Wednesday, March 28, 2012

အရင်းစစ်တော့ စနစ်တစ်ခုလုံး ပြင်ရမှာ (လူထုစိန်ဝင်း)


အရင်းစစ်တော့ စနစ်တစ်ခုလုံး ပြင်ရမှာ (လူထုစိန်ဝင်း)


ကျောင်းဆရာလုပ်တုန်းက တပည့်ဖြစ်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အခုအချိန် ပြန်တွေ့ကြတဲ့အခါမှာ သူတို့အားလုံးလိုလိုဟာ ကျောင်းသားမိဘတွေဖြစ်နေကြပြီ။ အိမ်နားက သံရုံးမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာသင်တန်းကို ကလေးတွေလိုက်ပို့ရင်း ၀င်ဝင်လာတတ်ကြတယ်။

သူတို့လို မဖြစ်စေချင်လို့

တပည့်ဟောင်းတွေနဲ့ စကားပြောရင်း သိလိုက်ရတာတစ်ခုက သူတို့အားလုံးလောက်နီးပါးဟာ သားသမီးတွေကို အစိုးရကျောင်းတွေမှာ မထားကြတော့ဘူးဆိုတာပဲ။ နိုင်ငံခြားသားတွေလာသင်တယ်ဆိုတဲ့ ရန်ကုန်က နိုင်ငံတကာကျောင်းတွေမှာ ထားသူကထားကြပြီး စင်ကာပူကကျောင်းတွေသွားထားသူက ထားကြတယ်။ ဘယ်မိဘမဆို သားသမီးကို အကောင်းဆုံးပညာပေးချင်ကြတာကတော့ ဘယ်ခေတ်ဖြစ်ဖြစ် အတူတူပါပဲ။ တပည့်တွေက သူတို့လိုဘွဲ့ရပြီး ဘာမှမသိ၊ ဘာမှမတတ်တဲ့သူတွေ မဖြစ်စေချင်လို့ ငွေကုန်ကြေးကျ အများကြီးခံပြီး သားသမီးတွေကို ပညာပေးနေရတာ ဖြစ်ကြောင်းပြောကြတယ်။

ကျုရှင်ကျမှသင်တယ်

ကလေးတွေ အကြောင်းကစပြီး ပညာရေးအကြောင်းပြောကြတော့ အစိုးရကျောင်းတွေကတော့ တော်တော်ဆိုးနေပြီ။ ဆရာဆရာမတွေက ကျောင်းမှာ ကောင်းကောင်းမသင်ဘဲ၊ ကျူရှင်ကျမှ သေသေချာချာ သင်ကြတယ်။ ကျူရှင်မယူတဲ့ ကလေးတွေဆို မျက်နှာကောင်းမရဘူး။ အဲဒီ ကျူရှင်လခနဲ့ ၀ိုင်းကျူရှင်လခနဲ့ ဂိုက်အတွက်ပေးရတာနဲ့ အားလုံးပေါင်းလိုက်ရင် အပြင်ကျောင်းကုန်ကျစရိတ်နဲ့ သိပ်မကွာလှတော့ဘူးလို့ ဆိုကြတယ်။ အစိုးရကျောင်းမတက်တော့ တက္ကသိုလ်တက်ရင် ဘယ်လိုလုပ်မလဲလို့မေးတော့ ဒီက တက္ကသိုလ်တွေ ဘာလုပ်မှာလဲ၊ နိုင်ငံခြားတက္ကသိုလ်တွေတက်ကြမှာပေါ့တဲ့။ ခြုံစရာရှိလို့ ချမ်းကြတာမို့ ဘာမှမပြောချင်ပါဘူး။ ဒါပေမယ့် ဆရာ၊ဆရာမတွေရဲ့  ကျူရှင်ကြောင့် အစိုးရကျောင်းတွေ ပျက်တာဆိုတဲ့ စကားကိုတော့ တယ်ပြီး ဘ၀င်မကျချင်ဘူး။

မ တစ်ရာသားတွေ

မှန်ပါတယ်။ ဒီခေတ်မှာ မူကြိုအရွယ်ကနေ ဘွဲ့ရပြီးတဲ့အရွယ်ထိ ကျူရှင်နဲ့ဘယ်သူမှ မကင်းနိုင်ကြဘူး။ ဘွဲ့ရပြီးတော့လည်း အလုပ်ခွင်ဝင်ခွင့်ကျူရှင်ဆိုတာ တက်ကြရသေးတယ်။ ကျူရှင်တွေကို ဆရာ၊ဆရာမတွေက တမင်မွေးထုတ်လိုက်တာမဟုတ်တာတော့ သေချာတယ်။ ကျောင်းမှာတစ်နေ့လုံး " မ တစ်ရာသား " တွေကို တဟဲ့ဟဲ့နဲ့ ထိန်းကျောင်းခဲ့ရပြီး၊ အနားယူရမယ့် အချိန်ကလေးမှာလည်းဆက်ပြီး ထိန်းရင်းကျောင်းရင်း စာသင်ပေးရတာမျိုးကို ဘယ်ဆရာ၊ ဆရာမမှ လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ တပည့်လေးတွေကို တတ်စေချင၊် အောင်စေချင်တဲ့ စေတနာကြီးမားလွန်းလို့သာ သင်ကြရရှာတာပါ။

