Saturday, June 30, 2012

နောင်နှစ် ၄၀ တိုင်အောင် အမေရိကရဲ့ ကောင်းကင်ယံကို တာဝန်ယူကာကွယ်မယ့် Fifth Generation Fighter-The Raptor


စစ်ပွဲတစ်ပွဲစဖြစ်ပြီဆိုရင် ပထမဦးစားပေးစဉ်းစားကြတာကတော့ ဒီစစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်နိုင်ဖို့နဲ့ ကိုယ့်လူတွေအကျအဆုံးအနည်းဆုံးဖြစ်အောင် ဘယ်လိုတိုက်ကြမလဲဆိုတာပါပဲ။ အဲ့ဒီလိုစဉ်းစားကြတဲ့အတွက် တန်ဖိုးရှိလှတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့အသက် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဒေါ်လာသန်းချီတန်တဲ့ စစ်လက်နက်ပစ္စည်းတွေကို သူ့ထက်ငါအပြိုင်ထုတ်လုပ်သုံးစွဲကြပါတယ်။ အဲ့ဒီလိုအမြန်ဆုံးနဲ့ အကျအရှုံးအနည်းဆုံးပြီးဆုံးစေဖို့ ထုတ်လုပ်သုံးစွဲနေကြတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ တန်ဖိုးအကြီးဆုံးနဲ့အထိရောက်ဆုံးအရာတစ်ခုကို ထုတ်ပြရမယ်ဆိုရင် တိုက်လေယဉ်တွေပဲဖြစ်ပါတယ်။

လေကြောင်းအသာစီးရမှုဟာ တိုက်ပွဲတစ်ပွဲမှာ အရေးအကြီးဆုံးပဲဆိုတာကို ပြီးခဲ့တဲ့ကမ္ဘာစစ်တွေ၊ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ စစ်ပွဲတွေကိုသတိထားကြည့်မယ်ဆိုရင် သိသာထင်ရှားပါတယ်။ တိုက်ပွဲစတင်ပြီဆိုတာနဲ့ (zero hour လို့ခေါ်ပါတယ်) တစ်ဖက်ရန်သူ့နယ်မြေထဲက လေကြောင်းကာကွယ်ရေး၊ရေဒါနဲ့ တခြားအရေးကြီးတဲ့ပစ်မှတ်တွေကို ဒီလေယာဉ်တွေက သွားရောက်ဗုံးကြဲတိုက်ခိုက်ကြပါတော့တယ်။ အဲ့ဒီနောက်မှ မြေပြင်တပ်ဖွဲ့တွေ ၀င်သင့်တဲ့အချိန်ရောက်ပြီဆိုရင် သူတို့တွေကစတင်ဝင်ရောက်ရှင်းလင်းကြပါတော့တယ်။ ဒါဟာခေတ်သစ်တိုက်ပွဲတစ်ခုရဲ့ သဘောသဘာဝပါ။ ဒါ့ကြောင့် လေကြောင်းအသာစီးရဖို့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြိုင်အဆိုင်တိုက်လေယာဉ်တွေ ထုတ်လုပ်ကြရပါတယ်။



တိုက်လေယာဉ်တွေမှာလည်း သူ့ရည်ရွယ်ချက်နဲ့သူ အသီးသီးထုတ်လုပ်ကြပါတယ်။  လေကြောင်းကာကွယ်ရေးအတွက်၊ ဗုံးကြဲဖို့၊ တခြားလေယာဉ်တွေ ကိုယ့်လေပိုင်နက်ထဲဝင်လာရင် အမြန်ထပျံပြီးတိုက်ခိုက်ဖို့၊ ရေတပ် (Navy) အတွက်၊ မြေပြင်တပ်သားတွေကိုကူဖို့၊ တင့်ကားတွေဖျက်ဖို့ စသဖြင့်အသီးသီးရှိပါတယ်။ ဒီလိုတိုက်လေယာဉ်တွေ ထုတ်လုပ်တပ်ဆင်ကြတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ကထိပ်ဆုံးကဖြစ်ပါတယ်။  အမေရိကရဲ့အဓိကပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ရုရှားရဲ့လက်ဝယ်ပိုင်ဆိုင်ထားတဲ့ တိုက်လေယာဉ်တွေဟာ အမေရိကန်ရဲ့အကောင်းဆုံး တိုက်လေယာဉ် F-15 နဲ့ ကောင်းကောင်းယှဉ်နိုင်တဲ့အနေအထားကို ရောက်ရှိလာပြီး၊ နောက်ထုတ်မယ့်မျိုးဆက်တွေဟာ F-15 ရဲ့စွမ်းဆောင်ရည်ကို ကျော်တက်သွားဖို့ရှိပါတယ်။ F-15 ကိုခြိမ်းခြောက်လာတဲ့လေယာဉ်တွေကတော့ ပြင်သစ်ရဲ့ Rafale, ဥရောပနိုင်ငံတွေပေါင်းထုတ်တဲ့ Eurofighter 2000 နဲ့ ရုရှားရဲ့ ဆူခွိုင်း Su-35 တို့ပဲဖြစ်ပါတယ်။ အစစအဆင့်မြင့်လာတဲ့ မြေပြင်မှဝေဟင်ပစ်တဲ့စနစ်တွေဟာလည်း F-15 ကို အဓိကခြိမ်းခြောက်တဲ့အရာတွေပဲဖြစ်ပါတယ်။

