Wednesday, May 23, 2012

မျက်နှာများတဲ့ ကိုရီးယားနှင့် မြန်မာပြည်အတွက်သင်ခန်းစာ

ဒီနေ့ညနေတော့ ဇနီးသည်နဲ့ အိမ်နားကပန်းခြံဘက်သွားပြီး ကြက်တောင်သွားရိုက်ကြမယ်လို့ စဉ်းစားထားလို့ ကျောင်းကနေ ခပ်စောစောပြန်ဖို့ စီစဉ်ရတယ်။ မိမိကိုယ်တိုင်ကော၊ ဇနီးသည်ပါ ကိုယ်လက်လှုပ်ရှားက နည်းလွန်းလှတယ်။ ကိုယ့်အလုပ်ကလည်း စားပွဲမှာတနေကုန်ထိုင်နေရတာဆိုတော့ ကိုယ်လက်လှုပ်ရှားအနေနဲ့ ညနေပိုင်းမှာ ခဏတဖြုတ်လမ်းလျှောက်တာလောက်ကို သတိထားပြီး လုပ်ပေးနေရတယ်။ ဒီနေ့တော့ မကစားဖြစ်တာကြာပြီဖြစ်တဲ့ ကြက်တောင်ကစားကြမယ်ဆိုပြီး ညနေ ၄း၃၀ လောက်မှာ မိမိသုတေသနလုပ်နေတဲ့ အဆောက်အဦးကနေ အောက်ကိုဆင်းလာပြီး မိမိစက်ဘီးထားရှိရာကို လျှောက်လာခဲ့တယ်။ အဲ့ဒီမှာပဲ ကျွန်တော့်စက်ဘီးထားရှိရာနေရာနားက ထိုင်ခုံပေါ်မှာ စုံတွဲတစ်တွဲအရမ်းပူးကပ်နေတာကို လှမ်းမြင်လိုက်ပါတယ်။

ကျွန်တော့်ခြေသံကြားတော့ ကောင်လေးကမျက်နှာကို နဲနဲပြန်ခွာလိုက်ပါတယ်။ ကျွန်တော့်စက်ဘီးက သူတို့ဘေးကပ်လျက်ရှိတာပါ။ ဒါ့ကြောင့် ကျွန်တော်သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေကိုအကဲခတ်ကြည့်မိပါတယ်။ ကျွန်တော်မှန်းတာ မမှားဘူးဆိုရင် အထက်တန်းကျောင်းက ကလေးတွေလို့ ထင်တာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သုတေသနအဆောက်အဦးနဲ့ ကပ်လျက်မှာ အထက်တန်းကျောင်းတစ်ခု ရှိပါတယ်။ တချို့ကလေးငယ်တွေ ဆေးလိပ်ခိုးသောက်ချင်ရင် ဒီဘက်ကို ကူးပြီးလာလာသောက်တာ မြင်ဖူးပါတယ်။ ဒီကလေးနှစ်ယောက်လည်း အဲ့ဒီဘက်ကထင်ပါတယ်။ ကျောင်းဝတ်စုံတော့ ၀တ်မထားပါဘူး။ ဒီလိုနဲ့ ကျွန်တော်စက်ဘီးသော့ဖွင့်ပြီး နောက်ပြန်လှည့်တော့ သူတို့နှစ်ယောက်က မျက်နှာချင်းကပ်ပြီး ပြန်နမ်းနေကြပြန်ပါတော့တယ်။ သူတို့နဲ့မျက်နှာချင်းဆိုင်ခုံမှာကလည်း ကောင်မလေးတစ်ယောက်ကထိုင်လို့။ သူတို့နဲ့သိပုံမပေါ်ပါဘူး။သူ့ဟာသူ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာပါ။

