Thursday, May 17, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သတင်းစာ အင်တာဗျူး (၁)


DASSK: Interview with Southern People Weekly

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တလောက တရုတ်ပြည်ဂွမ်ဒေါင်သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ တရုတ်တွေ မြန်မာကို စီးပွားရေးအခွင့်အရေးတစ်ခုလောက်ပဲ သဘောမထားကြဖို့ (အမြတ်ထုတ်ဖို့လောက် အခွင့်အရေးယူဖို့လောက်ပဲ မစဉ်းစားကြဖို့) ပြောခဲ့တဲ့အကြောင်း ဖတ်မိကြမှာပါ၊ သို့သော် အဲဒီ အင်တာဗျူး အပြည့်အစုံကို သိပ်မတွေ့ရဘူး။ မနေ့က လျှောက်ရှာရင်း တနေရာမှာ တွေ့မိတော့ ဝမ်းသာအားရနဲ့ မြန်မာလို ပြန်လိုက်ပါတယ်။ အစအဆုံး တခါတည်းတင်ချင်ပေမယ့် ကြာနေမှာစိုးလို့ ပြီးသလောက်လေး အရင်တင်လိုက်ပါရစေ။ မူရင်းတရုတ်စာတွေကိုပါ ကူးတင်ထားပါတယ်၊ အမှားတွေ့ရင် (သို့မဟုတ်) ပိုဆီလျော်တဲ့ ပြန်ဆိုချက်ရှိရင် ကော်မန့်မှာ ရေးသွားနိုင်ပါတယ်။ တခြားနေရာမှာ အင်္ဂလိပ်လိုဖြစ်ဖြစ် မြန်မာလိုဖြစ်ဖြစ် ပြန်ထားတဲ့ဆိုက်ရှိရင်လည်း ပြောပါဦး၊ ကျနော် ပြန်စရာ မလိုတော့ဘူးပေါ့။

မှတ်ချက်။ ။ ဂေါ်ဇီလာတရုတ်ကို မြန်မာတွေကနေ ပြောင်းလဲပစ်နိုင်တာဆိုလို့ ဒီလိုအတွေးအခေါ်လေးတွေပဲရှိတယ်။ ဒီလိုအင်တာဗျူးမျိုးကို ဗျူးရဲ ဖော်ပြရဲတဲ့ Southern People Weekly magazine ကို ချီးကျူးတာတွေလည်း ဖတ်မိပါတယ်၊ ကွန်မြူနစ်နိုင်ငံမှာ ဒါတွေဖြစ်လာတာ ဝမ်းသာစရာပါ။--

Southern People Weekly magazine: မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ဒီတလော လူအတော်များများက ဆွေးနွေးပြောဆိုနေကြတယ်၊ ဒါမြန်မာနိုင်ငံရဲ့ နွေဦးရာသီ ရောက်ပြီလို့ တချို့ကပြောတယ်၊ အန်တီလက်ခံလားခင်ဗျာ။

Daw Aung San Suu Kyi: မင်းသိလား၊ တို့မြန်မာပြည်မှာ နွေဦး ဆိုတာမရှိဘူး၊ အဲသလိုပဲ အန်တီတို့မှာ နွေ၊ ဆောင်းဦး၊ ဆောင်း စတဲ့ ရာသီတွေလည်း မရှိဘူး၊ အန်တီတို့ရဲ့ ရာသီဥတုကို ခွဲခြားပုံဟာ အင်မတန်ထူးခြားတယ် (မှတ်ချက် - ရာသီလေဟာ မြန်မာနိုင်ငံ ရာသီဥတုဟာအပေါ် အကျိုးသက်ရောက်မှု အရမ်းရှိတယ်၊ တစ်နှစ်မှာ ပူတဲ့ရာသီ၊ မိုးရွာတဲ့ရာသီရယ် အေးတဲ့ရာသီဆိုပြီး ရာသီသုံးမျိုး ခွဲထားပါတယ်)။ ဒါကြောင့် အန်တီ့အနေနဲ့ (ပြုပြင်ပြောင်းလဲရေးဆိုတာလည်း) ကိုယ့်ပုံစံနဲ့ကိုယ် ရှေ့ဆက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ဘာတွေဆောင်ကြဉ်းလာပေးမလဲ ဆိုတာကို အခုပြောဖို့ စောနေပါသေးတယ်၊ ဒါပေမယ့် သမ္မတ (ဦးသိန်းစိန်) ကတော့ စစ်မှန်တဲ့ ပြောင်းလဲရေးကို ဖော်ဆောင်ဖို့ မျှော်လင့်နေတယ် ဆိုတာ အန်တီယုံကြည်တယ်။ အားလုံးပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက်လည်း အန်တီ့မှာ ယုံကြည်ချက်ရှိပါတယ်။


SPW: ကျနော်တို့ မြန်မာတွေနဲ့ စကားပြောကြည့်ရာမှာ အများစုက အစိုးရပြုပြင်ပြောင်းလဲရေးလမ်းပေါ် လျှောက်နေတာကို မယုံကြဘူး။ အန်တီ့အနေနဲ့ရော၊ ဒါ အစိုးရကိုယ်တိုင် စိတ်ပါလက်ပါ ပြောင်းလဲချင်တာလို့ ထင်သလား၊ ဒါမှမဟုတ် နည်းဗျူဟာအရ လုပ်နေတာလို့ ထင်ပါသလားခင်ဗျ။


DASSK: သမ္မတက စိတ်သဘောထား အစစ်အမှန်နဲ့ သွားနေတယ်လို့ အန်တီယုံတယ်၊ သို့သော် သမ္မတကို အစိုးရတစ်ရပ်လုံးနဲ့တော့ ညီမျှခြင်းချလို့ မရဘူးပေါ့။ ဒါပေမယ့် သူဟာ တခြားအစိုးရအဖွဲ့ဝင်တွေပေါ်မှာ ဩဇာသက်ရောက်မှု အတော်လေးရှိတာ သိသာပါတယ်။ ပြည်သူအတော်များများ သံသယဝင်နေတာကို အန်တီသဘောပေါက်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့တတွေဟာ လိမ်တာညာတာ ခံခဲ့ရပေါင်း များလှပြီလေ။ ဒါပေမယ့် အန်တီတို့ ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတွေမှာ သံသယက အတားအဆီး ဖြစ်မနေသင့်ဘူး။


