Thursday, August 16, 2012

ကိုရီးယားနိုင်ငံ၏ အရက်ယဉ်ကျေးမှု

ကမ္ဘာပေါ်မှာ အရက်အသောက်ဆုံး လူမျိုးကိုပြပါဆိုလျင် ကိုရီးယားလူမျိုးများကို ပြရမည်ထင်သည်။ ဘာပဲဖြစ်ဖြစ် အရက်ဟာ သူတို့ဘ၀မှာမပါမပြီးတဲ့ အရာတစ်ခုပါ။ ကိုရီးယားလူမျိုးများဟာ သူတို့ရဲ့ရိုးရာအရက်ဖြစ်တဲ့ ဆိုဂျူကို နေ့တိုင်းနီးပါး သောက်သုံးမှီဝဲလေ့ရှိပါတယ်။ တကယ်တော့ မြန်မာတို့ အချိုရည်သောက်သုံးသည်ထက်ပင် ကိုရီးယားတို့ ဆိုဂျူသောက်တဲ့နှုန်းက ပိုပါလိမ့်မယ်။ ဒီလိုယမကာကို မက်မက်မဲမဲ သောက်သုံးကြတာကြောင့်လည်း အရက်သောက်ခြင်းကို တားမြစ်ထားတဲ့ မူလဗုဒ္ဓဘာသာဟာ ဒီနိုင်ငံမှာ ပျောက်ကွယ်လုနီးပါး အခြေအနေကို ရောက်ခဲ့ရပါပြီ။
ပြည်တွင်းအရက်ကြော်ငြာ

ရုံးပိတ်ရက်များတွင် အရက်ဆိုင်ဘားဆိုင်သို့ သွားလေ့ရှိသော အမေရိကနှင့်ဥရောပနိုင်ငံသားများပင် ကိုရီးယားများကို တော်တော်သောက်နိုင်တဲ့သူတွေဟု သြချကြရပါတယ်။ တစ်ခါက ကျွန်တော်တက်ရောက်နေသော စာတမ်းဖတ်ပွဲသို့ American Institute of Aeronautics and Astronautics (AIAA) မှ ဥက္ကဌလည်း လာတက်ရောက်လေသည်။ ထို အမေရိကန်ပုဂ္ဂိုလ်နှင့် ကိုရီးယားမှ သက်ဆိုင်ရာ အကြီးအကဲတို့ ယမန်နေ့ညက အရက်ပြိုင်သောက်ကြရာ အမေရိကန်ပုဂ္ဂိုလ် ရှုံးနိမ့်သွားကြောင်း ကြားသိရလေသည်။ ကိုရီးယားတို့သည် နေရာတကာ အဆုံးစွန်ထိလုပ်တတ်သူများဟု သတ်မှတ်ရမလိုပင်။

အလုပ်ကြိုးစားမှုတွင်လည်း သြချစရာကောင်းလောက်အောင် ကြိုးစားကြသူများဖြစ်သည်။ သူတို့၏ မဆုတ်မနစ်သော ကြိုးစားမှုတို့ကြောင့် ကိုရီးယားနိုင်ငံသည် ယခုအခါ ကမ္ဘာမှာ လက်မထောင်နိုင်သော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ လူတစ်ကိုယ်တွင် အဆိုးအကောင်း ဒွန်တွဲနေသကဲ့သို့ နိုင်ငံတစ်နိုင်ငံတွင်လည်း အဆိုးအကောင်းတို့ ဒွန်တွဲနေပေသည်။ အကောင်းအဆိုးတို့ကိုတော့ မိမိကိုယ်ပိုင် ဥာဏ်ဖြင့်ဆုံးဖြတ်ကာ ယူသင့်သည်ကိုယူ ပယ်သင့်သည်ကို ပယ်ရမည်မှာ ဆင်ခြင်တုံတရားရှိသော လူတို့၏အရိပ် လဏ္ခာတစ်ခုပင်ဖြစ်လေသည်။ ဆက်လက်ဖော်ပြမည့် ကိုရီးယားနိုင်ငံ၏ အရက်ယဉ်ကျေးမှုသည် လူငယ်များအား လမ်းမှားသို့ပို့ရန်မရည်ရွယ်ပါ။ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို သိရှိရန်အတွက်သာ ရည်ရွယ်ပါသည်။

စားသောက်ပွဲတွင် တည်ခင်းလေ့ရှိသော အရက်များ

ကိုရီးယားလူမျိုးတို့၏ စားသောက်ပွဲများတွင် တည်ခင်းလေ့ရှိသော ပင်တိုင်စံအရက်ကတော့ သူတို့၏ရိုးရာအရက်ဖြစ်သော ဆိုဂျူပင်ဖြစ်လေသည်။ သံခင်းတမန်ခင်းပွဲများတွင်တော့ ၀ီစကီနှင့် ၀ိုင်အရက်များပါဝင်လေ့ရှိသော်လည်း သာမာန်ပွဲများကတော့ ဆိုဂျူနှင့် မတ်ဂျုဟု ခေါ်သော ဘီယာပင်ဖြစ်လေသည်။ ကိုရီးယားနိုင်ငံသည် ဘီယာအလွန်ညံ့လေသည်။ ကိုရီးယားထွက်ပစ္စည်း ဘာမဆိုကို ကမ္ဘာမှာအကောင်းဆုံးဟု ပြောလေ့ရှိသော ပါမောက္ခကြီးများပင် ကိုရီးယားဘီယာ ညံ့ကြောင်းကိုတော့ ၀န်ခံကြလေသည်။ မြန်မာဘီယာသောက်သုံးဖူးသော ကိုရီးယားလူမျိုးတို့သည် ဒီလိုနိုင်ငံကဒီလို ဘီယာကောင်းကောင်း ထုတ်လုပ်နိုင်သည်ကို အထူးတလည် ချီးမွမ်းကြလေသည်။

