Sunday, August 5, 2012

ကျွန်တော်ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ၂၁ ရာစု ကမ္ဘာ့အကောင်းဆုံး လေယာဉ်နှစ်စီး၏ လေကြောင်းတိုက်ပွဲ

      နေရာကတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ နယ်မြို့လေးတစ်မြို့မှာပါ။ အဲ့ဒီနေ့က ရာသီဥတုကလည်း သာသာယာယာ ရှိလှပါတယ်။ ကျွန်တော်လည်း ကွန်ဖရင့်ကျင်းပရာဟိုတယ်ထဲမှာ မိမိစိတ်ဝင်စားရာအခန်းတွေထဲကို ၀င်နားထောင်နေရင်း ဒီနေ့ ကမ္ဘာ့အကျော်ကြားဆုံးလေယာဉ်ကုမ္ပဏီတွေဖြစ်တဲ့ Boeing, Lockheed, Eurofighter အစရှိတဲ့ ကုမ္ပဏီတွေဟောပြောကြမယ့်အချိန်နီးလာပြီဆိုတာကို သတိရပြီး သူတို့ဟောမယ့်အခန်းထဲကို ၀င်ပြီးနေရာယူလိုက်မိပါတယ်။ ကျွန်တော်ဝင်ပြီးခဏအကြာမှာပဲ ကျွန်တော့်ဆရာလည်း ကျွန်တော့်နောက် ခပ်လှမ်းလှမ်းမှာဝင်ပြီးထိုင်တာကိုမြင်တဲ့အတွက် လှမ်းပြီးနှုတ်ဆက်လိုက်ပါတယ်။
     ဒီလိုနဲ့တအောင့်လောက်အကြာမှာ အခမ်းအနားမှုးကနေ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာလိုက်ပါတယ်။ တက္ကသိုလ်တစ်ခုက ပါမောက္ခကနေ အခမ်းအနားမှုးလုပ်ပါတယ်။ ကိုရီးယားလေကြောင်းနယ်ပယ်မှာတော့ အထင်ကရပုဂ္ဂိုလ်ပါပဲ။ သူပြောတဲ့ English စကားကတော့ ကိုရီးယားတွေဆီကကြားနေကြ Konglish အသံပါပဲ။ ကိုရီးယားမှာ အံ့သြစရာကောင်းတာက အမေရိကမှာ တစ်ချို့ဆို ၁၀ နှစ်လောက်နေပြီး ပညာသင်ခဲ့ကြသူတွေဖြစ်ပေမယ့် English လို ကောင်းကောင်းမပြောတတ်ကြတာပါပဲ။

Eurofighter Typhoon
    အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာပြီးနောက်မှာ Boeing လေယာဉ်ကုမ္ပဏီမှ ကိုယ်စားလှယ်အင်ဂျင်နီယာကို ဟောပြောဖို့စင်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။ ထိုလူက Design of Experiment (DOE) ပညာရပ်အကြောင်းကို စင်ပေါ်တက်ပြီး ဟောပြောပါတယ်။ အဲ့ဒီနောက်တော့ လတ်တလောကမ္ဘာ့အကောင်းဆုံး တိုက်လေယာဉ်တွေဖြစ်တဲ့ F-22, F-35 တို့ကို ထုတ်လုပ်နေတဲ့ Lockheed Martin ကုမ္ပဏီက ပုဂ္ဂိုလ်ကိုဖိတ်ခေါ်လိုက်ပါတယ်။ ထိုပုဂ္ဂိုလ်ကတော့ Marketing ဘက်ကပါ။ သူကတော့ F-35 တိုက်လေယာဉ်ကိုစတင်ပြီး Develop လုပ်ရာမှာ ဘယ်နိုင်ငံတွေက ဘယ်လိုပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဘယ်နိုင်ငံတွေက ဘယ်လောက်ထိကို မှာထားကြတယ် စသည်ဖြင့်ဝေေ၀ဆာဆာပြောပါတော့တယ်။ ပထမ Boeing ကလူကတော့ ပညာရပ်ပိုင်းကို ပြောတာဆိုတော့ ထိုပညာရပ်နဲ့မရင်းနှီးတဲ့သူတွေအတွက် စိတ်ဝင်စားစရာ ကောင်းမှာမဟုတ်ပါဘူး။ ဒုတိယလူကတော့ လူတိုင်းနားထောင်လို့ အဆင်ပြေပါတယ်။ အပြောအဟောလည်း မားကတ်တင်းသမားလို့ပြောစရာမလိုအောင် ကောင်းလှပါတယ်။

