Sunday, March 25, 2012

ချစ်ခြင်းနှင့်မသင့်မြတ်တဲ့ ချစ်တတ်သူတို့အကြောင်း



တကယ်တော့ ငါကိုကမှားတာပါကွာ.. ပဲကြီးလှော်ကို ပါးစပ်ထဲထည့်ရင်းလှမ်းပြောလိုက်တဲ့ ကိုမူရဲ့ အသံ ဟာ ကျွန်တော်တို့ကြားမှာရှိတဲ့ တိတ်ဆိတ်ခြင်းဆိုတဲ့ သဘာဝတရားရဲ့ ၀မ်းနည်းခြင်း သင်္ကေတတစ်ခုကို ဖျက်ဆီးလို့နားထဲ ၀င်ရောက်လာတယ်။ ညကအိပ်ရေးပျက်ထားတဲ့ ဒဏ်ရယ်၊ ခဲလေသမျှ သဲရေကျရတာ ရယ်၊ တစ်ရွာလုံးရဲ့ ခပ်စိမ်းစိမ်းမျက်လုံးတွေအောက် နေနေရတာတွေရယ်ကြောင့် ကျုပ်တို့ သုံးယောက် သား စကားတစ်လုံးမှ မပြောနိုင်ဘဲ ကိုယ့်ခွက်ကိုသောက်နေကြရာကနေ ကိုမူက အဲ့ဒီစကားကို စတင်ဖောက်ကြားလာတယ်ဖြစ်တယ်။

အေးလေ.. မင်းမှားတာပဲလေ။ ငါနဲ့ ဟိုကောင်နဲ့က မင်းပြောတဲ့အတိုင်း အတိအကျလုပ်တာပဲလေ။ မင်းကိုယ်က အသုံးမှမကြတာ။ အဲ့ဒါကြောင့် ဒီလွဲတဲ့အကျင့်ကို မွေးမထားနဲ့ မြန်မြန်ပြင်ပါလို့ ငါပြောသားပဲ ဆိုပြီး ကျုပ်လည်းအသံကျယ်ကျယ်နဲ့ ပောာက်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ မျိုးကြီးက .. မင်းကိုငါတို့ အတန်တန်ပြောသားပဲ ဒီအကျင့်ဆိုးကြီးကို ပြင်ပါလို့ဆိုတာ ခုတော့ ကြည့်လေ တစ်ရွာလုံးကဒို့ကို ဘယ်လိုအကြည့်နဲ့ကြည့်ပြီး ဘာတွေပြောနေကြပြီလဲ။ အဲ့ဒါမင်းကြောင့် ငမူ !!! ငါတော့ မင်းကို လုပ်လိုက်ရနော်....!! ဆိုပြီးပြောပြောဆိုဆိုနဲ့ လက်သီးနဲ့ ထိုးမလိုလုပ်လို့ ကျုပ်ဝင်ဆွဲ လိုက်ရတယ်။ ဟေ့ကောင် မင်း..စိတ်ထိန်းစမ်းကွာ.. ဒီမှာပြသနာတွေက ရှုပ်နေတာ နောက်တစ်မှုမတိုးစေနဲ့။ (ဒီကောင်စိတ်တိုမယ်ဆိုလည်း တိုစရာပဲ။ ဘောလုံးပွဲမကြိုက်တဲ့ ဒီကောင်ကို ကျုပ်ကညတုန်းက ဘောလုံးပွဲကြည့်ဖို့ ခေါ်သွားမိတယ်လေ။ ချန်ပီယံလိဂ်ဆိုတော့ သိတဲ့အတိုင်းပဲ ပွဲကောင်းလေ။ ဝေလီဝေလင်းမှာ လုပ်စရာလေးကလည်းရှိတော့ ကျုပ်လည်း ဒီကောင့်ကို ဟေ့ကောင်မင်းငါနဲ့လိုက်ပြီး ဘောလုံးပွဲရုံမှာ ဒီညအိပ်လိုက်.. ပြီးမှ ဒို့လုပ်စရာရှိတာဆက်လုပ်မယ်ဆိုပြီး ဒီကောင့်ကိုပင့်လိုက်မိတယ်လေ။)

