Friday, April 27, 2012

အပူချိန်လွန်ကဲရခြင်းအကြောင်းအရင်း


အိမ်ကိုဖုန်းခေါ်တော့ အဖေနဲ့အမေက အရမ်းပူလို့နေစရာကိုမရှိဘူးဆိုပြီးပြောလာကြပါတယ်။ ဟုတ်ပါတယ်..မနှစ်ကဆိုရင်လည်း အပူချိန်လွန်ကဲလို့ သက်ကြီးရွယ်အိုတော်တော်များများ သေဆုံးခဲ့ရပါတယ်။ ကမ္ဘာကြီးပူနွေးလာတာဟာ အိုဇုံးလွှာပါးလွှာလို့၊ လူတွေက သစ်တောတွေပြုန်းတီးအောင် အရမ်းကိုလုပ်နေကြလို့၊ စက်ရုံအလုပ်ရုံတွေက ကာဗွန်တွေအရမ်းထုတ်လွှတ်နေကြလို့ စသဖြင့်ကျွန်တော်တို့
အစဉ်အမြဲကြားနေကြရပါတယ်။ အမေရိကနဲ့ဥရောပမှာ ကာဗွန်ဥပဒေတွေ ပြဌာန်းလိုက်တဲ့အတွက် တလောကဆူဆူညံညံ အသံတွေကြားလာခဲ့ရပါတယ်။ လေယာဉ်ကုမ္ပဏီကြီးတွေ အပါအ၀င် တော်တော်များများက ကန့်ကွက်ဖို့ကြိုးစားခဲ့ကြပါတယ်။ ကာဗွန်ဥပဒေဆိုတာကတော့ အကြမ်းအားဖြင့်ပြောရမယ်ဆိုရင် စက်ရုံတစ်ရုံကနေ ကာဗွန်ဘယ်လောက်ထက် ပိုမထုတ်လွှတ်ရဘူးဆိုတာမျိုးပါ။ သူတို့က ဒီလိုလုပ်နေတဲ့ အခြေအနေရောက်နေပေမယ့် ကျွန်တော်တို့ အထူးသဖြင့် နယ်ဘက်တွေမှာဆိုရင် တောထဲကအပင်ခုတ် မီးမွှေးထမင်းအိုးတည်နေကြတုန်းပါပဲ။

ကိုယ့်နိုင်ငံက သဘာဝဓါတ်ငွေ့တွေထွက်နေပေမယ့် ကိုယ့်နိုင်ငံသားတွေတော့ မြင်တောင်မမြင်ဖူးကြပဲ လက်ရင်းသုံးနေကျ လောင်စာကိုပဲသုံးနေကြရဆဲပါပဲ။ ဆင်းရဲခြင်းရဲ့အကျိုးဆက်တွေဟာ နောင်ဆိုရင်ဘယ်လောက် ခံစားရမယ်ဆိုတာ မတွေးရဲစရာပါပဲ။ ယခု မြန်မာမှာခံစားနေရတဲ့ ရာသီဥတုဆိုးဝါးမှုထက် အနည်းဆုံးအဆ ၂၀ လောက်တော့ ကျွန်တော်တို့ ကိုယ့်မိဘတွေအသက်အရွယ် ရောက်ရင်ခံစားကြရမှာပါ။ ဒါတောင်ကျွန်တော် တော်တော်လျော့လျော့ပေါ့ပေါ့ စဉ်းစားထားတာပါ။ ခုဖြစ်နေတဲ့အနေအထားတွေနဲ့ဆိုရင် ကိုယ်အသက်ကြီးရင်လာရင်တော့ တော်တော်ဆိုးဆိုးဝါးဝါးကို ခံစားရမယ်လို့ အမြဲတွေးမိပြီး ရင်လေးမိပါတယ်။ ဒါဟာ ကျွန်တော်တစ်ယောက်တည်း ခံစားရမှာမဟုတ်ပါဘူး။ ခု ဒီစာကို ဖတ်မိတဲ့သူတွေ အားလုံးလဲ ခံစားရမှာပါပဲ။ ဒါ့ကြောင့် ကိုယ့်အန္တရာယ်ကိုကိုယ်သိဖို့လိုပါတယ်။ ပြီးရင် ခုကတည်းက အတတ်နိုင်ဆုံး ကာကွယ်ဖို့ ကြိုးစားသင့်ပါတယ်။

ဒါတောင် မြစ်ဆုံကိစ္စက ပျက်ပြယ်သွား၍ တော်သေး၏။ ဒီကိစ္စဖြစ်နေတုန်းကတော့ စိတ်ထဲမှာတော်တော် လေးကိုခံစားရပါတယ်။ ကမ္ဘာကြီးကောင်းဖို့တွေဘာတွေ စကားကြီးစကားကျယ် မပြောပါဘူး။ ကိုယ့်သူငယ်ချင်းတွေ မိသားစုတွေ နောင်တစ်ချိန်မှာ နေလို့ထိုင်လို့ကောင်းဖို့ ၊ ကိုယ်ကျန်းကျန်းမာမာ နေနိုင်ဖို့ကိုပဲတွေးပြီး ပူနေမိတာပါ။ ကိုယ့်နိုင်ငံကတော့ မျက်ခုံးမွေးတစ်ဆုံးတောင်မြင်အောင် မကြည့်ကြတာ ရင်နာစရာပါ။

သူများနိုင်ငံတွေကတော့ ရှေ့တဆုံးမက ဟိုးကမ္ဘာတစ်သန်းလောက်အထိ ခြေလှမ်းကြတဲ့သူတွေပါ။ အောက်ပါ ဗွီဒီယိုဟာဆိုရင် အမေရိကန်လေကြောင်းနှင့် အာကာသသိပ္ပံဌာန (NASA) ကနေ ကျွန်ုပ်တို့ရဲ့နေမျက်နှာပြင်ကို ငါးနှစ်ကြာ လေ့လာစောင့်ကြည့်ဖို့ လွှတ်တင်ထားတဲ့ ဂြိုလ်တုကနေ ယခုလအတွင်း ပေးပို့ထားတဲ့မူဗီဖြစ်ပါတယ်။ အဲ့ဒီမှာဆိုရင် နေရဲ့လက်ဝဲဘက် မျက်နှာပြင်ဟာ ယိုယွင်းပြီး solar flare တွေကို ထုတ်လွှတ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နေကထုတ်လွှတ်တဲ့ အပူလှိုင်းတွေကနေ ကမ္ဘာမြေကြီးကို အပူချိန်လွန်ကဲမှုတွေ ဖြစ်စေပါတယ်။ ဒါတွေဟာ Electromagnetic wave တွေကိုလည်း ထုတ်လွှတ်နေခြင်းဖြစ်တာမို့ အပူချိန်အပြင် ကမ္ဘာ့လေထုကို အမျိုးမျိုးသော အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်မှာပါ။ NASA ကတော့ ခုလိုနေမျက်နှာပြင်က အပူလှိုင်းတွေထုတ်လွှတ်နေတဲ့အတွက် နိုင်ငံတကာအာကာသစခန်းရှိ အာသယာဉ်မှူးများနဲ့ လွှတ်တင်ထားသော ဂြိုလ်တုများ လမ်းကြောင်းပြောင်းသွားမည်ကို စိုးရိမ်နေကြပါတယ်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...