SPW: အန်တီတစ်ဦးချင်းအနေနဲ့ အရာရာအားလုံး နေ့ချင်းညချင်း နောက်ပြန်ဆုတ်သွားမှာကို စိုးရိမ်မိသလားခင်ဗျ၊ ဒီလိုကိစ္စမျိုးဟာလည်း မဖြစ်ဖူးတာမှ မဟုတ်ပဲလေ။


DASSK: အန်တီကတော့ ဒီကိစ္စကို စိုးရိမ်တယ်လို့ ပြောမှာမဟုတ်ဘူး၊ ဒီလိုဖြစ်နိုင်ချေရှိတယ်ဆိုတာကိုတော့ သတိထားနေမှာပါ။ ဒါကြောင့် အန်တီဘာပဲလုပ်လုပ် ဒီလိုနောက်ပြန်ဆုတ်တဲ့ အဖြစ်အပျက်မျိုး ထပ်မဖြစ်ရအောင် တောင်းဆိုတယ်၊ အကြောင်းအရာအားလုံးမှာလည်း ရှေ့ကို မနားတမ်း ဆက်သွားနေတဲ့ အနေအထားရောက်အောင် အင်မတန်ကြိုးစားပြီး ဆောင်ရွက်ပါတယ်။


SPW: စကားမစပ်၊ အခုအစိုးရကိုရော ဖိနှိပ်တဲ့အာဏာရှင်အစိုးရလို့ ခေါ်ဦးမှာလားခင်ဗျာ။


DASSK: လက်ရှိအစိုးရဟာ ရာနှုန်းပြည့် လွတ်လပ်ပြီး ပွင့်လင်းမှု မရှိတာ အန်တီတို့ ဝန်ခံရပါမယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့တစ်နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ သူဟာ ပိုပြီးလွတ်လပ်၊ ပွင့်လင်းနေပါပြီ။
SPW: မြန်မာရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ် ဘက်ဂီယာထိုးမသွားအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာတွေလုပ်ပေးနိုင်မယ်ထင်ပါသလဲ။


DASSK: ဦးဆုံးအနေနဲ့ ဦးတည်ချက်မှန်နေတဲ့ ပြောင်းလဲရေးတွေကို အသိအမှတ်ပြုရပါမယ်၊ နောက်ပြန်ဆုတ်ရင် ဆိုးကျိုးတွေပဲရှိမယ့်အကြောင်း မြန်မာအစိုးရကို နိုင်ငံတကာက သတိပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။


SPW: အန်တီနဲ့ Alan Clement (မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရဟန်းဘောင်ဝင်ခဲ့တဲ့ အမေရိကန်လူမျိုး သတင်းထောက်တစ်ဦး) နဲ့ ပြောခဲ့တဲ့စကားတွေကို ကျနော်ဖတ်ဖူးတယ်၊ အဲဒီမှာ အန်တီက မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းအတွင်းက လုံခြုံစိတ်ချမှု မရှိခြင်း (ရတက်မအေးရခြင်း) အကြောင်းကို အကြိမ်ကြိမ် ပြောခဲ့တယ်၊ အဲဒီ စိတ်ထဲက မလုံခြုံခြင်းတွေက ဘယ်ကလာပါသလဲ။


DASSK: ဒါဟာ အန်တီတို့ ရင်သွေးတွေရဲ့ ကြီးပြင်းမှုပတ်ဝန်းကျင်နဲ့ ဆိုင်တယ်လို့ စိတ်ပညာရှင်တွေ ပြောတတ်တယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းရဲ့ ဇစ်မြစ်ကိုပဲ ပြန်သွားပြီး လူတွေကို ဘာဖြစ်လို့ ဒီလိုခံစားမှုမျိုး ရှိရသလဲ ဆိုတာကို မေးကြည့်ရမယ်၊ အဲသလို မေးကြည့်ရင် ဒါဟာ အန်တီတို့နိုင်ငံရဲ့ သမိုင်းနဲ့ ပတ်သက်နေတယ်ဆိုတာ တွေ့ရလိမ့်မယ်။ နိုင်ငံတနိုင်ငံရဲ့သမိုင်းဟာ သူ့ပြည်သူတွေ ပြဿနာဖြေရှင်းတဲ့ ပုံစံပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။


SPW: ဆိုတော့ အဲသလို (ရတက်မအေးရတဲ့) စိတ်ခံစားမှုမျိုးကို ဘယ်လိုဖယ်ရှားပေးရမလဲခင်ဗျာ။


DASSK: နည်းလမ်းနှစ်မျိုးရှိတယ်လို့ အန်တီထင်တယ်။ တစ်မျိုးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာ ရတက်မအေးရခြင်းကို ဖျောက်ဖျက်ပစ်ရမယ်၊ အရင်ဆုံး ပြည်သူတွေကို စားဝတ်နေရေး ဖူလုံစေရမယ်၊ အခြေခံလိုအပ်ချက်တွေ အတွက် စိုးရိမ်ပူပန်စရာ မလိုအောင် ဖြစ်နေစေရမယ်။ တချိန်တည်းမှာ စိတ်ပိုင်းဆိုင်ရာကိုလည်း ကိုင်တွယ်ရမယ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာအောင် လုပ်ပေးရမယ်၊ ဒါဟာ ပညာရေး၊ စွမ်းရည်ပိုင်းဆိုင်ရာ ပျိုးထောင်ပေးခြင်း စတာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ အကယ်၍သာ လူတွေဟာ ကိုယ့်အခွင့်အရေးအတွက် ကိုယ်ကိုယ်တိုင် ပြောဆိုတတ်လာမယ်၊ ကိုယ့်ရပ်တည်ရေးအတွက် ကိုယ်ကိုယ်တိုင် လုပ်ကိုင်စားသောက်လာနိုင်မယ်၊ ကိုယ့်အနာဂတ်အတွက် ကိုယ်ကိုယ်တိုင် အကျိုးရှိတဲ့ဘဝမျိုး တည်ဆောက်လာနိုင်မယ်ဆိုခဲ့ရင် သူတို့ရဲ့ ယုံကြည်မှုတွေလည်း ခိုင်မာလာမှာပဲ။


