Monday, August 13, 2012

ကျွန်တော် အိနြေ္ဒမနည်းဆည်ခဲ့ရသော အစားတစ်လုပ်



အခန်းထဲဝင်လိုက်တာနဲ့တင် ကျွန်တော်စိတ်တွေ တော်တော်လှုပ်ရှားသွားသည်။ ရှိနေကြတဲ့သူအားလုံးက ပါမောက္ခကြီးတွေချည်းပဲ၊ ကိုယ်မသိတဲ့သူတွေကလည်း ကုမ္ပဏီဘက်က လူကြီးတွေဖြစ်ဖို့များသည်။ အစည်းအဝေးစားပွဲမှာ အားလုံးဝိုင်းထိုင်နေကြသလိုမျိုးဖြစ်သည်။ ရှေ့တွင်တော့ အသက် ၃၀ ခန့်ရှိမည့်သူက ကွန်ပြူတာနှင့် စကားပြောဖို့ပြင်နေသည်။ ထိုသူသည် ဆရာပြောပြသော University of Texas မှ ကွန်ပြူတာသိပ္ပံဖြင့် ဒေါက်တာဘွဲ့ရကာ ထိုကျောင်းမှာပင် အလုပ်ပြန်လုပ်နေသူဖြစ်သည်။
ထိုတက္ကသိုလ်ရှိ စူပါကွန်ပြူတာကို တပ်ဆင်ထိန်းသိမ်းနေရသူလည်းဖြစ်သည်။ သူအဲ့ဒီမှာ ဘာတွေလုပ်နေရသည်ကို ဒီနေ့ Presentation လုပ်မည်ဖြစ်သည်။ ဆရာက ယခင်အပတ်ထဲက ဒီအစီအစဉ်ရှိတယ်၊ ဘာခေါင်းစဉ်နဲ့ပြောမယ် ဘယ်အခန်းကို နောက်အပတ်အချိန်ရရင် လာတက်နိုင်ပါတယ်ဆို၍ ကျွန်တော်လာခြင်းဖြစ်သည်။

သို့သော် လူကြီးများနှင့်အစည်းအဝေးစားပွဲကဲ့သို့ ထိုင်ရမည်ဟူ၍တော့ ကျွန်တော်မထင်ခဲ့၊ ထို့ကြောင့် စ၀င်ဝင်ချင်းတော့ စိတ်အိုက်သွား၏။ သို့နှင့် သူ၏ Presentation စတင်လေသည်။ သူက ကွန်ပြူတာမှာ Processor Core တွေ ချိတ်ဆက်ကာ ဘယ်လိုအလုပ်လုပ်ကြကြောင်း၊ နောက်ပြီး ထင်သလောက် စွမ်းဆောင်ရည်မရသဖြင့် သုတေသနတွေလုပ်နေတာကို ပြောပြ၏။ ထို့နောက် ဆွေးနွေးရမည့် အပိုင်းသို့ရောက်သောအခါ ကျွန်တော်နှင့်မဆိုင်သော်လည်း စိတ်ဝင်စားသဖြင့် မေးခွန်းမေးလိုက်၏။

မေး။  ။ Processor Core တွေ အားလုံး အချိန်တိုင်း အလုပ်လုပ်ပါသလား။ (ကျွန်တော်တို့ ကွန်ပြူတာတွေ ယခုဆိုရင် Core လေးခုပါသော QuadCore Processor တွေကို သုံးနေကြသည်။ ထိုမေးခွန်းမေးသော အချိန်တုန်းက Dual Core များပင်ပေါ်ကာစ၊ ပူလွန်းသည့် ပြသနာရှိနေဆဲဖြစ်သည်။ ကျွန်တော်က ထို Core များ အချိန်တိုင်းအလုပ်မလုပ် တစ်ခါတစ်လေ Core တစ်လုံးကအိပ်နေတတ်သည်ဟု နဂိုကတည်းက ထင်နေသဖြင့် ထိုမေးခွန်းမေးမိခြင်းဖြစ်သည်။)

ဖြေ။  ။ မလုပ်ပါဘူး၊ အဲ့ဒီဟာက အဓိကပြသနာ တစ်ခုပါပဲခင်ဗျာ။

မေး။  ။ ကျွန်တော်လည်း အဲ့ဒီလိုပဲထင်ပါတယ်၊ ဒါ့ကြောင့် ကျွန်တော်စဉ်းစားမိတာက ဒီ Core တွေ
တစ်ခုနှင့်တစ်ခုကြားမှာ ဆက်သွယ်လုပ်ဆောင်ပုံကို Optimize လုပ်ပေးဖို့ ကျွန်တော်တို့ စဉ်းစားသင့်ပါတယ်။ (ဆိုလိုသည်မှာ Core နှစ်ခုပေါင်းထားသဖြင့် Dual Core processor ဖြစ်ရုံတင်မဟုတ်ဘဲ၊ အလုပ်လုပ်ပါက ထိုနှစ်ခုအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ပုံနည်းလမ်းကို အကောင်းဆုံးဖြစ်အောင် Intelligent System တစ်ခု ထားသင့်ကြောင်း ကျွန်တော်ကကျွန်တော့်အမြင် ပြော၏။ သူကလည်း လက်ခံ၏။ )