F-35 Lighting II
    အဲ့ဒီနောက်မှာတော့ Lockheed Martin ကုမ္ပဏီရဲ့ F-22, F-35 တို့နဲ့အပြိုင် လေယာဉ်တစ်စင်းဖြစ်တဲ့ Eurofighter Typhoon ကုမ္ပဏီရဲ့ကိုယ်စားပြောမယ့် EADS က တစ်ယောက်ကို စဉ်ပေါ်ကိုဖိတ်ခေါ်လိုက်ပါတော့တယ်။ သူကတော့ အသက်ကခပ်ငယ်ငယ်ပဲ ရှိပါသေးတယ်။ စကားပြောပုံဆိုပုံကို ကြည့်ပြီးခန့်မှန်းမိတာကတော့ စပိန်နိုင်ငံသားဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီမှာ သူကလည်း သူတို့တိုက်လေယာဉ်ဖြစ်တဲ့ Eurofighter Typhoon အကြောင်းကို ဝေေ၀ဆာဆာ ဟောပြောပါတော့တယ်။ ဒီလေယာဉ်ကုမ္ပဏီ ၃ ခု ဟာပြိုင်ဆိုင်မှု အင်မတန် အားကြီးပါတယ်။ Boeing ကုမ္ပဏီဟာ အမေရိကန်အစိုးရကနေ F-35 တိုက်လေယာဉ် ထုတ်လုပ်ဖို့ Lookheed Martin နဲ့ ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ပြီး ဒီပရောဂျက်ကို လက်လွှတ်လိုက်ရသူပါ။ Eurofighter Typhoon ကတော့ အမေရိကရဲ့ အကောင်းဆုံးလေယာဉ်တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ဥရောပနိုင်ငံတွေက ထုတ်လုပ်ထားတဲ့ လေယာဉ်ပါ။
    သူတို့တွေ ဘယ်လောက်ထိ ပြိုင်ဆိုင်မှုပြင်းထန်သလဲဆိုရင် ယနေ့ဒီအခန်းထဲမှာလည်း ကုမ္ပဏီတစ်ခုချင်းစီဟာ တကွဲတပြားထိုင်ကြပါတယ်။ Boeing က တောင်ဘက်ဆုံးအတန်း၊ Lockheed က လူနှစ်ယောက်က အလယ်တန်း၊ EADS က နှစ်ယောက်ကတော့ တောင်ဘက်တန်း ကျွန်တော့်ရှေ့ ၂ ခုံကျော်မှာ ထိုင်ကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးလူအလှည့် ပြီးဆုံးသွားတဲ့ အချိန်မှာပဲ အခမ်းအနားမှုးဆီကနေ မထင်မှတ်တဲ့ မေးခွန်းတစ်ခုမေးလာပါတယ်။ ဒီနေ့တင်ပြတဲ့ F-35 နဲ့ Eurofigher Typhoon တို့သာ ဝေဟင်မှာ တွေ့ကြမယ်ဆိုရင် ဘယ်လေယာဉ်က အသာစီးရမလဲလို့ ထပြီးမေးလိုက်ပါတယ်။ အဲ့ဒီမှာ Eurofighter ကောင်လေးကနေပြီး သူတို့လေယာဉ်ဟာ ဘယ်လို Aerodynamics ပိုင်းအရကောင်းတယ်၊ ပိုင်းလော့တွေအတွက် Helmet Display Unit (HDU) ဟာဆိုရင် ပစ်မှတ်ကိုချိန်တွယ်ရာမှာ ဘယ်မှလိုက်ကြည့်နေစရာမလိုပဲ မိမိရဲ့မျက်စိရှေ့ခေါင်းဆောင်းရဲ့ဖန်သားပြင်မှာ အချိန်နှင့်တပြေးညီဖော်ပြပေးနေတာဖြစ်တဲ့အတွက် ရန်သူကိုပစ်ခတ်ရာမှာ အလွန်မှလွယ်ကူလျင်မြန်စွာ ပစ်ခတ်နိုင်ကြောင်းပြောကြားပါတယ်။