SPW: {စီးပွားရေးအရင်၊ နိုင်ငံရေးနောက်မှ} ဆိုတဲ့ ပြုပြင်ရေးလမ်းစဉ်ကို အန်တီ ကုလသမဂ္ဂအထိ စာရေးပြီးဆန့်ကျင်တဲ့အကြောင်း ကျနော်ဖတ်ခဲ့ဖူးတယ်။


DASSK: အန်တီ ကုလသမဂ္ဂဆီ စာမရေးခဲ့ပါဘူး၊ ဒါပေမယ့် ဟောပြောတဲ့အခါနဲ့ ဆောင်းပါးရေးတဲ့အခါတွေမှာ အမြဲလိုလို ပြောဖြစ်တယ်၊ စီးပွားရေးပြောင်းလဲခြင်းနဲ့ နိုင်ငံရေးပြောင်းလဲခြင်းဟာ လက်တွဲညီညီနဲ့ အတူသွားရမယ်၊ ခွဲခြမ်းပြီးပြောလို့ မရဘူး။ ဒီနှစ်ခုထဲက တစ်ခုခုသာ မရှိလို့ရှိရင် နောက်တစ်ခုက ရှေ့ဆက်သွားဖို့ ခဲယဉ်းပါလိမ့်မယ်။


SPW: ဒါပေမယ့် (အဲဒီလမ်းစဉ်ကို) အသိအမှတ်ပြုသူလည်းရှိမယ် ထင်တယ်ခင်ဗျ၊ အနည်းဆုံး အဲလိုလမ်းစဉ်ကနေ သူတို့အကျိုးအမြတ်ရခဲ့တာပဲလေ။


DASSK: ဒါဆို အန်တီမေးခွန်းတစ်ခုမေးမယ်၊ ကောင်းပြီ၊ မင်းပိုက်ဆံရှာနိုင်ပြီ၊ ဒီငွေတွေအတွက် မင်း ရတက်အေးသလား၊ မင်းကိုမင်း လုံခြုံပြီလို့ ထင်သလား။ ဒီအထိပြောအပြီးမှာ ဒီကိစ္စက နိုင်ငံရေးခေါင်းစဉ်အောက် ရောက်သွားပြီ။ ငွေအရင်ရှာတာဟုတ်ပြီ၊ နိုင်ငံရေးကို လုံးဝမထိဘူး၊ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေကို ဂရုမစိုက်ဘူး၊ ဒါပေမယ့် ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံတွေကို ဥပဒေဘောင်အတွင်းကနေ မပိုင်ဆိုင်ချင်ကြဘူးလား၊ မတရားသောအားဖြင့် ခေါင်းပုံဖြတ်ခံရမှာကို မကာကွယ်ချင်ကြဘူးလား ဆိုတဲ့ မေးခွန်းမျိုး လူတိုင်းစဉ်းစားကြည့်သင့်တယ်လို့ အန်တီထင်တယ်။


SPW: အာရှတန်ဘိုး ဆိုတာကို အန်တီဘယ်လိုမြင်ပါသလဲ။


DASSK: နည်းနည်းနားလည်ရခက်တယ်လို့ သတိထားမိတယ်။ အိန္ဒိယနိုင်ငံမှာ အန်တီ နှစ်အတန်ကြာနေဖူးတယ်၊ တရုတ်ပြည်မှာတော့ မနေဖူးပေမယ့်လို့ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ စာအုပ်အတော်များများ ဖတ်ဖူးပါတယ်။ အန်တီအနေနဲ့ပြောရရင်၊ တရုတ်တန်ဘိုးနဲ့ အိန္ဒိယတန်ဘိုးမှာတင် ကွဲပြားချက်တွေ အများကြီးရှိတယ်၊ အင်းပေါ့၊ မြန်မာတန်ဘိုးကလည်း တရုတ် သို့မဟုတ် အိန္ဒိယတန်ဘိုးနဲ့ မတူပြန်ပါဘူး။ ဒါကြောင့် လူတွေက အာရှတန်ဘိုး လို့ ပြောကြတဲ့အခါ ဘာကိုဆိုလိုမှန်း သိပ်မသိပါဘူး၊ မင်းရှင်းပြနိုင်ရင် ရှင်းပြပေးပါလား။


SPW: စင်္ကာပူနဲ့ မလေးရှားက ခေါင်းဆောင်တချို့နဲ့ ပညာရှင် (စကော်လာ) တချို့ ၁၉၉၀ ဝန်းကျင်လောက်မှာ အဲဒီဝေါဟာရကို စသုံးခဲ့တုန်းက အာရှနဲ့ အနောက်နိုင်ငံတွေရဲ့ တန်ဘိုးထားပုံချင်း မတူတာကို အဓိက ပြောချင်ပုံရတယ်။ ဥပမာ အာရှသားတွေက အစုအဖွဲ့ကို ပိုအလေးပေးပြီး အနောက်တိုင်းသားတွေက တဦးတယောက်ချင်းကို ပိုဦးစားပေးတယ်။ အာရှသားတွေက ဟန်ချက်မပျက်ဖို့ (ဟာမိုနီဖြစ်ဖို့) ပိုဂရုစိုက်ပြီး အနောက်တိုင်းသားတွေက လွတ်လပ်ခွင့်ကို ပိုတန်ဘိုးထားတယ်။