ငါ့ဝမ်းပူဆာမနေသာ

ကျူရှင်မယူရင် ဆူပူကြိမ်းမောင်းတယ်ဆိုတာကလည်း " စုန်းပြူး " တစ်ယောက်တစ်လေဖြစ်မှာပါ။ ရတဲ့လခလေး မဖြစ်စလောက်မို့ " ငါ့ဝမ်းပူဆာမနေသာ " တာကြောင့် ကျူရှင်ပေးရလည်း အရင်းခံကတော့ စေတနာပါ။ ဘွဲ့ရပြီးဘာမှမတတ် ဘာမှမသိဖြစ်ရတဲ့ကိစကို ကျူရှင်အပေါ်ပုံချ၊ ဆရာဆရာမတွေကို အပြစ်ဖို့လုပ်ရုံနဲ့ ပြသနာဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ပြသနာရဲ့ အရင်းအမြစ်ကို မှန်မှန်ကန်ကန်ရှာဖွေနိုင်မှ အဖြေရမှာ ဖြစ်တယ်။ အရင်းအမြစ်ကို ရှာတဲ့အခါမှာလည်း အစည်းအဝေးခန်းမကြီးတွေထဲမှာတင် ရှာဖွေနေလို့ကတော့ ပကတိအဖြစ်မှန်၊ အခြေအနေမှန်ကို ဘယ်နည်းနဲ့မှ မရနိုင်မသိနိုင်ဘူး။

နောက်တော်ပါတွေနဲ့

အောက်ခြေဆင်းတယ်ဆိုပြီး နောက်တော်ပါ တစ်ပြုံကြီးနဲ့ သွားကြည့်ရင်လည်း ပကတိအခြေအနေမှန်ကို မသိနိုင်ဘူး။ သနပ်ခါးလိမ်း၊ ပန်းပန်ပြထားတာတွေပဲ တွေ့ရလိမ့်မယ်။ တကယ့်အဖြစ်မှန်၊ အခြေအနေမှန်ကိုသိချင်ရင် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို တွေ့ဆုံမေးမြန်းမှပဲ ဖြစ်လိမ့်မယ်။ ကျောင်းထဲမှာ အစည်းအဝေးခေါ်ပြီး ပြောပါဆိုရုံနဲ့တော့ ဘယ်သူမှပြောမှာမဟုတ်တာ သေချာတယ်။ အတိုင်ခံရသူတွေက ဘာမှမဖြစ်ဘဲ၊ တိုင်ကြားသူသာအရေးယူခံရတဲ့ အဖြစ်မျိုးတွေ ကြုံဖူးပေါင်းများပြီဆိုတော့ လူတွေက ရှေ့ထွက်ပြီး လူစွမ်းကောင်း မလုပ်ချင်ကြတော့ဘူး။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဆိုတာကလည်း သိသိသာသာဖြစ်လာတာ မတွေ့မမြင်ရသေးဘူး။

အဆင့်မြင့်ပါတယ်

ဆရာ၊ဆရာမတွေရဲ့ ကျူရှင်ကြောင့် မဟုတ်ဘူးဆိုတော့ ၊ ပြဋ္ဌာန်းတဲ့သင်ရိုးညွှန်းတမ်းစာအုပ်တွေကြောင့်လား ဆိုပြီး သူငယ်တန်းကနေ ဆယ်တန်းအထိစာအုပ်တွေ လှန်လှောကြည့်တော့ တော်တော်တောင် အံ့အားသင့်သွားတယ်။ စာအုပ်တွေမှာပါတဲ့ သင်ခန်းစာတွေဟာ အတော်ကို အဆင့်အတန်းမြင့်ကြပါတယ်။ မူလတန်းစာအုပ်ထဲက စာတွေဟာ မူလတန်းအရွယ်ကလေးတွေနဲ့တောင် မလိုက်အောင် အဆင့်မြင့်ပါတယ်။ ကိုးတန်း၊ ဆယ်တန်းမှာသင်တဲ့ သင်္ချာ၊ ဓာတု၊ ရူပ သင်ခန်းစာတချို့ဆိုရင် ကျွန်တော်တို့ခေတ် အိုင်အက်စ်စီ (စီနီယာ)တန်းရောက်မှ သင်ရတာတွေ ဖြစ်တာတွေ့ရတယ်။ တကသိုလ်အတန်းအသီးသီးက စာတွေလည်း အဆင့်မနိမ့်ပါဘူး။