Eurofighter Typhoon with full of weapon payload
   ထို့နောက် F-35 ကိုယ်စားလှယ်ကလည်း ထလာပြီး.. တကယ်တော့ ကိုယ့်လေယာဉ်သာ ကောင်းတယ်လို့ပြောကြမှာပဲဖြစ်ကြောင်း၊ ဒါ့ကြောင့် ကျွန်တော်တို့ပြောတာထက် လက်ရှိဈေးကွက်ကို လေ့လာကြည့်တာဟာ အကောင်းဆုံးဖြစ်ကြောင်း၊ ယခုဆို F-35 ကို ဘယ်နိုင်ငံတွေက ဘယ်လိုကြိုတင်မှာ ကြားထားတာကို ကြည့်ခြင်းအားဖြင့် ဘယ်လေယာဉ်ဟာ ပိုကောင်းကြောင်း သိသာစေမှဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။ သူ့ပြောကြားချက်အပြီးမှာတော့ ကျွန်တော်ကိုယ်တိုင်လည်း ဟိုကောင်လေးတော့ သွားပြီ ဘာမှပြောစရာမရှိလောက်တော့ဘူးလို့ တွေးမိတဲ့အချိန်မှာပဲ သူ့ဆီကစကားသံထွက်လာပါတယ်။ တကယ်တော့ F-35 လေယာဉ်ဟာ လေကြောင်းအသာစီးရဖို့ (Air Superiority Fighter) တိုက်ခိုက်တဲ့ယာဉ်အနေနဲ့ တည်ဆောက်ထားတာမဟုတ်ကြောင်း၊ ဘက်စုံသုံးနိုင်အောင် Joint Strike Fighter အနေနဲ့ ဒီဇိုင်းထုတ်တည်ဆောက်ထားတာဖြစ်ကြောင်း၊ ဒါ့ကြောင့် Air Superiority Fighter တစ်စီးဖြစ်တဲ့ Eurofighter တိုက်လေယာဉ်ရဲ့ ပြိုင်ဘက်မဟုတ်ကြောင်း ပြန်လည်ချေပလိုက်ပါတယ်။
   အဲ့ဒီအချိန်မှာပဲ ကျွန်တော်စိတ်ထဲကနေ သူ့ကိုကြိတ်ပြီး ချီးကျူးလိုက်မိပါတော့တယ်။ သူက လူငယ်ပဲရှိသေးတဲ့အတွက် ဒေါသသံလေးလည်း နဲနဲပါနေတာကို တွေ့ရပါတယ်။ ဒီကောင်လေး သူ့နေရာကို ပြန်လာထိုင်တဲ့အချိန်မှာ သူနဲ့အတူပါလာတဲ့ သူ့အထက်လူကြီးပုံစံ အသက်ခပ်ကြီးကြီးလူကြီးက ၀မ်းသာအားရလက်ဆွဲ နှုတ်ဆက်ပါတော့တယ်။ ဒီမှာ ဘာ့ကြောင့်ဒီလောက်ပြင်းပြင်းထန်ထန် ပြောဆိုနေကြသလဲဆိုတာကိုပြောရရင် ကိုရီးယားအစိုးရဟာ ၂၀၂၀ ခုနှစ်လောက်မှာ သူတို့ရဲ့ တိုက်လေယာဉ်ကို ထုတ်လုပ်နိုင်ဖို့အတွက် အခုအချိန်မှာ အသည်းအသန်ကြိုးစားနေပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကုမ္ပဏီတစ်ခုခုကိုရွေးချယ်နေတာပါ။
ဒါ့ကြောင့် ကိုရီးယားတိုက်လေယာဉ်အတွက် ကူညီပေးဖို့ ကန်ထရိုက်ရအောင် ဒီကုမ္ပဏီတွေ ပြိုင်နေကြတာပါ။
F_35 internal weapon bay opened