DASSK: ဒါ အမှန်ပဲလား၊ အာရှသားတွေ တကယ်ပဲ အစုအဖွဲ့ကို ဦးစားပေးတာ အန်တီတော့ သံသယဖြစ်မိတယ်။ တခါတလေ အန်တီတို့ မြန်မာပြည်က ပြည်သူတွေမှာ civil awareness မရှိကြဘူး၊ လူအဖွဲ့အစည်းစိတ်ဓာတ်နဲ့ အသင်းအဖွဲ့စိတ်ဓာတ်လည်း မရှိကြဘူးလို့ တိုင်တောကြတယ်၊ ဒါ့ကြောင့် အန်တီတို့ အာရှသားတွေမှာ အနောက်တိုင်းသားတွေထက် အသင်းအဖွဲ့စိတ်ဓာတ်ရှိတယ်လို့ ပြောလို့ရမရ အန်တီမသိဘူး။ အနောက်နိုင်ငံတွေက အတိုင်းအတာတခုထိ ဖွံ့ဖြိုးတိုးတက်ပြီးသွားတော့ သူတို့မှာ လူတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို ပိုအလေးထားနိုင်တာလည်း ဖြစ်နိုင်မယ်ထင်တယ်။ ဒီနှစ်ပိုင်း တရုတ်နိုင်ငံမှာ စီးပွားရေးအရ အောင်မြင်မှုတွေ အင်မတန်ရထားတာ အန်တီသိတယ်၊ ဒါကြောင့် တရုတ်နိုင်ငံသားတွေ ကိုယ့်အတွက်ပဲ ပိုဦးစားပေးလာတာ မင်း သတိထားမိမှာပါ၊ ဒါပေမယ့် အသင်းအဖွဲ့တန်ဘိုး၊ မိသားစုတန်ဘိုးတွေ တဖြည်းဖြည်း ဆုတ်ယုတ်သွားမယ်ထင်တယ်၊ ဟုတ်လား။ ဒါတွေဟာ စီးပွားရေး တိုးတက်မှုနဲ့အတူ တကမ္ဘာလုံးမှာ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်တွေပဲလို့ အန်တီထင်တယ်၊ ပြိုင်ဆိုင်မှုများလေလေ ပိုသိသာလေလေပဲ။


SPW: အန်တီ civil disobedience ကို ဦးဆောင်ပြီး လှုံ့ဆော်ခဲ့ဖူးတယ်နော်၊ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းထဲမှာ “ဘာ့ကြောင့်လဲ” ဆိုတဲ့မေးခွန်းမျိုး ထုတ်မေးတာဟာ အထူးအဆန်းမဟုတ်ဘူးလို့လည်း ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အာဏာရှင်စနစ်အောက်မှာ ဒီလိုမေးခွန်းထုတ်တာ အန္တရယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေတတ်တယ်၊ ဒါ့ကြောင့် ပြည်သူတွေက ရိုးရိုးသားသားနဲ့ပဲ ခေါင်းညိတ် လက်ခံလွယ်တဲ့သူတွေ ဖြစ်ကုန်ကြတယ်၊ အဲဒီတော့ အာဏာဆုပ်ကိုင်ထားသူတွေက တဖြည်းဖြည်း လူပါးဝလာကြပြီး ပြည်သူတွေကလည်း ပိုပိုပြီး ကြောက်လာကြရော။ ဆိုတော့ ဒီသံသရာထဲကနေ ဘယ်လိုရုန်းထွက်ရမလဲ ခင်ဗျ။


DASSK: လူတွေကို မေးခွန်းထုတ်တတ်အောင် မင်း သင်ပေးရမယ်၊ အန်တီတို့ NLD ထဲမှာ ဒီလိုပဲ တောက်လျှောက်လုပ်ခဲ့တာ။ ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းလေးကို မေးတတ်အောင် အန်တီ သူတို့ကို မနားတမ်းပြောခဲ့တယ်။ တခါတလေတော့လည်း ရီရအခက် ငိုရအခက် အဖြစ်အပျက်တွေ အန်တီတို့ ကြုံရတယ်၊ ဝမ်းနည်းဖို့လည်း ကောင်းပါရဲ့။ အန်တီတို့ ပါတီဝင်တွေ အဆက်မပြတ်အဖမ်းခံရတဲ့ ကာလတစ်ခု ရှိခဲ့တယ်၊ နေ့တိုင်းလိုလို အဖမ်းခံရတာ၊ လာဖမ်းတဲ့သူတွေမှာ ဖမ်းဆီးမိန့်ရှိမှ ဖမ်းခွင့်ရှိကြောင်း အန်တီတို့ ကိုယ့်အဖွဲ့ဝင်တွေကို ပြောပြတယ်၊ အကယ်၍များ တစ်ယောက်ယောက်က “ခဏလိုက်ခဲ့” လို့ ပြောလာရင် "ဖမ်းဆီးမိန့်ရှိသလား၊ ဘယ်ဥပဒေနဲ့ ဖမ်းတာလဲ" လို့ သူ့ကိုအရင်မေး၊ လွယ်လွယ်နဲ့တော့ အဖမ်းမခံနဲ့ ဆိုပြီး ပြောပြတယ်။ များသောအားဖြင့် သူတို့က ညဖက်တွေမှာ လာဖမ်းလေ့ရှိတယ်၊ တညတော့ အရပ်ဝတ်နဲ့ ရဲသားတွေ အန်တီတို့ ပါတီဝင်တစ်ယောက်ကို သွားဖမ်းတယ်၊ သူလည်း မေးတော့တာပေါ့၊ “ဖမ်းမိန့်ရှိသလား” ဆိုပြီး။ တဖက်က ဘယ်လိုပြန်ဖြေတယ် ထင်သလဲ၊ “ကျုပ်တို့ ဖမ်းမိန့်တွေဘာတွေ မလိုဘူး၊ ခင်ဗျားကို ထောင်ဘယ်နှနှစ် ချမယ်ဆိုတာတောင် ဆုံးဖြတ်ပြီးပြီ” တဲ့လေ (ရယ်လျက်)။ ဘာပဲဖြစ်ဖြစ်၊ ဘာ့ကြောင့်လဲ ဆိုတဲ့မေးခွန်း မေးလိုက်တာဟာ လူတွေအတွက် အကျိုးရှိပါတယ်။ ခြိမ်းခြောက်ခံနေရတုန်း မားမားမတ်မတ်ထွက်လာပြီး “မင်းက ဘာကောင်မို့ ငါ့ကိုဖမ်းတာလဲ” (မင်းမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့ ငါ့ကိုဖမ်းတာလဲ ဆိုတာကို ပြန်လိုက်တာပါ၊ ဆီလျော်ချင်မှ ဆီလျော်ပါလိမ့်မယ်) လို့ မေးလိုက်ရင် တဖက်က နည်းနည်းရှိန်သွားနိုင်ပါတယ်၊ ကာလံ ဒေသံလိုက်ပြီး မတူတဲ့အခြေအနေတွေမှာ မတူတဲ့ရလဒ်တွေ ဖြစ်လာနိုင်တာပေါ့လေ။