တကယ်တော့ ဒီနရာက သုတေသနအဆောက်အဦးရဲ့ ဘေးမှာပဲရှိတာပါ။ ကျွန်တော်တို့တွေ အညောင်းဖြေချင်လို့ဖြစ်ဖြစ်၊ ကော်ဖီသောက်ချင်လို့ဖြစ်ဖြစ်၊ တချို့ဆေးလိပ်သောက်သူတွေ ဆေးလိပ်ခဏဆင်းပြီး သောက်တဲ့နေရာပါ။ တစ်ခါတစ်လေဆို ပါမောက္ခတွေစကားရပ်ပြောနေတတ်လို့ ကျွန်တော်တို့ သုတေသနသမားတွေတောင် အသာဖယ်ပေးရတတ်ပါတယ်။ ဒီလိုနေရာမျိုးမှာ ဒါမျိုးလာလုပ်နေတာကိုကြည့်ရတာ သူတို့တွေမသိလို့ထင်တယ်လို့ပဲတွေးမိပါတယ်။ ဒီ ကိုရီးယား society မှာတော့ ဒါတွေကအထူးအဆန်းတော့မဟုတ်လို့ သူတို့အကြောင်း ခပ်ကြာကြာမတွေးတော့ပါဘူး။ ဆက်တွေးပြီး ရင်လေးမိတာက ကိုယ့်နိုင်ငံပါပဲ။ ခုချိန်မှာ ကိုရီးယားကို အထင်ကြီးပြီး လိုက်လံတုပနေသော ကျွန်တော်တို့ society သာ ဒီအတိုင်းဆက်သွားနေရင် နောင်တချိန် ကိုယ့်သားသမီးတွေခေတ်ရောက်ရင်
ဆိုတာကိုတွေးမိပြီး ရင်လေးမိပါတယ်။

အဲ့ဒီနောက် ကျောင်းကနေထွက်ပြီး အိမ်ဘက်ကိုလမ်းအကူးမှာတော့ ညတုန်းကလိုက်လံကြဲထားတဲ့ ပြည့်တန်ဆာကြော်ငြာစာရွက်ကလေးတွေဟာ လမ်းပေါ်မှာပြန့်ကျဲနေပါတယ်။ ညဆိုရင် ကားနဲ့ဖြစ်ဖြစ်ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ဒီစာရွက်တွေကို လမ်းပေါ်မှာလိုက်လံ ကြဲလေ့ရှိပါတယ်။ ဒီကိစ္စမှာ အဲ့ဒီလိုလွတ်လပ်ပါတယ်။ အဲ့ဒီကနေ အိမ်ပြန်ရောက်ပြီး ပန်းခြံထဲသွားပြီး ကြက်တောင်ရိုက်ကြပါတယ်။ ပန်းခြံထဲမှာတော့ သက်ကြီးမိန်းမကြီးတွေ စုပေါင်းပြီးလေ့ကျင့်ခန်းလုပ်နေကြပါတယ်။ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။ ပန်းခြံထဲမှာဆိုလည်း လမ်းလျှောက်သူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေများပါတယ်။ စိတ်ပျက်စရာလေးတွေလည်း ရှိတော့ရှိပါတယ်။ ကျွန်တော်တို့ ကြက်တောင်ရိုက်နေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာ အဖွားကြီးနှစ်ယောက် အခင်းလေးတွေခင်းပြီး စိတ်လွတ်ကိုယ်လွတ် စကားပြောနေကြပါတယ်။ ခဏအကြာမှာတော့ လူငယ်စုံတွဲတစ်တွဲက သူတို့ရှေ့မှာလာထိုင်ပြီး မဖွယ်မရာနေတာကြောင့် အဖွားကြီးနှစ်ယောက် ထသွားတာကို သတိထားလိုက်မိပါတယ်။

ကျွန်တော်တို့ကစားအပြီးမှာတော့ ဇနီးသည်က ဟမ်ဘာဂါစားချင်တယ်လို့ပြောတဲ့အခါ ငယ်ငယ်က ကိုယ့်အမေစည်းကမ်း တင်းကျပ်တာကို သတိရပြီး ငယ်ငယ်ကဆိုရင် စားချင်တာ၊ လုပ်ချင်တာ တော်တော်များများ မစားခဲ့၊မလုပ်ခဲ့ရတဲ့ အကြောင်းဇနီးသည်ကို သတိတရပြောမိပါတယ်။ ကျွန်တော်တို့ငယ်ငယ်ကဆိုရင် မိဘကတစ်ခွန်းပြောလိုက်တာနှင့် ရှေ့ဆက်မတိုးရဲတော့ပေ။ သူများအိမ်သွားရင် ဘယ်လိုနေရမယ်။ လူကြီးတွေစားပြီးမှ အစားကိုနှိုက်ရမယ်၊ ဇွန်းကို ဘယ်ဘက်လက်နဲ့ ကိုင်ရမယ်.. စသည်ဖြင့် စုံနေအောင်ကို ဆုံးမခံရသည်။ ခုနောက်ပိုင်းခေတ်တွေမှာတော့ ကလေးတွေက လူကြီးသူမရှေ့မှာလည်း နေချင်သလိုနေ စားချင်သလိုစားသည်ကို တွေ့ရလေသည်။ နိုင်ငံခြားမှာနေသော မိသားစုတွေက အဆိုးဆုံးပင်။ မိမိနှင့်ခင်မင်သော လူတစ်ယောက်ဆိုလျင် သူ၏သားက ဖခင်သူ့ကို အင်ဂလိပ်လို မင်းကအိမ်ထောင်ဦးစီးမဟုတ်ဘူး.. မင်းစကားငါနားထောင်စရာမလိုဘူးဟု ပြောသည်ကိုပင် လူရှေ့သူရှေ့တွင် သူ၏သားက ယခုလိုပြောရဲဆိုရဲရှိသည်ဟု ပြောဆိုလေ့ရှိလေသည်။