လေ့လာဆန်းစစ်ဖို့လို

ဆရာတွေနဲ့ ကျူရှင်ကြောင့်လည်း မဟုတ်၊ သင်ရိုးညွှန်းတမ်းကြောင့်လည်း မဟုတ်ဆိုရင်တော့ ဘာကြောင့် ဒီနေ့ လက်ရှိအခြေအနေမျိုး ဖြစ်နေရတာလဲ။ သေသေချာချာ စနစ်တကျလေ့လာ ဆန်းစစ်ကြဖို့ လိုပါတယ်။ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကြီးတွေအားလုံး ပါဝင်တက်ရောက်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ ၀ပ်ရှော့တွေ အများကြီးလုပ်ကြဖို့ တိုက်တွန်းလိုတယ်။ ဘေးကပညာရေး စိတ်ဝင်စားသူတစ်ယောက်ရဲ့ အမြင်ကို ပြောရရင်တော့ ဟိုနားနည်းနည်းပြင်လိုက်၊ ဒီနားနည်းနည်းဖာထေးလိုက်လုပ်ရုံနဲ့ လုံလောက်လိမ့်မယ် မထင်ဘူး။ အလုံးစုံတစ်ခုလုံးကို ပြင်ပစ်မှာပဲ ရတော့မယ်လို့ထင်မိတယ်။

အားလုံးကောင်းပါသည်ခင်ဗျား

နောက်တော်ပါ ခြွေရံသင်းပင်းတွေ တစ်ပြုံကြီးနဲ့ စစ်ဆေးရေးသွားတဲ့အကျင့်တွေ လုံးဝဖျောက်ပစ်ဖို့ လိုသလို၊ လူကြီးလာမယ်ဆိုမှ အကျည်းတန်တွေအားလုံး သနပ်ခါးလိမ်း၊ ပန်းပန်၊ မရှိတာတွေ အရှိလုပ်ပြ၊ မေးသမျှ မေးခွန်းတိုင်း အားလုံးကောင်းပါသည်ခင်ဗျား လုပ်ကြတဲ့ ၀န်ထမ်းလက်စွဲ အစဉ်အလာအားလုံး ကိုလည်း ဖျောက်ပစ်ဖို့လိုတယ်။ ဒါ့အပြင် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ အကျင့်ပါခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို ထစ်ခနဲဆို ပါတီကခေါ်ခိုင်း၊ အရေးအကြောင်းဆို ကောင်စီက ခေါ်ခိုင်း၊ ဘာမှခိုင်းစရာမရှိရင် ကောင်စီမှာ ကင်းစောင့် ခိုင်းတယ်။ တယ်လီဖုန်းစောင့်ခိုင်းဆိုတဲ့ ခေါက်ရိုးကျိုးစိတ်ဓာတ်တွေလည်း လုံးဝပျောက်ကွယ်သွားဖို့လိုတယ်။

အားနာနာနဲ့ဖြေရတာ

မြန်မာ့ဆိုရှယ်လစ် တစ်ခေတ်လုံး ဆရာ၊ဆရာမတွေမှာ ကျောင်းအလုပ်နဲ့ မဆိုင်တာတွေနဲ့ချည်း အချိန်ကုန် နေရတဲ့အတွက် ကျောင်းမှာ စာကောင်းကောင်း မသင်နိုင်ခဲ့ကြဘူး။ ပြီးတော့ အတန်းတစ်တန်းမှာ လူ၆၀၊ ၇၀ ပြွတ်သိပ်ညပ်နေတာတွေလည်း ပြုပြင်ဖို့လိုတယ်။ ဗလာစာအုပ်ဝယ်ရ ရောင်းရ၊ ကျောင်းဝတ်စုံ ၀ယ်ရ ရောင်းရ၊ စာသင်ခုံတွေ ရှာရဖွေရ ၊ မြေဖြူခဲတွေရှာရ ဆိုတဲ့ ဒုကပေါင်းစုံကလည်း ကင်းလွတ်အောင် လုပ်ပေးဖို့လိုတယ်။ ဒါဆိုရင် ရပြီလား၊ ကောင်းသွားမှာလားမေးရင် ဒီလောက်နဲ့လည်း မရသေးဘူးလို့ အားနာနာနဲ့ ဖြေရတာကို ခွင့်လွှတ်ပါ။

တွန်းအားပေးကြဖို့

စနစ်တစ်ခုက တစ်ခုကို ပြောင်းမယ်ဆိုရင် တစ်နေရာတည်း တစ်ခုတည်းကွက်ပြီး ပြောင်းလို့မရနိုင်ဘူး။ တစ်စုံလုံးပြောင်းပစ်မှဖြစ်မှာ။ ပျက်တာကလည်း ပညာရေးတစ်ခုတည်းမဟုတ်ဘူး။ အားလုံးပြုပြင်ဖို့ လိုနေတာ ချည်းပဲ။ ဒါကြောင့် အားလုံးတစ်စုံလုံး ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲနဲ့ ပညာရေးကဏ္ဍတို့၊ ကျန်းမာရေးကဏ္ဍတို့ချည်း ကွက်ပြီးလုပ်ဖို့မဖြစ်နိုင်ဘူး။ အားလုံးပြင်နိုင်အောင် ၀ိုင်းပြီး တွန်းအားပေးကြဖို့ အထူးလိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။
                                                                                                                               လူထုစိန်ဝင်း
ဒီ "အရင်းစစ်တော့ စနစ်တစ်ခုလုံးပြင်ရမှာ " ဆောင်းပါးက ၂၆-၀၂-၂၀၁၂အပတ် ထုတ်ဝေတဲ့ True News Journal မှာ ပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...