SPW: လူတွေ ဘယ်လိုနည်းနဲ့ ကြောက်စိတ်ကို ဖျောက်ပစ်ရမလဲခင်ဗျာ။


DASSK: ကြောက်စိတ်ဆိုတာ အကျင့်တစ်ခုပဲကွ။ အန်တီထင်တယ်၊ တချို့ကိစ္စတွေကို လုပ်သင့်တယ်လို့ ယူဆရင် ကြောက်စိတ်ဝင်နေသည့်တိုင် မင်းလုပ်ကိုလုပ်ရမယ်။ ကြောက်စိတ်ကြီးက သူ့အလိုလို ပျောက်သွားလိမ့်မယ်လို့ မမျှော်လင့်နဲ့။ မင်းအနေနဲ့ “ကောင်းပြီ၊ ငါသေမလောက်ကြောက်တယ်၊ ဒါပေမယ့် ငါလုပ်ကိုလုပ်ရမယ်” ဆိုပြီး ဖြစ်နေရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ထလုပ်လိုက်ခြင်းအားဖြင့် ကြောက်စရာ ကောင်းချင်ကောင်းနေမယ်၊ သို့သော် မလုပ်ရင်တော့ ပိုဆိုးဖို့ပဲရှိမယ်လေ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ အန်တီတို့ပါတီဝင်တွေကို ဒီလို ရှင်းရှင်းလေးပဲ ပြောထားတယ်၊ “ကြောက်ဒူးတုန်ချင် တုန်နေပစေ၊ ခေါင်းမော့ပြီး သွားလုပ်ပါ၊ လုပ်ပစ်လိုက်ပါ”ဆိုပြီး (ရယ်လျက်)။ မင်းသိလား၊ အန်တီတို့စိတ်ထဲမှာ ကြောက်စိတ်လေးတွေ ရှိနေပေမယ့် စပြီး လုပ်လိုက်ပြီဆိုတာနဲ့ တကယ်တမ်းကျတော့ အဲသလောက်ကြီး ကြောက်စရာမကောင်းပါလား ဆိုတာ သိလာလိမ့်မယ်။ တခါတလေ စစ်ပွဲတွေနဲ့ပတ်သက်တဲ့ တကယ့်အဖြစ်အပျက်ဇာတ်လမ်းတွေ ဖတ်မိတယ်၊ အဲဒီဇာတ်လမ်းတွေထဲမှာ ဖြောင့်မတ်တဲ့ သတ္တိခဲတချို့ ရန်သူ့ဖက်သွားပြီး သူလျှိုလုပ်တဲ့အကြောင်းတွေ ဖတ်မိတယ်၊ အဲဒါမျိုးက အင်မတိ အင်မတန် အန္တရာယ်များတာပဲ။ သူတို့တွေ ဘယ်လိုနည်းနဲ့ ဒီလိုလုပ်နိုင်တာလဲ၊ ဘယ်ကခွန်အားတွေရလာသလဲ ဆိုပြီး မင်းတွေးမိမယ်။ အန်တီ့အထင်ကတော့ ကတိကဝတ်တွေနဲ့ တာဝန်ဝတ္တရားတွေကို ပခုံးထမ်းထားတဲ့သူတွေမှာ ခွန်အားတွေ ရှိနေလိမ့်မယ်၊ သူတို့တွေက မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ကိစ္စတွေကို ဖြစ်အောင်လုပ်သွားလိမ့်မယ်။ မင်းမှာ ဘာအဖြစ်မှမရှိရင်တော့ ဘာဆိုဘာမှ ဖြစ်မြောက်အောင် လုပ်နိုင်မှာမဟုတ်ဘူး။


SPW: အာဏာရှင်စနစ်အောက်မှာ ကြောက်စိတ်တွေကိန်းဝပ်နေတတ်တဲ့အပြင် လူတွေဟာ ကိုယ်ကျိုးကလွဲပြီး ဘာကိုမှ မက်မက်မောမောမရှိတော့တဲ့ cynic တွေ ဖြစ်ကုန်တတ်တယ်၊ နိုင်ငံရေးနဲ့ ခပ်ခွာခွာနေမယ်၊ ပိုက်ဆံရှာတာကလွဲလို့ ဘယ်အရာကိုမှ မယုံကြည်တော့ဘူး၊ အလေးလည်း မထားတတ်တော့ဘူး တဲ့။ မြန်မာပြည်မှာရော ဒီလိုအနေအထားမျိုး ဖြစ်ခဲ့ဖူးလား မသိဘူး။