ဟာကွာ... မင်းတို့ကောင်တွေကလည်း ငါ့ကိုစာနာစိတ်ကို မရှိကြဘူး။ ဒီမှာ အထိုးခံထားရတာတွေက နာရတဲ့ကြားထဲ။ မင်းတို့အလှည့်ကျမှ ကောင်းကောင်းသိမယ်။ နာလည်းနာ ၀မ်းလည်းနည်းနေတဲ့ သူ့ရဲ့ဝမ်းခေါင်းသံကြီးနဲ့ ကိုမူကကျုပ်တို့ကို တောင်းပန်သလိုလို ဟောက်သလိုလို လှမ်းပြောတယ်။ ဟုတ်တော့လည်းဟုတ်ပါတယ် သူ့ခမျာမျက်နှာမှာ ဖူးလို့ရောင်လို့။ ကျုပ်တို့နှစ်ယောက်က အိပ်ရေးပျက်တာလောက်ပဲရှိတာလေ။ သူ့ဒဏ်ရာကတော်တော်တော့ ပြင်းမယ်ဗျ။ နယ်နယ်ရရလက်သီးမိထားတာ မဟုတ်ဘူးလေ။ ဘောလုံးပွဲရှုံးတဲ့လက်သီးလေ။ သာမာန်လက်သီးထက် အဆတစ်ရာပိုပြင်း၏ လို့ဆိုရမလားပဲ။

ဒီနေ့ မနက်အစော ၃ နာရီလောက်ကပေါ့ ဒီကိုမူက သူကြီးသမီးကို ခိုးပြီးလို့ ကျုပ်တို့ နှစ်ယောက်ကို စောင့်နေတုန်း ဘောလုံးပွဲရှုံးပြီးပြန်လာတဲ့သူတွေက သူတို့နှစ်ယောက်ကို တွေ့သွားပြီး သူတို့ ရှုံးလာသမျှလောင်းကြေးတွေကို ကိုမူ့မျက်နှာဆီကနေ အလျော်ယူပြီး ကိုမူ့ကို သူကြီးဆီ အပ်လိုက်တယ်လေ။ ကိုမူကလည်းကိုမူပဲ ကိုင်လိုက်ရင်မီးခဲချည်းပဲ. ဒါပေမဲ့ ချီးကျူးစရာကောင်းတာက ဒီလူကကျုပ်တို့ သုံးယောက်ထဲမှာတော့ ရင်ခုန်သံအကောင်းဆုံးပဲလို့ ဆိုရမယ်။ သူ့ စကားနဲ့ပြောရရင်တော့ ငါ့နှလုံးသားက ထိလွယ်ရှလွယ်လေးပါတဲ့။ အဲ့ဒီ ထိလွယ်ကလေး ဒီတစ်ခါတော့ ကျုပ်တို့ အဆုံးသတ်သွားပြီမှတ်တာ ကံကြမ္မာကလွဲဖြစ်အောင်လွဲလိုက်သေးတယ်။

တကယ်တမ်းပြောရရင်တော့ ကျုပ်နဲ့ ဟိုကောင်နဲ့က သူခိုင်းတဲ့အတိုင်းကွက်တိလုပ်တာပဲ။ သူပဲကျုပ်တို့ကို ပြောတယ်လေ မနက် ၃ နာရီလောက်ကို သူကြီးအိမ်နောက်ဖေးမှာ လှည်းနဲ့တကွစောင့်နေပါလို့ သူကကျုပ်တို့ကို မှာတယ်လေ။ ဒါနဲ့ ကျုပ်က အိုကေ ငါဘောလုံးပွဲကြည့်မှာဆိုတော့ ကွက်တိပဲလို့ ဘောလုံးပွဲပြီးတာနဲ့ တန်းလာရုံပဲလို့။ ဒါပေမယ့် ဟိုကောင်ကတော့ သူ့အိမ်ကို ကျုပ်ကို လာနှိုးပါလားတဲ့ သူအိပ်ရင်းစောင့်နေမယ်တဲ့။ ကျုပ်ကလည်း ဒီလောက်အရေးကြီးတဲ့ အချိန်မှာ သည်းခံပြီး ဘောပွဲရုံ လိုက်အိပ်လိုက်ကွာ။ ပြီးတာနဲ့သွားလို့ရအောင်လို့ဆိုပြီး ကျုပ်ကပြောပြတော့ သူကသဘောတူတယ်။ ငမျိုးကဘောပွဲရုံ ဆူဆူညံညံကြားမှာ ရအောင်အိပ်တယ်။ ဘောပွဲကလည်း ဂိုးတွေတဒိုင်းဒိုင်းသွင်းနေတော့ ကျုပ်ကလည်းဘယ်ဘက်က ဂိုးသွင်းသွင်းပျော်တဲ့ကောင်ဆိုတော့ တစ်ဂိုး ဂိုးတိုင်း ထထအော်နေမိတော့ လောင်းထားတဲ့သူတွေက နဲနဲတော့တင်းနေကြပုံပဲ။