နောက်ဆုံးတစ်ခုအနေဖြင့် States မှာ Quadcore Laptop တွေများ သုံးနေကြပြီလားဟု ကျွန်တော်ကမေးလိုက်၏။ မသုံးကြသေးပါ..အပူချိန်ကို မထိန်းနိုင်သောကြောင့်ဖြစ်ကြောင်း ပြန်ဖြေ၏။
( US ကို States ဟုသာ အမေရိကနှင့် အနောက်ဥရောပနိုင်ငံများတွင် အခေါ်များ၏)

 ထိုသို့ပြောနေစဉ်တွင် ကျွန်တော်တို့အားလုံး၏ရှေ့သို့ ကော်ဖီနှင့်ကိတ်မုန့် ခပ်ကြီးကြီးတစ်စိတ်စီကို လာချလေသည်။ ကျွန်တော့်ဘေးမှ ဆရာတစ်ယောက်က ကိတ်မုန့်ကိုဇွန်းလေးနှင့် တစ်ဇွန်းအသာခပ်စားလိုက်၏။ ထို့နောက် အားလုံးကုန်သည်အထိ ဆက်တိုက်စားလေတော့သည်။ ကျွန်တော်လည်း စိတ်ထဲက ဒီဆရာကွာ လူကြီးဖြစ်နေပြီ အိနြေ္ဒတောင်မဆည်နိုင်ဘူးဆိုပြီး ရေရွတ်မိ၏။

ထို့နောက် ထိုဆရာက ကျွန်တော့်ဘက်အရှက်ပြေလှည့်ကာ စားလေစားဟုပြောလေသည်။ ကျွန်တော်လည်း ဟုတ်ကဲ့ပါဆိုပြီး ဇွန်းကလေးနှင့် အသာတစ်ချက် ကော်စားလိုက်လေသည်။ ကျွန်တော့်ဘ၀မှာ အစားကောင်းတော်တော်များများစားဖူးပါသော်လည်း ဒီကိတ်မုန့်ကတော့ တော်တော်ကို ထူးခြားလှသည်။ လျှာပေါ်တင်လိုက်ကတည်းက တကယ်ကိုနတ်သုဒ္ဓါအလား အောက်မေ့ရအောင် အရသာရှိလွန်းလှပါသည်။ ခုမှ ထိုဆရာအိနြေ္ဒမဆည်နိုင်အောင်ဖြစ်သွားရခြင်းကို ကျွန်တော်သဘောပေါက်လိုက်တော့သည်။

ကျွန်တော် အကုန်ကုန်အောင် တခါတည်းအားရပါးရ စားချင်စိတ်ဖြစ်လာသည်။ ဘ၀မှာ အစားနဲ့ ပက်သက်လို့ ထိုကဲ့သို့ မခံစားဖူးပေ။ သို့သော် မဖြစ်ချေဘူး၊ ကိုယ့်ဘေးမှာ တကယ့်လူတွေချည်းပဲ တော်ကြာ ဒီကောင်နှယ် Seminar လာတက်ခိုင်းတာ ကိတ်မုန့်စားဖို့များ ခေါ်တယ်မှတ်နေလားဟု တွေးမှာလည်းစိုးရိမ်သည်။ ကိုယ့်နိုင်ငံလည်း သိက္ခာကျမည်စိုးသည်၊ ကိုယ့်ကိုကြည့်ပြီး ဒီနိုင်ငံသားတွေက ဒီလိုပဲနေမှာပေါ့ဟု တွေးသွားမှာကြောက်သည်။ ထို့ကြောင့် ကျွန်တော်ကိုယ့်စိတ်ကိုယ် ထိန်းချုပ်လိုက်သည်။ အစီအစဉ်လည်း ပြီးသွားပြီဖြစ်၍ အားလုံးကို နှုတ်ဆက်ကာ ကျွန်တော်ပြန်ခဲ့လေသည်။

လမ်းတစ်လျှောက်တွင် ထိုကိတ်မုန့်ကိုစားချင်စိတ်ကသာ လွှမ်းမိုးနေလေသည်။ ဘယ်ကိတ်မုန့်ဆိုင်ကများ ဖြစ်နိုင်မလဲဟု စိတ်ထဲတွင်မှန်းဆနေမိသည်။ ဘ၀ရဲ့ထူးဆန်းသော အတွေ့အကြုံတစ်ခုအဖြစ် မှတ်တမ်းတင် ရေးသားချင်းမျှသာ။

မောင်မျိုး (စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...