DASSK: ဒီကိစ္စ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရင်တုန်းက “နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်ပါဘူး၊ နိုင်ငံရေးကို စိတ်မဝင်စားပါဘူး” ဆိုပြီး လူတွေပြောခဲ့ကြပေမယ့် အံ့အားသင့်စရာ ကောင်းတာက နိုင်ငံရေးနယ်ပယ်မှာ သေးလှပါရဲ့ဆိုတဲ့ အပေါက်လေးတစ်ပေါက်လောက်၊ တံခါးလေး တစ်ချပ်လောက်ပဲ ပွင့်သွားတာနဲ့ တကယ်တမ်း အဲသလောက်များတဲ့လူတွေ ပါဝင်လှုပ်ရှားချင်နေကြတာ၊ ပြောင်းလဲမှုကို ဖော်ဆောင်ချင်နေကြတာ မင်းတွေ့ရလိမ့်မယ်။ အဲဒါတွေရဲ့ အကြောင်းရင်းက လူအများစုရဲ့ အတွင်းစိတ်ထဲမှာ ဒီလို လှုပ်ရှားမှုထဲ ပါဝင်ချင်ကြတဲ့စိတ်၊ ဒီလှုပ်ရှားမှုကြောင့် ဒီနိုင်ငံရဲ့ ပြည်သူတွေအတွက် ပိုကောင်းတဲ့ ဘဝတွေကို ဆောင်ကြဉ်းလာနိုင်တယ်ဆိုတဲ့ သူတို့ရဲ့ ယုံကြည်စိတ်တွေကြောင့်ပဲလို့ အန်တီထင်တယ်။


SPW: ဒါပေမယ့် ဒါတွေမတိုင်ခင်က စိတ်ပျက်လက်ပျက်ဖြစ်ကုန်တဲ့လူတွေ၊ သစ္စာဖောက်ခံလိုက်ရပြီဆိုတဲ့ လူတွေ အများကြီးရှိခဲ့တာပဲ။


DASSK: မင်းသစ္စာဖောက်ခံလိုက်ရပြီလို့ ထင်နေတယ်ဆိုရင် အဲဒီအလုပ်ကို မင်းကိုယ်တိုင် လုပ်ပေတော့။ လူတွေကို မင်းအားကိုးခဲ့လို့ပဲ သစ္စာဖောက်ခံလိုက်ရတဲ့ ခံစားမှုမျိုးရနေတာ မဟုတ်ဘူးလား။ ဒီမိုကရေစီ ဘယ်တော့ရမလဲဆိုတဲ့မေးခွန်း အန်တီကို ခဏခဏ မေးကြတယ်၊ ဒီမိုကရေစီ အရေးအတွက် ဘာလုပ်ပြီးပြီလဲလို့ ကိုယ့်ကိုကိုယ် အရင်မေးပါ ဆိုပြီး အန်တီအမြဲဖြေတယ်၊ အန်တီ့မေးခွန်းအတွက် သူ့ရဲ့ အဖြေဟာလည်း သူအန်တီ့ကိုမေးလိုက်တဲ့ မေးခွန်းကို သူ့ဟာသူ ပြန်ဖြေလိုက်တာပါပဲ။ မင်းဘာမှ မလုပ်ခဲ့ဖူးဆိုရင် ဒီမေးခွန်းမေးဖို့ကို မသင့်တာ။


SPW: အားမလိုအားမရဖြစ်တာမျိုး၊ စိတ်ပျက်လက်ပျက်ဖြစ်တာမျိုး အန်တီ တခါမှမဖြစ်ဖူးဘူးလား။


DASSK: ဟင့်အင်း၊ ဘာလို့လဲဆိုတော့ အန်တီ ဘယ်သူ့ကိုမှ မမျှော်ကိုးလို့ပဲ။ ဒါ အန်တီ့ဆုံးဖြတ်ချက်၊ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ဘယ်သူမှ အန်တီ့ကို မလုပ်မနေရ စေခိုင်းခဲ့တာမဟုတ်ဘူး။ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်ပဲဆိုတဲ့ ယုံကြည်ချက်နဲ့ အန်တီ ပါဝင်ခဲ့တာ။ အန်တီရွေးချယ်ခဲ့တဲ့ ဘဝပဲလေ၊ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ရွေးခဲ့ပြီးမှတော့ ကိုယ်တိုင်ပဲ ဆက်လျှောက်ရမှာပေါ့။


SPW: ချက်ဇ်သမ္မတနိုင်ငံ Czech Republic သမ္မတဟောင်း Václav Havel အန်တီ့ပေါ်မှာ သက်ရောက်မှု ရှိခဲ့ဖူးလား။


DASSK: အန်တီတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို သူအရမ်းထောက်ခံတာ၊ အန်တီလည်း သူ့ကို အင်မတန်လေးစားတယ်။ အင်း၊ သူ့ရဲ့ ဆောင်းပါးတချို့က အန်တီ့အပေါ်မှာ သက်ရောက်မှု အများကြီးရှိတယ်၊ သူပြောခဲ့တဲ့ နာမည်ကြီးလူသိများတဲ့ “အာဏာမဲ့လူတန်းစားများရဲ့ အခွင့်အာဏာ” (သို့မဟုတ် “လုပ်ပိုင်ခွင့်မရှိသူများရဲ့ အစွမ်းပကား” လို့ပဲ ပြန်ရမလား) power of powerless က ဥပမာတစ်ခုပေါ့။ အဲဒီအတွေးအခေါ်တွေက အန်တီတို့ကို အင်မတန် inspire ဖြစ်စေတယ်၊ အန်တီတို့လို လူမျိုးတွေမှာ ကိုယ်ပိုင်စိတ်ဓာတ်လေးကလွဲပြီး တခြား ဘာမှကို မကျန်တော့ဘူးလေ။


SPW: လက်တွေ့မှာလည်း အန်တီက သူ့ “အာဏာမဲ့လူတန်းစားများရဲ့ အခွင့်အာဏာ” ဆိုတဲ့ အဆိုရဲ့ အပြောင်မြောက်ဆုံး ပြယုဒ်တစ်ခုပဲလို့ သူပြောခဲ့တာ ကျနော်မှတ်မိတယ်။ အန်တီအနေနဲ့ အာဏာမဲ့ လူတန်းစားတွေရဲ့ လုပ်ပိုင်ခွင့်ဆိုတာ ဘယ်ကနေအရင်းခံတယ်လို့ ထင်ပါသလဲ။


