Monday, April 9, 2012

ပုဂ္ဂိုလ်ကိုးကွယ်မှု


မိတ်ဆွေများခင်ဗျား … ဒီနေ့ ကျနော်ပြောချင်တာကတော့ ပုဂ္ဂိုလ်ကိုးကွယ်မှုအကြောင်းပါ။ တနည်းပြောရရင် Hero Worship ခေါ် သူရဲကောင်းကိုးကွယ်မှုအကြောင်း ပါပဲ။ တခါက အမေရိကန်ပြည်ထောင်စု၊ တက္ကသိုလ်တခုမှ မြန်မာစာ မြန်မာမှုဆိုင်ရာ စာတမ်းဖတ်ပွဲတခုလုပ်တော့ ကဗျာဆရာ တင်မိုးနဲ့ ကျနော်ရယ်၊ ပါရဂူဘွဲ့ရ မြန်မာလူငယ်ပညာရှင်နှစ်ဦးရယ် စာတမ်းဖတ်ပွဲ နားချိန်တခုမှာ စကားလက်ဆုံကျမိပါတယ်။ ပြောကြတဲ့အကြောင်း အရာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆောင်ရွက်မှုအကြောင်း ဖြစ်ပါတယ်။ ဒီလူငယ်နှစ်ယောက်လုံးက ကျန်တဲ့ကျောင်းနေသူ ငယ်ချင်းတွေရဲ့သားတွေမို့ တူသားတွေလို ရင်းနှီးသူတွေပါ။
အဆုံးမှာ ပါရဂူလူငယ်တဦးက “ဆရာတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ကိုးကွယ်မှုဖြစ်နေတာပဲ” လို့ မှတ်ချက်ချလိုက်ပါတယ်။ ဒီတော့ တင်မိုးက “ဒေါ်အောင်ဆန်းစုကြည်ဟာ ပညာအမြော်အမြင်နဲ့ ပြည့်စုံတယ်။ သိက္ခာသမာဓိလဲရှိတယ်။ ကိုယ်ကျိုးစွန့် အနစ်ခံသူလဲဖြစ် တယ်။ ဒါကြောင့် သူဟာ အနာဂတ်ဗမာပြည်ကို ဦးဆောင်ကယ်တင်နိုင်မယ်လို့ ယုံကြည်အားထားတာကွ” လို့ ပြန်ဖြေပါတယ်။ “ဆရာ လူဆိုတာ မှားတတ်တာပဲ။ ဒေါ်စုမှားသွားရင်ကော” လို့ အထွန့်တက်လာပါတယ်။ ဒီတော့ တင်မိုးက ပညာအမြော်အမြင်ပြည့်စုံတဲ့ ဒေါ်စုလို လူမျိုးဟာ မှားစရာမရှိဘူးလို့ကို တို့ယုံတယ်ကွာ” လို့ ပြန်ဖြေတယ်။ ပါရဂူလူငယ်က “ချောက်ထဲကို ဒေါ်စုက ဦးတည်ခေါ်ဆောင်သွားရင်ကော ဆရာ” လို့ ဆက်ပြီး ထေ့ပါတယ်။ ဒီတော့လဲ တင်မိုးက “ငါတို့ကတော့ သူ့နောက်လိုက်ပြီး ချောက်ထဲကို ခုန်ချလိုက်မှာပဲ။ ဒါပဲကွာ။ ဆက် မပြောနဲ့” လို့ အဆုံးသတ်လိုက်ပါတယ်။ ပါရဂူလူငယ်ကလည်း “ဆရာတို့ဟာ တကယ့်ဟီးရိုးဝါးရှစ်ပဲ” လို့ နိဂုံးချုပ်လာပါတယ်။