   ဒီနေရာမှာ ကိုရီးယားအစိုးရရဲ့ တိုက်လေယာဉ်ဟာ ၂၀၂၀ ကျမှထုတ်နိုင်ဖို့ ခုကြိုးစားနေကြတယ်ဆိုတာပါ။ ကိုရီးယားရဲ့ လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ကိုယ်ပိုင်ထုတ် T-50 ဆိုတဲ့ တိုက်လေယာဉ်မောင်း သင်ကြားရာမှာ အသုံးပြုတဲ့လေယာဉ်ရှိသလို၊ အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်ကိုလည်း ပြည်တွင်းမှာတင် ထုတ်လုပ်တပ်ဆင်ခွင့် ရထားတဲ့သူပါ။ တခြားအခြေအနေတွေကို ကြည့်မယ်ဆိုရင်လည်း ကိုရီးယားနည်းပညာကုမ္ပဏီ တော်တော်များများဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ပါ။ ဒီလိုအခြေအနေရှိတာတောင်မှာ နောင်ဆယ်နှစ်နေမှ ကိုယ်ပိုင်တိုက်လေယာဉ် ထုတ်နိုင်မယ်ဆိုတဲ့ မိမိနဲ့လျော်ညီတဲ့ ရည်မှန်းချက်ကိုသာ မှန်မှန်ကန်ကန် သုံးသပ်ပြီးချမှတ်ကြတာကို တွေ့ရမှာပါ။ ငါ့နည်းပညာကုမ္ပဏီတွေကထိပ်တန်းပဲ၊ တို့မှာငွေတတ်နိုင်တာပဲ၊ တို့မှာ လေယာဉ်ထုတ်တဲ့စက်ရုံတွေ၊ လိုင်စင်ယူပြီး ထုတ်နေတာတွေ ရှိတာပဲ နောင် ၅ နှစ်အတွင်း ငါတို့တိုက်လေယာဉ် ထုတ်နိုင်အောင်လုပ်ကြဆိုတာမျိုးမဟုတ်ပါဘူး။ ဒါတောင် တကယ်တမ်းကျွန်တော် ခန့်မှန်းရမယ်ဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက အကောင်အထည်ဖော်ဖို့ကြိုးစားနေပြီး တကယ်ထုတ်နိုင်မယ့်အချိန်ကလည်း ခန့်မှန်းထားတာထက် နောက်ကျမယ်လို့ထင်ပါတယ်။
  မည်သို့ပင်ဆိုစေကာမူ သူတို့ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်ကို ကြည့်ခြင်းအားဖြင့် ပညာရှင်များကိုယ်တိုင် ချမှတ်ထားတဲ့ ပန်းတိုင်ဆိုတာ ပါးစပ်ကဖွင့်ပြောစရာမလိုဘဲ သိသာပါတယ်။ ဒူးနေရာဒူး တော်နေရာတော်ဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ လူတိုင်းသိနားလည်ကြမှာပါ၊ တကယ်လို့သာ သူ့နေရာနှင့်သူမဟုတ်ပါက ဆုံးဖြတ်ချက်တလွဲတချော်နဲ့ လိုရာပန်းတိုင်မရောက်ဘဲ ငွေကုန်လူပန်း ဖြစ်တာအဖတ်တင်မှာပါပဲ။အမိ မြန်မာနိုင်ငံမှာလည်း ဒူးနေရာဒူးတော်နေရာတော်ဖြစ်လို့ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် မြှင့်တင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မှတ်ချက်။  ။ လေယာဉ်တွေမှာ သူ့ရည်ရွယ်ချက်နဲ့သူ အထူးပြုဆောက်လုပ်ထားကြတာပါ၊ Navy, Airforce, Army အတွက်ဆိုပြီး အနည်းငယ်စီကွဲပြားတဲ့အပြင်၊ Bomber ၊ Fighter၊  Reconnaissance ဗုံးကြဲ၊ ဝေဟင်စီးချင်းထိုးဖို့ ၊ ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စသဖြင့်လည်း ကွဲပြားကြပါတယ်။
ခုဒီမှာဖော်ပြထားတဲ့ F-35 တိုက်လေယာဉ်ဟာ ဝေဟင်စီးချင်းထိုးဖို့အပြင် တခြားလုပ်ငန်းတွေပါ လုပ်ဆောင်နိုင်အောင် ဒီဇိုင်းပြုတည်ဆောက်ထားတာပါ။ ဒါ့ကြောင့် ဝေဟင်စီးချင်းထိုးဖို့ သက်သက်သာသီးသန့် ဒီဇိုင်းထုတ်ထားတဲ့ Eurofighter ကနေ သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ ပြန်ချေပခံလိုက်ရတာပါ၊ ကျွန်တော့်အမြင်အရပြောရရင် ဒီနှစ်စီးမျက်နှာချင်းဆိုတွေ့ကြရင် သိပ်ပြီးစွမ်းဆောင်ရည် မကွာလှပါဘူး၊
    သို့သော် Beyond Visual Range လို့ခေါ်တဲ့ အဓိကအရေးကြီးတဲ့ ရန်သူကိုကိုယ်က အရင်မြင်နိုင်စွမ်းရှိတဲ့ဘက်မှာတော့ အမေရိကန်ဘက်က သာပါလိမ့်မယ်။ ကိုယ့်လေယာဉ် ဘယ်လောက်ကောင်းကောင်း ကိုယ်ကရန်သူကိုမမြင်ရသေးဘဲ ပစ်ချခံလိုက်ရရင်တော့ ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး F-35 ဟာ ရေဒါမှာမြင်ရဖို့ ခဲယဉ်းပါတယ်။ သူက Virtually invincible to radar ပါ။ အမေရိကန်နဲ့တိုက်ရင် ခံရတာများပါတယ်။ အီရတ်က ဟူစိန်ရဲ့လေတပ်ဟာလည်း အင်အားတော်တော်တောင့်တင်းပါတယ်။ သို့သော် တကယ်တမ်း အမေရိကန်နဲ့ စစ်ဖြစ်ကြတော့ ဝေဟင်ပေါ်တောင် ပျံတက်ခွင့်မရလိုက်ကြပါဘူး၊ ဒါဟာ အမေရိကရဲ့ လက်ဦးမှုရယူရေးပေါ်လစီပါပဲ၊ အဲ့ဒီလို လက်ဦးမှုရယူနိုင်အောင်လည်း ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်ခံပြီး ဂြိုလ်တုတွင်လွှတ်တင်၊ ထောက်လှမ်းရေးလေယာဉ်တွေလွှတ် စသဖြင့်လုပ်ထားပေတာကိုး။

မောင်မျိုး (စက်မှု)

2 comments:

  1. သိပ်ကောင်းတဲ့ ပို့ စ်ပါဗျာ

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...