ဤအခြင်းအရာများကို မြင်ရကြားရသည်မှာ လွန်စွာမှစိတ်မချမ်းမသာ ဖြစ်ရလေသည်။ သို့သော် သူတို့ကိုတော့ သင်တစ်စုံတစ်ခု သွားပြောဖို့မကြိုးစားပါလေနဲ့။ ကိုယ်ကကောင်းစေချင်လို့ တစ်ခုပြောလိုက်သည်နှင့် မင်းကခေတ်အမြင်ကို မရှိဘူး။ ခုခေတ်မှာ ဒီလိုနေမှ၊ ဒီလိုပြောရဲဆိုရဲရှိမှကွ။ အမြင်ကို ကျဉ်းလွန်းပါတယ်ကွာ ဆိုတာမျိုးကိုသာ ကြားသိရပေမည်။ တကယ်တော့ လူတော်တော်များများက အမြင်ကျယ်တယ်ဆိုတာကို ကောင်းစွာသဘောမပေါက်ဘဲ မိမိလိုသလို မိမိအပြစ်ကို ဖုံးကွယ်ဖို့သာ သုံးစွဲကြလေသည်။ လျှပ်ပေါ်လော်လီစွာနေတတ်သူက.. အမျိုးဘာသာ သာသနာထိန်းသိမ်းသူကို၊ စည်းကမ်းမလိုက်နာတတ်သူက လိုက်နာသူကို၊ ကလပ်တက်တက် ပေါ့ပျက်ပျက်နေတတ်သူက တည်တည်ကြည်ကြည်နေတတ်သူကို အမြင်မကျယ်သူများဟု ပြောဆိုလေ့ရှိလေသည်။

တကယ်တော့ အမြင်ကျယ်ခြင်းဟူသည် သူများလုပ်သည်ကို အကောင်းထင်၍ ထပ်တူလိုက်လုပ်ခြင်းမဟုတ်၊ သူများဝတ်သည်ကို အကောင်းထင်၍ လိုက်ဝတ်ခြင်းမဟုတ်၊ သူများကလပ်တက်သည်ကို အကောင်းထင်၍ လိုက်၍ကလပ်တက်ခြင်းမဟုတ်။ တကယ်တော့ အမြင်ကျယ်ခြင်းဟူသည် ကျယ်ဝန်းသောအမြင် ကြီးမားသောစဉ်းစားဆင်ခြင်ဥာဏ်ဖြင့် မိမိအကျိုး၊ အမျိုးဘာသာ သာသနာအကျိုးတိုးတက်ဖို့နှင့် ယင်းတို့ပေါ်သို့ ကျရောက်လတ္တံ့သော ၊ မကျရောက်သေးသော  အန္တာရာယ်တို့ကို မည်သို့မည်ပုံ ကြိုတင်ကာကွယ်လတ္တံ့ဟူသော အမြင်ဖြင့် စဉ်းစားဆင်ခြင်တတ်ခြင်းကို ဆိုလိုပေသည်။ မိမိနေချင်သလိုနေရဖို့အရေး မိမိကိုယ်ကို အမြင်ကျယ်သူဟု သမုတ်နေသူများသည် ၎င်းတို့ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်အတွက် အလွန်အင်မတန်မှ အန္တာရာယ်ကြီးမားပေသည်။

