Tuesday, June 5, 2012

ကုလားတွေ မီးနင်းတယ်ဆိုတာ နတ်တန်ခိုးလား ?

ကုလားမီးနင်းပွဲတွေမှာ မီးတွေနင်းနေကြတာကို အားလုံးပဲတွေ့ဖူးကြမှာပါ။ အံ့သြစရာမကောင်းဘူးလားဗျာ။ ခြေဗလာနဲ့ ၄၄ ဒီဂရီစင်တီဂရိတ်လောက်ပူနေတဲ့လမ်းပေါ်မှာ ၃၅ စက္ကန့်လောက် လမ်းလျှောက်ကြည့်မယ်ဆိုရင်တောင် အနည်းငယ်တော့ အပူလောင်နိုင်တာပေါ့ မဟုတ်ဘူးလား။ ဒါဆို ဒီလူတွေအပူမလောင်အောင် ဘယ်လိုများမီးပေါ်လျှောက်ကြပါလိမ့် ?

ကျွန်တော်ပထမဆုံးပြောချင်တာကတော့ သူတို့ကို မီးနင်းသမားတွေလို့ ခေါ်ဆိုနေတာဟာ မမှန်ကန်ပါဘူး။ တကယ်တော့ သူတို့ဟာမီးပေါ်မှာ လမ်းလျှောက်နေကြတာ မဟုတ်ပါဘူး။ ပြာဖုံးနေတဲ့ မီးခဲလေးတွေပေါ်မှာ လမ်းလျှောက်ကြတာပါ။ ဒီလိုဆိုတော့ သူတို့ကို ပြာပေါ်လမ်းလျှောက်သူတွေလို့ သမုတ်လိုက်မယ်ဆို မီးနင်းသမားဆိုတာလောက် ဘယ်ဂုဏ်ရှိတော့မလဲနော့။

နောက်တစ်ခုကတော့ အပူစီးကူးမှုနဲ့ ဆိုင်ပါတယ်။ အပူစီးကူးနိုင်စွမ်း (heat conductivity) ဆိုတာကတော့ အပူဟာအရာဝတ္ထုတစ်ခုကနေ နောက်တစ်ခုဆီကို ဘယ်လောက်မြန်မြန် စီးကူးနိုင်သလဲဆိုတာပါပဲ။ မြင်သာအောင် ဥပမာလေးနဲ့ ကြည့်ကြည့်ရအောင်။

ခင်ဗျားက ကိတ်မုန့်လေးကို သံပုံစံခွက်လေးထဲထည့်လို့ မီးဖိုထဲထည့်ပြီး မုန့်ဖုတ်တယ်ဆိုပါစို့။ အပူချိန်ကိုတော့ ၁၈၀ ဒီဂရီမှာထားတယ်ဆိုပါစို့။ ဒီလိုနဲ့ တစ်နာရီလောက်ကြာအောင် ထားပြီးချိန်မှာတော့ မီးဖိုထဲမှာကော၊ ကိတ်မုန့်ကော၊ သံခွက်ကော အားလုံးဟာ ၁၈၀ ဒီဂရီစင်တီဂရိတ်အပူချိန်မှာ ရှိနေတာပါ။

ပြီးရင်တော့ မိုက်ခရိုဝေ့မီးဖိုတံခါးကိုဖွင့်ပြီး အပူချိန် ၁၈၀ ရှိတဲ့မီးဖိုထဲ သင့်လက်ကို ရုတ်တရက် ထည့်ကြည့်လိုက်ပါ.. သင့်လက်ကို အပူမလောင်တာကိုတွေ့ရပါမယ်။ နောက် ကိတ်မုန့်ကို သင့်လက်နဲ့တဖြည်းဖြည်းတို့ကြည့်လိုက်ပါ။ အပူလောင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သံခွက်ကိုတော့ သွားမတို့လိုက်ပါနဲ့ သင့်လက်ချက်ချင်းပဲ မီးပူလောင်ပြီး မရှုမလှခံသွားရပါမယ်။ ဒါဆို အပူချိန်တူညီစွာပေးထားတဲ့ ကိတ်မုန့်၊ လေထုနဲ့ သံခွက်တို့ဟာ ဘာ့ကြောင့်များ သင့်လက်ကိုတူညီစွာ မပူလောင်စေနိုင်တာပါလဲ။