ဒီလိုနဲ့ ဘောလုံးပွဲလည်းပြီးရော ဟိုကောင်ပြောတဲ့အတိုင်းကျုပ်တို့လည်း သူကြီးအိမ်နောက်ဖေးမှာ လှည်းလေးထိုးပြီး ငမျိုးကအိပ်လို့ ကျုပ်ကတော့လှည်တဆန့်ဆန့်နဲ့ ငမူ ဘယ်တော့ ထွက်လာမလဲ စောင့်နေတာပေါ့။ တော်တော်ကြာလို့ ရုတ်ရုတ်သဲသဲအသံတွေကြားမှ ငမူနဲ့ သူကြီးသမီးကို ဘောပွဲကြည့်ပြီး ပြန်လာတဲ့သူတွေက မိသွားကြပါလေရော။ အဲ့ဒီတော့မှ ကျုပ်လည်း ငမျိုးကို ဟေ့ကောင် ထထ ဟိုကောင်တော့ ဒုက္ခရောက်နေပြီဟ ဆိုပြီးမြန်မြန်နှိုးလိုက်တော့ ဒီကောင်လည်း ကမန်းကတန်းထလိုက်တာ ခြုံထားတဲ့ပုဆိုးက အထက်အောက်လွဲနေလို့... ဟေ့ကောင် မင်းပုဆိုးကဇောက်ထိုးကြီးလို့ ဆိုပြီး အော်သတိပေးလိုက်ရသေးတယ်။ ဒီလိုနဲ့ ကျုပ်တို့လည်း ကိုမူတို့ နားရောက်ရော ဒီကောင် ငမူခမျာ လူလယ်ကောင်မှာ ပုဆိုးစလေးကိုင်ပြီး ဆောင့်ကြောင့်လေးထိုင်လို့ မလုပ်ကြပါနဲ့ကွာ.. ငါတို့ချစ်ခြင်းကို မခွဲကြပါနဲ့ကွာဆိုပြီး တောင်းပန်တိုးလျှိုးနေလေရဲ့။ ဒါနဲ့ ကိုမူစိတ်ကူးရင်ထားတဲ့ သူ့ရဲ့မင်္ဂလာဦးလှည်းယာဉ်ကြီးဟာ သူ့ကိုဆေးခန်းလိုက်ပို့ပေးဖို့ ဖြစ်သွားပါလေရော။

ဒါကတော့ကျုပ်တို့ရဲ့ ဝေလီဝေလင်းအရှုပ်တော်ပုံပဲ။

မင်းပြောတဲ့အတိုင်း ငါတို့က အိမ်နောက်ဖေးမှာ စောင့်တယ်နော်.. ငါတို့အပြစ်တစ်ပြားမှမရှိဘူး ဆိုပြီးဟိုကောင်ကပြောတော့. ငမူက အေးပါကွာ. ငါမှားသွားတာပါ.. ငါဆိုလိုချင်တာက သူကြီးအိမ်အနောက်ဖက်ဘေးကွ.. ဆိုပြီး မချိတင်ကဲအသံနဲ့ပြောတယ်။ ဒီမှာ ကျုပ်က .. အေး.. အိမ်အရှေ့ အိမ်အနောက်.. အိမ်ရှေ့ဖက်၊ အိမ်နောက်ဖက်ဆိုတာ တို့မွေးကတည်းက ကြေလာတဲ့စာကွ မင်းနားမလည်တာတော့ တို့လည်း မတတ်နိုင်ဘူးဆိုပြီး ပြောလိုက်တယ်။ တကယ်တော့ သူကကျုပ်တို့ကို သူကြီးအိမ်ရဲ့အနောက်ဖက်ဘေးကနေစောင့်လို့ ပြောချင်တာ။ တကယ်တမ်း သူ့ပါးစပ်က ထွက်လာတာက သူကြီးအိမ်နောက်ဖေးတဲ့ ..ဒါနဲ့ပဲ ကျုပ်တို့ရဲ့ အလွဲတွေက ဆိုးရွားတဲ့အကျိုးဆက်တွေ ဆက်တိုက်ဖြစ်တော့တာပဲ။

