတ်လို့ မနှစ်ကပွဲမှာ ကိုရင်သာဓု သူ့နွားရှေ့ပစ်ကြပြီး ပွဲချင်းပြီးသွားတာ သိတယ်မလားဆိုပြီး ပြောလိုက်တော့ ကျုပ်တို့လည်း အသံမြည်အောင်အားရပါးရ ရယ်မိလိုက်ကြတော့တယ်။ ကျုပ်တို့က ဒီလိုပဲ ဘာရယ်မဟုတ်ဘူး တစ်ယောက်နဲ့တစ်ယောက် မခံချင်အောင်ပြောလိုက်ရမှ စားဝင်အိပ်ပျော်ကြတာ။

ဒါနဲ့ ဟေ့ကောင်တွေ ..ဒီည ဗွီဒီယိုရုံမှာ ဘာကားပြမှာလဲကွ ဆိုပြီးကိုမူကမေးတယ်။ ဒါနဲ့မျိုးကြီးက .. ဒီညနေထက်လင်းကားကွ။ ရုံပြည့်မယ်ထင်တယ် ဒို့စောစောသွားမှဖြစ်မယ်ဆိုပြီး ၀င်ပြောတယ်။ အင်း... အေးကွာ ဒို့မလည်းကြည့်သာကြည့်နေရတာ ဟိုနိုင်ငံခြားကားတွေလို ဒို့ကားတွေကြည့်ကောင်းလာရင် ကောင်းမယ်ကွာဆိုပြီး ကျုပ်က၀င်ပြောလိုက်တယ်။ အဲ့မှာပဲ အစောကအထိနာထားတဲ့ မျိုးကြီးက.. မင်းကလည်းလုပ်ပြီ..ဟိုကောင်တွေနဲ့ ဒို့နိုင်ငံကဟာတွေနဲ့ ဘယ်ယှဉ်လို့ရမလဲကွ။ ဒီကောင်တွေက ငွေကိုလည်းရေလိုသုံးပြီး ပစ္စည်းကောင်းတွေနဲ့ ရှယ်လုပ်တာကိုးကွဆိုပြီး ၀င်ထောက်တယ်။ ဟေ့ကောင် ငါက ကျန်တာတွေကြီးကြီးကျယ်ကျယ်ကို တောင်းဆိုပြီးပြောနေတာ မဟုတ်ဘူးကွ။ ဒီလက်သီးထိုးတာလေးကို မပီပြင်သေးလို့ပြောနေတာ ဆိုပြီးကျုပ်ဟောက်လိုက်တယ်။ အေး..အဲ့ဒါတော့ ငအောင်ပြောတာမှန်တယ်ကွ။ ခုချိန်လောက်ဆို လက်သီးထိုးတာလောက်တော့ ပီပြင်ဖို့ကောင်းပြီလို့ ငါလည်းထင်တယ်..လို့ ငမူက၀င်ထောက်လေသည်။ အေး ဒါနဲ့ ဒို့ဗိုလ်ချုပ်ကားလည်း ရိုက်တော့မယ်ဆိုပဲကွ ဟူ၍ ဆက်ပြောလေသည်။

အဲ့ဒီမှာပဲ ဟိုကောင်ငရူး မျိုးကြီးက (ဒီကောင်က ဗိုလ်ချုပ်ကိုသိပ်ကြည်ညိုလေးစားတာ) မတ်တတ်ထရပ်ပြီး လက်ထဲကဟာကို အပြီးသတ်မော့ပြီး ထိုအိုးမုတ်ခွက်ကိုခေါင်းပေါ်တင်ကာ လေးစားပါတယ်ဗိုလ်ချုပ်။ အမိန့်ရှိပါ ဗိုလ်ချုပ်။ ဟူ၍ အလေးပြုရင်း မာန်ပါပါပြောလိုက်လေရာ ငမူက သဘောကျစွာဖြင့် တခစ်ခစ်ရယ်လေသည်။ ဟေ့ကောင်တွေ ငါ့ရဲ့ ဗိုလ်ချုပ်ကားပြရင်တော့ ငါရှေ့ဆုံးကနေ သွားကြည့်မှာပဲ မင်းတို့မလိုက်ချင်နေခဲ့ ဒါပဲ ဟု မျိုးကြီးက ပြောလိုက်လေသည်။ ကျွန်ုပ်လည်း လက်ထဲရှိလက်ကျန်ကို မော့ပြီး မျိုးကြီးရာ ငါတော့မင်းကို သနားတယ်ကွာဟု ပြောလိုက်လေသည်။ ထိုစဉ်ကျွန်တော်တို့အားလုံး ငြိမ်သက်သွားမိကြလေသည်။ ကျွန်ုပ်လည်း ၀င်လုလုဖြစ်နေသော နီစို့စို့နေမင်းကြီးကို လှမ်းကြည့်ကာ တစ်စုံတစ်ခုကိုဆုံးရှုံးလိုက်ရသလို ရင်မှာခံစားမိလေတော့သည်။

မောင်ဝမ်းနွယ် (၁၅.၃.၂၀၁၂)





No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...