DASSK: အဲဒါတွေက ယုံကြည်ချက်ကနေလာတယ်လို့ပဲ အန်တီထင်ပါတယ်။ မူတချို့ကို မင်းစွဲကိုင်ထားမယ်၊ ပိုကောင်းတဲ့ လူနေမှုပုံစံ ရှိနေတယ်ဆိုတာ မင်းယုံကြည်မယ်၊ အများပြည်သူတွေမှာ ဒီပန်းတိုင်ဆီကို အရောက်သွားနိုင်တယ့် အင်အားတွေရှိတယ်ဆိုတာလည်း မင်းယုံနေမယ်ဆိုရင် အင်အားဆိုတာ ဒီယုံကြည်ချက်တွေကနေ အရင်းခံလာတာပဲလို့ အန်တီတော့ထင်တယ်။


SPW: အနှစ် ၂၀ ကျော် ကြာသွားပေမယ့်လည်း ဘာဖြစ်လို့ မြန်မာပြည်သူပြည်သားတွေက အန်တီ့ကို မေ့မသွားကြတာလဲ။


DASSK: မြန်မာနိုင်ငံနဲ့ တချို့နိုင်ငံတွေနဲ့ အဓိကကွဲပြားတဲ့အချက်က အန်တီတို့ NLD ဆိုတဲ့ နိုင်ငံရေးပါတီကို တည်ထောင်ခဲ့တာပဲ။ အခု လူအတော်များများ NLD ကို ဝေဖန်ကြတယ်၊ ဝေဖန်ချက်တချို့က အကျိုးသင့် အကြောင်းသင့်ဆိုတာ အန်တီယုံပါတယ်၊ အန်တီတို့အနေနဲ့ တရားဝင် နိုင်ငံရေးပါတီတစ်ခု ဖြစ်နေပေမယ့် ပါတီတစ်ခုရဲ့ပုံစံအတိုင်း လည်ပတ်ဖို့က အင်မတန်ခက်ခဲတယ်။ အရင်တုန်းက အန်တီတို့တတွေ ပြင်းပြင်းထန်ထန်ကို ဖိနှိပ်ခံခဲ့ရတယ်၊ စည်းမျဉ်းစည်းကမ်းပေါင်းစုံနဲ့ လှုပ်ကို မလှုပ်နိုင်အောင် ချည်တုပ်ထားတယ်။ ဒါပေမယ့် အန်တီတို့ အဲဒါတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့တယ်လေ၊ ဒါဟာလည်း ပြည်သူတွေ ဒီမိုကရေစီလှုပ်ရှားမှုကို မေ့မသွားစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်လိမ့်မယ်။ အန်တီတို့ ပင်ပန်းဆင်းရဲခံပြီး တောင့်ခံထားတာကို တုံးလွန်း အ,လွန်းတယ်လို့ လူတွေထင်ခဲ့ကြတဲ့ အချိန်ကာလတခုလည်း ရှိခဲ့ပါသေးတယ်။ သူတို့ကတော့ “ကြည့်ပါဦး၊ ဒီခပ်တုံးတုံး ဒီမိုကရေစီ ဘက်တော်သားတွေ၊ ခပ်အအ NLD ပါတီဝင်တွေ ဖြစ်ပျက်နေလိုက်ကြတာ ပြီးကို မပြီးနိုင်ဘူး” လို့ ထင်ကောင်းထင်နေမှာပေါ့၊ ဒါပေမယ့် သူတို့တွေ နောက်ဆုံးမှာတော့ အန်တီတို့ကို လေးစားလာကြလိမ့်မယ်လို့ ထင်တာပဲ၊ အန်တီတို့ တင်းခံခဲ့ပြီးပြီ၊ အန်တီတို့ရဲ့ မီးအရှိန်က ဘယ်တုန်းကမှ သေမသွားခဲ့ဘူးလေ။


SPW: မြန်မာသတင်းထောက်တစ်ယောက် ကျနော့်ကိုပြောတယ်၊ (အန်တီစုကို မေ့မသွားကြတဲ့) နောက်အကြောင်းရင်းတစ်ခုကတော့ စစ်အစိုးရကိုက လူမုန်းများအောင် လုပ်နေလို့ဖြစ်မယ် ဆိုပဲဗျ။


DASSK: လူတွေမှာ အမုန်းတရားတွေ ဒီလောက်နက်ရှိုင်းနေသလားဆိုတာကိုတော့ မသိဘူး၊ အမှန်တိုင်းပြောရရင် အန်တီကတော့ အဲသလို မဖြစ်စေချင်ဘူး။ ဒီမိုကရေစီလှုပ်ရှားမှုကို အမုန်းတရားပေါ်မှာ အခြေခံထားတာ မဖြစ်စေချင်ဘူး၊ အပြုသဘောပိုဆောင်တဲ့ သံယောဇဉ်မျိုးပေါ်မှာ အုတ်မြစ်ချထားစေချင်တယ်။ ဥပမာ အနာဂတ်အတွက် ယုံကြည်ချက်မျိုး၊ ကိုယ့်နိုင်ငံ ပိုကောင်းလာရမယ် ဆိုတဲ့ ယုံကြည်စိတ်မျိုးပေါ့။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ပြည်တွင်းက သင့်မြတ်ရေးအတွက် အမုန်းတရားကို မင်းဘယ်တော့မှ သွားအားကိုးလို့ မဖြစ်နိုင်ဘူး။


SPW: ဒါပေမယ့် ပင်ပန်းဆင်းရဲတဲ့ဒဏ်တွေ မတရားဖိနှိပ်တဲ့ဒဏ်တွေ ခံခဲ့ရတဲ့သူတွေရဲ့ စိတ်ထဲမှာ အငြိုးအာဃာတတွေ ရှိနေတာ ဓမ္မတာပါ။ နောင်တချိန် ဒီမိုကရေစီရပြီးတဲ့နောက် ကလဲ့စားချေမယ်ဆို ဘယ်လိုလုပ်မလဲ။