အပူစီးကူးနိုင်စွမ်းဆိုတဲ့ အထက်ကနိယာမကို ပြန်သွားကြည့်ရအောင်ပါ။ လေဆိုတာကတော့ အပူစီးကူးနိုင်စွမ်း အလွန်နိမ့်ပါတယ်။ ပေါင်မုန့်ကလည်း ထိုနည်း၎င်းပါပဲ.. ဒါ့ကြောင့် လေထုနဲ့ ကိတ်မုန့်တို့ဟာ သူတို့ကိုယ်ထဲမှာ အပူစွမ်းအင်အမြောက်အမြား သိုလှောင်ထားပေမယ့် သင့်လက်ကိုရုတ်တရက် မကူးစက်စေနိုင်တာဖြစ်ပါတယ်။ သံခွက်ကတော့ အပူစီးကူးမှုမြင့်မားတဲ့အတွက် သူ့မှာရှိတဲ့အပူကို သင့်ရဲ့လက်ထဲကို ချက်ချင်းကူးလွှတ်နိုင်တာကြောင့် အပူလောင်ခြင်းကို ဖြစ်ပေါ်စေနိုင်တာပါ။

ကဲ ဒါဆိုရဲရဲတောက်နေတဲ့ မီးခဲတွေကကော အပူစီးကူးမှုမြင့်မားတာပဲ မဟုတ်ဘူးလား။ မဟုတ်ရပါဘူး.. ဒီမီးသွေးခဲတွေဟာ အင်မတန်မှ အပူစီးကူးမှုနှေးကွေးပါတယ်။ နောက်ပြီး မီးသွေးခဲတွေပေါ်မှာ ပြာလေးတွေဟာလည်း တလွှာဖုံးအုပ်လို့ နေပြန်ပါတယ်။ လူ့ခြေထောက်ဟာလည်း အသားမာလေးတွေက ရှိလေတော့ (အထူးသဖြင့် မီးနင်းသူတွေဟာ အလုပ်ကြမ်းသမားတွေဆိုတော့ အသားမာတော်တော်ထူပါမယ်) ဒါကလည်း အပူဒဏ်ကာကွယ်ပေးပြန်ပါတယ်။ နောက်ဆုံးးတစ်ချက်ကတော့ လူ့ကိုယ်ထဲမှာရှိတဲ့ သွေးလည်ပတ်စီးဆင်းမှုပါ။ သွေးတွေဟာ လှည့်လည်နေတာဖြစ်တဲ့ အတွက်ကြောင့် တစ်နေရာမှာရှိတဲ့အပူကို တစ်နေရာကို သယ်ဆောင်သွားပါတယ်။

ဒီအဖြစ်အပျက်တွေကို ၁၉၉၇ ခုနှစ်မှာ အော်စလိုတက္ကသိုလ်က Kjetil Kjernsmo ကနေ အပူစွမ်းအင်ခြေရာခံတဲ့ ကင်မရာတွေနဲ့ လက်တွေ့စမ်းသပ်ခဲ့ပါတယ်။ သူ့တိုင်းတာချက်အရ မီးအပူချိန်ဟာ ၁၅၀ ကနေ ၇၀၀ ဒီဂရီစင်တီဂရိတ်အထိ ရှိတတ်ပါတယ်။ ဒါပေမယ့် အထက်ပါအကြောင်းတွေကြောင့် လူ့ခြေထောက်ကို အပူချိန် ၄ ဒီဂရီလောက်ထိပဲ မြင့်တက်စေပါတယ်လို့ ဆိုပါတယ်။

ကဲ ဒါဆိုရင် မီးခဲပေါ်လမ်းလျှောက်တယ်ဆိုတာ အထက်ကနတ်ဘုရားတွေပေးတဲ့ စွမ်းအားကြောင့်မဟုတ်ဘဲ.. အထက်တန်းကျောင်းတွေမှာ သင်ရတဲ့ အပူစွမ်းအင်ဆိုင်ရာ နိယာမလေးတွေနဲ့ အဖြေရှာကြည့်နိုင်တဲ့ သိပ္ပံသဘောတရားမျှသာဖြစ်တယ်ဆိုတာ သိကြပြီမဟုတ်လား။
နောင် တစ်ယောက်ယောက်က မီးခဲပေါ်လမ်းလျှောက်ပြမယ် ဘယ်လောက်ပေးမလဲဆိုရင်တော့ သံပူပြားပေါ်လျှောက်နိုင်မလားလို့သာ မေးလိုက်ကြပါတော့လို့ ပြောလိုက်ပါရစေ။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...