ဒီမှာတင် ကျနော်ဝင်ပြီး ဆက်ပြောပါတယ်။ “ဟီးရိုးဆိုတာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး ရဲဝင့်စွန်စား စွမ်းဆောင်သူ အာဇာနည် ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရတယ်ကွ။ တိုင်းပြည်မှာ အခက်အခဲကြုံနေရတဲ့ သမိုင်းတကွေ့ရောက်ရင် ပြည်သူလူထုက အာဇာနည်သူရဲကောင်းကို မျှော်တတ်တာပဲ။ မင်းလောင်းမျှော်တယ်ဆိုတဲ့ မြန်မာရာဇ၀င်စကားရှိတယ်။ ငါတို့လည်း အများပြည်သူလူထုနဲ့အတူ မင်းလောင်းမျှော်နေ တာ။ Hero ကို မျှော်နေတာပေါ့ကွာ။ ခု ပေါ်လာပြီဆိုပြီး ငါတို့က ၀မ်းသာအားရဖြစ်နေကြတာ။ ကဗျာဆရာတွေအနေနဲ့ဆိုရင် ဆရာကြီး မင်းသုဝဏ်အစ ဆရာတင်မိုးအဆုံး အားလုံး ကဗျာတွေ စာတွေဖွဲ့ပြီး ၀ိုင်းဝန်းထောက်ခံနေကြတယ်လေ။ ကဲ မင်းတို့က ဒေါ်အောင်ဆန်းစု ကြည်ကို ယုံကြည်အားထားမှုမရှိရင် ပြောစမ်းပါအုံး၊ မင်းတို့က ဘယ်သူ့ကို ယုံကြည်အားထားနေကြသလဲ။ မင်းတို့ရထားတဲ့ ပါရဂူပညာနဲ့ ဘာတွေများ စဉ်းစားတွေးခေါ်နေကြသလဲ။ ဘာတွေလုပ်ကြမှာလဲ။ မင်းတို့ ဟီးရိုးဖြစ်အောင် စွမ်းဆောင်ကြစမ်းပါ။ ငါတို့ အားထားချင်ပါတယ် လို့ ပြောလိုက်တော့ သူတို့လဲ ဆက်မပြောကြတော့ပါဘူး။ စာတမ်းဖတ်ပွဲအစီအစဉ်က ပြောင်းသွားပြီး ဗုဒ္ဓဆင်းတုတော်ပြခန်းဖွင့်ပွဲကို ပရိတ် သတ်ရွှေ့သွားပါတယ်။ ကဗျာဆရာတင်မိုးက တခြားမိတ်ဆွေတွေနဲ့ ဆေးလိပ်သောက်ရင်း ကျန်ခဲ့လို့ ကျနော်ပဲ ပရိတ်သတ်နဲ့ ပါသွားပါတယ်။
ဗုဒ္ဓဆင်းတုတော် ပြခန်းဖွင့်ပွဲကို စောင့်နေရတဲ့နေရာက အဆောင်အခန်းတခုလုံး အတွင်းခန်းမှာဆိုတော့ နည်းနည်းမှောင်နေပါတယ်။ လူငယ်ပါရဂူနှစ်ဦးရဲ့နောက်နားမှာ ကျနော်ရှိနေတာကို သူတို့ သတိပြုမိဟန် မတူပါဘူး။ သူတို့က ကျနော်တို့အကြောင်းကို ဆက်ပြောနေပါ တယ်။ “ဒီလူကြီးတွေက မလွယ်ပါဘူးကွာ။ တယူသန်ကြီးတွေပါ” တဲ့။ ကျနော်ကြိတ်ပြီး ပြုံမိလိုက်ပြီး စိတ်ထဲမှာ ခုလို ပြန်ပြောနေမိပါတယ်။ အေး ဟုတ်တယ်။ ဒို့က တယူသန်တယ်။ လက်ရှိသမိုင်းက နှစ်ယူသန်၊ သုံးယူသန်ပြီး တွေဝေနေဖို့ အချိန်မရှိဘူး” လို့။
ဟုတ်ကဲ့ ။ ကျနော် မောင်စွမ်းရည်ပါခင်ဗျား …။

မိုးမခမှ . . 

1 comment:

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...