ကျုပ်တို့ရဲ့ အသံတွေကလည်း နဲနဲမာနေတော့ ကိုမူနဲနဲတော့လန့်နေပုံပဲ။ အဲ့ဒီအချိန်မှာပဲ မျိုးကြီးက ငမူ့ကိုသနားနေပုံပေါ်တယ်.. သူ့ကိုစကားလမ်းကြောင်းလွှဲတဲ့ အနေနဲ့.. ခင်ဗျား ကောင်မလေး စိတ်ညစ်ပြီး ခုချိန်မှာ ကိုယ့်ဟာကိုယ် တစ်ခုခုလုပ်မှာ စိုးရိမ်မိတယ် ဆိုပြီးပြောလိုက်တယ်။ အဲ့ဒီမှာပဲ ကိုမူရဲ့ခေါင်းရွက်ဗျက်ထိုး လေသံကြီးက တိုးထွက်လာတယ်... ဟာာ ..ဟာာ.. ဒါတော့လုံးဝမဖြစ်နိုင်ဘူး ကိုယ်သိတယ်..။ ဘာကြောင့်ခင်ဗျားက ဒီလောက်သေချာတာတုန်းဆိုတော့ ကိုမူက.. ဒီလိုကွ သူ့အမေနဲ့ငါ့အဖေနဲ့ ကြိုက်နေရာကနေ. သူကြီးကကြားဖြတ်ပြီး ခိုးပြေးတော့ သူ့အမေကဘာမှဖြစ် မသွားဘူးကွ။ ခု မင်းတို့ကြည့်လေ သူကြီးနဲ့ သူ့မိန်းမနဲ့က အဆင်ပြေနေတာပဲလို့ပြောလိုက်တော့ ကျုပ်တို့နှစ်ယောက်မှာ မရှိတဲ့နံရိုးကြားက အားလေးတွေထုတ်ပြီး တဟားဟားနဲ့ အော်ရယ်မိကြတော့တယ်။

အေး.. သူဘာမှမဖြစ်သလို မင်းလည်းဘာမှ မဖြစ်စေနဲ့လို့ မျိုးကြီးက ၀င်ထောက်တော့.. အေး ငါလည်းခုခဏပဲ တော်ကြာရင်တော့ ဘာမှကိစ္စမရှိဘူး ထုံးစံအတိုင်းပဲလို့ ဆိုလိုက်တော့.. ကျုပ်လည်း အော် အော် ထိလွယ်ရှလွယ်ကြီးရယ် ဆိုပြီးပြောပြောဆိုဆို ကျုပ်နဲ့ မျိုးကြီးအော်ရယ်လိုက်ကြတယ်။ ဒါဆိုခင်ဗျားက တစ်ယောက်ပြီးတစ်ယောက် အလွယ်တကူပြောင်းနေမှာပေါ့ ဟုတ်လားဆိုပြီးမျိုးကြီးက မေးလိုက်တော့မှ ကိုမူက.. အမလေးကိုယ့်လူ အချစ်ဆိုတဲ့အရာက ထာဝရရှင်သန်နေတဲ့ အရာမျိုးဟ ဆိုပြီးပြန်ပြောလိုက်တယ်။ ကိုမူရဲ့အဖြေကို သဘောကျစွာရယ်ရင်းကပဲ ကျုပ်က... ဒါဆို ကိုမူ့ရဲ့ ၀ါဒီက ကျုပ်ကြားဖူးထားတဲ့ စကားလိုဖြစ်နေပြီ။ ဘာလဲဟ လုပ်စမ်းပါဦးဆိုပြီး အချစ်နဲ့ပက်သက်ရင် အမြဲတက်ကြွတဲ့ကိုမူ ကလှမ်းထောက်လိုက်တယ်။

ဒီလိုဗျ.. Love can neither be created nor destroyed. It can only change from one people to another ဆိုလားပါပဲဗျာဆိုပြီး ပြောပြောဆိုဆိုကျုပ်တို့ သုံးယောက်သား ရယ်လိုက်ကြတယ်။ ဟဟဟဟ ဟုတ်တယ်ဟေ့ ကြိုက်သွားပြီ ဒီစကားကတော့ ဒါနဲ့ ငအောင် မင်းမြို့တက်ပြီး စပီကာကြီးကင်တုန်းက တစ်လဘယ်လောက်ပေးရတုန်းဆိုပြီး ကိုမူကကျုပ်ကို ခနဲ့တဲ့တဲ့ လှမ်းမေးလိုက်တယ်။ ကျုပ်လည်း မင်းကြီးတော်ကြီး ကင်ပါလားဟ.. စပီကင်ဟ စပီကင်.. မင်းဘကြီး စပီကာကင်ပါလားဆိုပြီး အော်ပြောလိုက်တယ်။ ဒီတော့ကိုမူက.. အေး မင်းဘာသာ စပီကာပဲကင်ကင် စပီပဲကင်ကင်.. ကင်ချင်တာကင် နောက်ဆုံးတော့ ခုမင်းကျွဲကျောင်းရင်းတော့ ပြောလို့အဆင်ပြေတယ် မဟုတ်လားဆိုပြီးပြောလိုက်တော့ ကျုပ်လည်း ခွေးကောင်သေပေတော့ ဆိုပြီးရှေ့မှာရှိတဲ့ ပဲကြီးလှော်တွေနဲ့ လှမ်းပက်လိုက်တယ်။ သူတို့နှစ်ကောင်က ကျုပ်ဒေါသထွက်တာကိုကြည့်ပြီး တဟားဟား ရယ်ကြလေတော့တယ်။