DASSK: ကလဲ့စားချေဖို့ တောင်းဆိုမယ့်သူ ရှိကိုရှိမယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပဲ၊ တကမ္ဘာလုံး ဒီလိုချည်းပါပဲ၊ ဒါပေမယ့် ပြောင်းလဲမှုတွေကြားမှာ အငြိုးအတေးတွေ ဘယ်လိုဖြေရှင်းသလဲဆိုတာကို အန်တီတို့ တောင်အာဖရိကတို့၊ ပိုလန်တို့ဆီက နမူနာတွေကို ကြည့်လို့ရတယ်။ အငြိုးအတေးတွေကို လျစ်လျူရှုမထားပဲ ကျေအေးစေနိုင်တဲ့နည်းလမ်းတွေ သူတို့ရှာတွေ့သွားကြတာပဲလေ။ ပြီးခဲ့တာတွေကို မင်း မသိချင်ယောင်ဆောင်လို့ မရဘူး၊ လျစ်လျူရှုခြင်းကို လက်ကိုင်ထားရင်တော့ အတိတ်ကအကြောင်းတွေနဲ့ ဆက်ပြီးပတ်သက်နေလို့ မဖြစ်နိုင်ဘူး။ သူတို့တွေက (တောင်အာဖရိက၊ ပိုလန်) အဲဒါကို လျစ်လျူရှုမထားဘူး၊ သူတို့ ရင်ဆိုင်ဖြေရှင်းကြတယ်၊ ရင်ဆိုင်ဖြေရှင်းခြင်းနဲ့ စိတ်ဆင်းရဲဒုက္ခတွေ အငြိုးအာဃာတတွေကို ဖြေဖျောက်လိုက်နိုင်ကြတယ်။


SPW: အငြိုးအတေးနဲ့ ကလဲ့စားချေခြင်းကို ရှောင်လွှဲရမယ်၊ တဖက်ကလည်း အမှန်တရားကို ပျောက်ဆုံးမသွားအောင် ထိန်းသိမ်းရမယ်ဆိုတာ တကယ့်စိန်ခေါ်မှုပဲဗျ။


DASSK: တာဝန်ယူတတ်ခြင်း accountability အင်မတန်အရေးကြီးတယ်လို့ အန်တီထင်တယ်။ အမှန်တရားဆိုတဲ့ ကိစ္စအတွက်တော့ ဘုန်းတော်ကြီး Desmond Tutu ရဲ့ စကားကို အန်တီမကြာမကြာ သုံးဖြစ်တယ်။ Restorative justice ကို သူယုံပြီး retributive justice ကို မယုံဘူးလို့ သူပြောတယ်လေ။ အန်တီတို့ ဦးတည်ရမှာက restorative justice ပါပဲ။


SPW: “ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို မှတ်ထားပါ၊ ခါးသီးတဲ့ ခံစားချက်တွေကိုတော့ မေ့ပစ်လိုက်ပါ” လို့လည်း ဘုန်းတော်ကြီး Tutu ပြောသေးတယ်မှတ်လား။


DASSK: ဟုတ်တယ်။ မေ့လိုက်ပါတော့၊ ခွင့်လွှတ်လိုက်ပါတော့ ဆိုပြီး လူတွေပြောလေ့ရှိတယ်။ ဒါပေမယ့် တကယ့်ခွင့်လွှတ်ခြင်းက မေ့ပစ်လို့မရဘူးလို့ အန်တီထင်တယ်၊ ဖြစ်ခဲ့တာတွေကို မှတ်ထားရမယ်၊ မေ့ပစ်ရမှာက အဲဒီ အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ စိတ်ဒုက္ခတွေကိုပဲ။


SPW: အန်တီ့တစ်ဦးချင်းအနေနဲ့ စစ်အစိုးရကို တခါမှမမုန်းခဲ့ဖူးဘူး၊ သူတို့ကို မုန်းမိပြီဆိုတာနဲ့ အလဲထိုးခံရပြီလို့ ပြောဖူးတယ်နော်၊ ဘာကြောင့်လဲခင်ဗျာ။


DASSK: အန်တီ့အမြင်ကတော့ တကယ့်အမုန်းတရားမှာ အကြောက်တရားလည်း ခိုအောင်းနေတယ်၊ အကယ်၍ မင်းက တဖက်သားကို မုန်းနေမယ်ဆိုရင် သူ့ကိုလည်း အနည်းနဲ့အများတော့ ကြောက်နေမှာပဲ။ လူတွေရဲ့ မုန်းတီးတဲ့ ခံစားချက်ကို အန်တီ ဆန်းစစ်ကြည့်ဖူးတယ်၊ အမုန်းထဲမှာ ကြောက်ရွံ့မှုတွေ ပါနေတာကို အမြဲလိုလို တွေ့ရတတ်တယ်။ အန်တီ့အနေနဲ့ မြင်တာကတော့ စစ်အစိုးရကို မုန်းတီးနေရင် သူတို့ကို ကြောက်လည်း ကြောက်နေတာပဲ၊ အဲဒါဆိုရင် သူတို့ကို အရှုံးပေးလိုက်တဲ့ သဘောပါပဲ။


SPW: ခွင့်လွှတ်ခြင်းကို အန်တီ ဘယ်လိုအနက်ဖွင့်လဲခင်ဗျ။


DASSK: နားလည်ခြင်းက အစပြုတယ်လို့ ယူဆပါတယ်၊ တခြားသူတွေ ဒါကိုဘာကြောင့်လုပ်သလဲ၊ ဟိုဟာကိုရော ဘာကြောင့်လုပ်သလဲဆိုတာကို နားလည်ပေးခြင်းပါ။ မင်း သဘောတူချင်မှ တူလိမ့်မယ်၊ ဒါပေမယ့် တဖက်သား အဲသလိုလုပ်ရခြင်း အကြောင်းရင်းကိုတော့ မင်း ကြိုးစားနားလည်ပေးလို့ ရပါတယ်။ တဖက်သားရဲ့ အယူအဆကို နားလည်ပေးဖို့ မကြိုးစားနိုင်ရင်တော့ ကျေအေးဖို့ သင့်မြတ်ဖို့ကို ဘယ်အစပျိုးနိုင်ပါတော့မလဲ။


Credit: TZN

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...