ဒီအခက်အခဲတွေအားလုံးကို ကျော်ဖြတ်ဖို့ ဒါမှမဟုတ် အမေရိကရဲ့လေကြောင်းအသာစီးရမှုကို ဆက်ထိန်းထားနိုင်ဖို့အတွက် လေယာဉ်တစ်စီးလိုပါတယ်။ သူကတော့ F-22 Raptor ပါပဲ။ သူ့ကို Air Superiority Fighter အနေနဲ့ ၂၀၀၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီလေယာဉ်ကို စိတ်ဝင်စားခဲ့တာ တော်တော်ကြာပါပြီ။ ဒီလေယာဉ်ဖြစ်ပေါ်စေဖို့အတွက် အစပြုခဲ့တဲ့ ၁၉၈၀ တစ်ဝိုက်ကသုတေသနတွေကို စတင်လေ့လာမိတာကနေ ကိုယ်နဲ့ရင်းနှီးမှုရှိခဲ့တာပါ။ ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်လွှမ်းမိုးနိုင်ဖို့ ထုတ်လုပ်ထားတဲ့ လေယာဉ်မှာဘာတွေများထူးခြားပါသလဲ။



F-22 Raptor ဟာ Afterburner မလိုဘဲနဲ့အသံထက်မြန်တဲ့အမြန်နှုန်းနဲ့ ဆက်တိုက်ပျံသန်းနိုင်ပါတယ်။ ဒါကို Supercruise လို့ခေါ်ပါတယ်။ ယခင်အသံထက်မြန်တယ်ဆိုတဲ့ တိုက်လေယာဉ်များဟာ Afterburner လို့ခေါ်တဲ့ ထပ်ဆင့်လောင်ကျွမ်းမှုစနစ်ကို ဖွင့်သုံးမှအသံထက်မြန်အောင်ပျံသန်းနိုင်တာပါ။ ဆီစားလွန်းတာကြောင့် ခနပဲပျံသန်းသင့်ပါတယ်။ အသံပိုမိုဆူလောင်စေတဲ့အတွက် တိုက်ပွဲတွေမှာဆို ကိုယ့်ကိုရန်သူအလွယ်တကူ သိစေပါတယ်။ F-22 မှာတော့ Aerodynamically Efficient Design ဖြစ်တာကြောင့် ပုံမှန်အင်ဂျင်ပါဝါနဲ့တင်ပဲ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

ထို့အပြင် F-22 လေယာဉ်ဟာ ကြိုးဆွဲရာကနိုင်တဲ့ အရုပ်ကလေးတစ်ရုပ်လိုပါပဲ။ Supermaneuver ဖြစ်ပါတယ်။ ဒီဇိုင်းစတင်စဉ်းစားကတည်းက ဒီလေယာဉ်ကိုလုံးဝတည်ငြိမ်မှုမရှိအောင်  ဒီဇိုင်းထုတ်ထားတာပါ။ ပုံမှန်ပျံသန်းချိန်တွေမှာ လေယာဉ်တည်တည်ငြိမ်ငြိမ်ပျံသန်းနိုင်အောင် သူ့ပေါ်မှာပါတဲ့ Onboard computer တွေကနေ အဆက်မပြတ်ထိန်းကြောင်းပေးရပါတယ်။ ရန်သူနဲ့ရင်ဆိုင်တွေ့ကြတဲ့အခါ၊ သူ့ထက်ငါအပြိုင်အဆိုင် ဝေဟင်မှာတိုက်ခိုက်ဖို့လုပ်ကြတဲ့အခါမှာတော့ နဂိုကတည်းကလှုပ်လှုပ်ရွရွဖြစ်ချင်နေတဲ့ F-22 လေးဟာ အထိန်းအကွပ်ကလွတ်လာတဲ့ သားရဲတစ်ကောင်အလား တဟုန်ထိုးပြေးလွှားလို့ ဝေဟင်မှာဆော့ကစားပါတော့တယ်။ သူ့ရဲ့ Radar cross-section နည်းစေတဲ့ Planform Alignment နည်းပညာနဲ့ တခြားအဘက်ဘက်ကတိုးတက်လာတဲ့ နည်းပညာပစ္စည်းတွေကြောင့် F-22 ဟာ ရေဒါမိဖို့ခဲယဉ်းလှပါတယ်။(Virtually invincible to radar) 

သူ့မှာပါဝင်တဲ့ ကောင်းမွန်လှတဲ့ လျှပ်စစ်ပစ္စည်းတွေဟာလည်း ရန်သူကိုကိုယ်ကအရင်မြင်၊အရင်ချေမှုန်းခွင့် (first-look,first-shoot,first-kill capability) ကိုရရှိစေပါတယ်။ ယခုလို အဘက်ဘက်က ပြီးပြည့်စုံအောင် စဉ်းစားထုတ်လုပ်ထားတဲ့ F-22 ဟာဆိုရင် နောင်နှစ် ၄၀ လောက်ထိတိုင်အောင် အမေရိကန်ရဲ့ဝေဟင်ကို ရန်သူ့လေယာဉ်မကပ်နိုင်အောင် ဆက်လက်တာဝန်ထမ်းဆောင်နေမယ့် သားရဲတစ်ကောင်ပင်ဖြစ်ပါကြောင်း ။

1 comment:

  1. အဆင့်မြင့်လိုက်တာ.ငါတို့ မြန်မာနိုင်ငံက..သာမန်.လေယာဉ်တောင်..
    မထုတ်နိုင်သေးဘူး..

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...