အေး. ဟေ့ကောင် မင်း No Lake for No Lake Sucks !!!! ဆိုတာကြားဖူးတယ်မလားဆိုပြီး ကျုပ်ကပြောလိုက်တော့ ... ဟိုနှစ်ကောင်က ဟဲ့ကောင်အဲ့ဒါတော့ ငါတို့တစ်ခါမှ မကြားဖူးဘူး ဘာတုန်းဟဆိုပြီး လုပ်လာကြတယ်။ ကျုပ်လည်း အေး မသိရင်မှတ်ထား ... ရေမရှိရေမလာ စိတ်ပျက်တယ်ကွာ !! ဆိုပြီး ပြောကာသုံးယောက်သား ဟက်ဟက်ပက်ပက် ရယ်လိုက်ကြလေတော့သည်။

အေးအေး..ကဲကျုပ်ကတော့ တစ်ခုပဲစိုးရိမ်တယ် ဟိုကိုရီးယားကားတွေထဲကလို ကိုမူ ခင်ဗျားကောင်မလေး ကိုယ့်ဟာကိုသက်သေသွားမှာကိုပဲဗျ ဆိုပြီးပြောလိုက်တော့... အေး အဲ့ဒါ.. ကိုယ်ပြောချင်တာ အဲ့ဒါပဲ.. အဲ့ဒီလိုလူတွေမှာ အပြစ်က လုံးဝကို ကြီးတယ်။ ဟ.. ဘယ်လိုအပြစ်ကြီးတာတုန်းဟ လုပ်စမ်းပါဦးဆိုပြီး ကျုပ်နဲ့ ဟိုကောင် သိချင်ဇောနဲ့ မေးလိုက်မိကြတယ်။ အဲ့ဒီမှာကိုမူလည်း အားတက်သွားပြီး ... အေး အဲ့ဒီလို အချစ်ကြောင့် ကိုယ့်ဟာကို သတ်သေသွားတဲ့သူတွေဟာ သာမာန်ထက်ကို အပြစ်ကြီးတယ်။ ဘာလို့လဲဆိုတော့ သူတို့ကအချစ်ကို ရှင်သန်ခွင့်မပေးလို့ပဲ။ အစဉ်အမြဲရှင်သန်နေတဲ့အချစ်ကို သူတို့ကသတ်ပြစ်လို့ကို သူတို့ကအပြစ်ကြီးတာဆိုပြီး ကိုမူကပယ်ပယ်နယ်နယ်ပြောလေတော့တယ်။

အန်... ခင်ဗျားပြောမှပဲ သူတို့အသက်သေတာထက် အချစ်ကိုသတ်ပစ်လို့ပဲ အပြစ်ကပိုကြီးရတာပေါ့ ဟုတ်လားဆိုပြီး မျိုးကြီးက မချိန်တင်ကဲလေသံနဲမေးလိုက်တယ်။ ဒီအချိန်မှာပဲ ကျုပ်ပါးစပ်က အချစ်ဟူသည်မှာ ဖန်တီးလို့လည်းမရ ဖန်ဆင်းလို့လည်း မရပေ။ တစ်ဦးမှတစ်ဦးသို့သာ ကူးပြောင်း၍ရလေသည်။ အချစ်၏စွမ်းအင်စုစုပေါင်းသည် အနန္တပင်ဖြစ်လေသည်.. ဟူ၍ ရွတ်ဆိုလိုက်ရာ သူတို့နှစ်ယောက်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားသလို တဟားဟား ရယ်မောကြလေတော့သည်။

တကယ်တော့ အချစ်ဆိုသည်မှာ ယခုကဲ့သို့အချစ်ကို တစ်ခါမှလက်ဝယ် မပိုင်ဆိုင်ဖူးသော သူတို့၏လက်ထဲတွင်သာ အလှပဆုံးတည်ရှိနေသော အရာပင်ဖြစ်လေသည်။


                                                                               မောင်ဝမ်းနွယ်

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...