ယင်းကဲ့သို့ အမြင်ကျယ်ခြင်းကို တလွဲအသုံးချနေသူတွေများလာပါက မိမိတို့ society အတွက် လွန်စွာအန္တာရယ်ကြီးလှပါသည်။ ကျွန်တော်တို့ ဟမ်ဘာဂါစားနေစဉ်တွင် ဆိုင်အပြင်ဘက် အမှိုက်ပုံထားသောနေရာတွင် ကဒ်ထူချပ်များရှိနေရာ သက်ကြီးရွယ်အိုအဖွားကြီးတစ်ယောက်သည် ၀မ်းသာအားရဖြင့် ထိုချပ်ဖာခွန်များကို သူ၏တွန်းလှည်းလေးပေါ်တွင် တင်နေလေသည်။ ကိုရီးယားရှိ ဆင်းရဲသော သက်ကြီးရွယ်အိုအများစုသည် ထိုကဲ့သို့ လမ်းဘေးရှိအမှိုက်ပုံထဲမှ ကဒ်ထူခွန်လေးများကို လိုက်လံစုဆောင်းကာ အသက်မွေးဝမ်းကျောင်းလေ့ရှိလေသည်။ တစ်ခါတစ်ရံ ဆောင်းတွင်းညတွေဆိုလျင် ကျွန်တော်ကျောင်းမှ အိမ်ကိုပြန်လေ့ရှိသော ညဥ့်နက်သန်းခေါင်ယံအချိန်တွင် ယင်းကဲ့သို့ လိုက်လံစုဆောင်းနေသော သက်ကြီးရွယ်အိုများကို တွေ့ရတတ်လေသည်။ ဤမျှ တစ်ဦးချင်းဝင်ငွေ မြင့်မားလှသော နိုင်ငံတွင် ယခုကဲ့သို့လုပ်ကိုင်စားသောက်နေသော သက်ကြီးရွယ်အိုများစွာကို မြင်တွေ့နေရသည်မှာ ကျွန်တော့်အတွက် လွန်စွာစိတ်ဝင်စားဖွယ်ကောင်းပါသည်။

သားသမီးမရှိလို့လား၊ သို့သော်မဖြစ်နိုင်ပေ.. အရေအတွက်အားဖြင့် အလွန်များပြားနေသည်။ ၀င်ငွေနည်းသဖြင့် မိမိကောင်းကောင်းနေနိုင်ထိုင်နိုင်ဖို့ကို အဓိကအဖြစ်စိတ်ထားကြသောကြောင့်သာ သားသမီးများက ပစ်ထားကြခြင်းဖြစ်ပေမည်။ မိမိစိတ်ဝယ် ရုတ်တရက်ပေါ်လာသည်ကတော့ မိမိမွေးရပ်ဇာတိတွင် လွန်စွာဆင်းရဲပြီး ရိုင်းစိုင်းသော အရက်သမားမိသားစုကို သွားမြင်မိသည်။ ထိုလူသည် မည်မျှပင်ဆင်းရဲပစေ၊ ရိုင်းစိုင်းပါစေ သူ၏သက်ရှိထင်ရှားရှိနေသော မိခင်ကြီးကိုကျွေးမွေး စောင့်ရှောက်ခြင်းကိုတော့ ဘယ်တော့မှမပျက်ကွက်ပေ။ စားစရာမရှိလျင်ပင် မိမိအိမ်မှ အသီးအနှံများ လာရောက်ဆွတ်ယူကာ ချက်ကျွေးလေ့ရှိလေသည်။ ဤအခြင်းအရာနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါမူ သင်တို့မည်သည့်အရာကို ပို၍မြတ်နိုးပါမည်နည်း ?

ကျွန်ုပ်အနေနှင့်တော့ ဒုတိယအခြင်းအရာကို သာ၍တောင့်တမက်မော နှစ်သက်မိပါသည်။ အဘယ်သို့သော အခြင်းအရာများသည် ထိုသို့သောအကျိုးတရားကို ဖြစ်ပေါ်စေပါသနည်း ? ထိုသို့သော အကျိုးတရားများကို ဖြစ်ပေါ်စေသည်မှာ ကျွန်တော်တို့၏ဗုဒ္ဓ အဆုံးအမများနှင့် လူမှုပတ်ဝန်းကျင်၏ စေ့ဆော်မှုများပင်မဟုတ်ပါလော။ သို့ဆိုလျင် ကျွန်တော်တို့လူမှုပတ်ဝန်းကျင်၏ တန်ဖိုးများ၊ စံများ၊ ဗုဒ္ဓအဆုံးအမသြ၀ါဒများ စဉ်ဆက်မပြတ် တိုးတက်ထွန်းကားနေဖို့ ခင်ဗျားတို့ကျွန်တော်တို့ ၀ိုင်းဝန်းကြိုးစားကြပါစို့လို့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...