ဆိုးဂျုနှင့်မတ်ဂျုအရော

တချို့သော ကိုရီးယားများကတော့ သူတို့တခြားနိုင်ငံရောက်ခဲ့စဉ်က ၀ယ်ယူခဲ့သော အရက်တစ်လုံးကို အထူးအရက်အဖြစ် တည်ခင်းတတ်လေသည်။ ထိုဟာ ကုန်သည်နှင့်အဆုံးသတ်ကတော့ ဆိုဂျူပင်ဖြစ်လေသည်။ လက်ရှိ ဆိုဂျူသည် အရင်ခေတ်များနှင့်မတူ အလွန်ပျော့သော ရေသာသာ သာရှိသည်ဟု ပါမောက္ခတစ်ယောက်က ပြောပြဖူးလေသည်။ တစ်ခါတစ်ရံ ဆိုဂျူနှင့်မတ်ဂျု (ဘီယာ)ရောနှောကာ ဆိုးမတ်အဖြစ် သောက်သုံးကြသည်လည်းရှိ၏။ နှစ်ပင်လိမ်ကာ ပို၍မူးစေသည့် သဘောဖြစ်၏။ ကိုရီးယားတွင် မြန်မာခေါင်ရည်နှင့် ဆင်တူသော မက်ကောလီဟူသော အရက်တစ်မျိုးလည်း ရှိလေသည်။ သာမာန်အလုပ်ကြမ်းသမားများသာ အသောက်များလေသည်။

လူကြီးများနှင့် သောက်ကြရာဝယ်

လူကြီးသူမများနှင့် သောက်သုံးပါက၊ ပထမဦးစွာ အထူးအရက်ဖြင့် ဧည့်ခံပါက ထိုအရက်ကို အားလုံးသောသူတို့၏ ခွက်များထဲသို့ ဧည့်ခံသူလူကြီးက လိုက်လံငှဲ့ပေးလေ့ရှိသည်။ ထို့နောက် သူ၏ခွက်ထဲသို့ နီးစပ်ရာ တစ်ယောက်ယောက်မှ ပြန်လည်ငှဲ့ပေးရလေသည်။ ကိုရီးယားတွင် ကိုယ့်ခွက်ကို ငှဲ့မသောက်ရပါ။ အပြန်အလှန်ငှဲ့ပေးရလေသည်။ ပါမောက္ခများနှင့် အရက်ဆိုင်အတူတွဲထိုင်လေ့မရှိသော မြန်မာများအဖို့ ကိုယ့်ပါမောက္ခက ကိုယ့်ကိုအရက်ငှဲ့ပေးတာကို လက်ခံရသည်မှာ အောင့်သီးအောင့်သက် နိုင်လှပေသည်။ သောက်ခါနီးတွင် ကိုရီးယားတို့သည် တစ်စုံတစ်ခုကို ကြုံးဝါးပြောဆိုကာ ၀ီဟာရောဟု ၀ိုင်းဝန်းအော်ပြီးမှ သောက်သုံးလေ့ရှိသည်။

အရက်ငှဲ့ပုံ
ဥပမာအားဖြင့်- လေကြောင်းဌာနတွင် တစ်စုံတစ်ခု လုပ်ငန်းအောင်မြင်သည့် အထိမ်းအမှတ် သောက်သည်ဆိုပါစို့၊ ထိုအခါ ရှေ့မှတိုင်ပေးသူက မိမိတို့အလုပ်အကြောင်း ပထမဦးစွာ စကားဆိုကာ နောက်ဆုံး.. လေကြောင်းဌာန ဟု သူကအော်လိုက်ချိန်တွင် နောက်မှလူများက သံပြိုင်လိုက်၍ ၀ီဟာရော (အတွက်) ဆိုသည့် သဘောဖြင့် အော်ပေးရလေသည်။ ထို့နောက် လက်ထဲမှအရက်ခွက်ကို သောက်ရာတွင် မိမိကရာထူးငယ်လျင် ခွက်ကိုလက်ကလေးဖြင့် အုပ်ကာ နောက်ဘက်သို့ ခါးလေးလှည့်၍ သောက်သုံးရလေသည်။

လူငယ်အချင်းချင်းသောက်သုံးခြင်း

လူငယ်အချင်းချင်းဟုဆိုရာတွင် နှစ်ပိုင်းခွဲပြောရပေမည်။ ကိုရီးယားတွင် မိမိထက်အတန်းကြီးသူကို ရာထူးကြီးတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံရလေသည်။ စီနီယာ၊ ဂျူနီယာ တန်းမတူသည့်သဘောဖြစ်၏။ မိမိဝိုင်းတွင် မိမိအထက် စီနီယာများပါလာပါက အထက်ကဆိုခဲ့သလို လူကြီးများနှင့် သောက်သုံးသကဲ့သို့ သောက်သုံးရပေမည်။ ကိုယ့်ရွယ်တူ အချင်းချင်းကတော့ စိတ်ကြိုက်သောက်သုံးနိုင်လေသည်။ သို့သော် ကိုယ့်ခွက်ကို ကိုယ်တိုင်အငှဲ့မခံကြပေ။ တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုငှဲ့သောက်က ထိုသူသည် မိန်းမချောချော ရတတ်သည်ဟု လူငယ်များကြားတွင် ပြောဆိုလေ့ရှိသည်။


ကိုရီးယားနိုင်ငံတွင် အသက်ပြည့်မှသာ အရက်ကိုသောက်သုံးခွင့်ပြု၏။ တချို့သောဆိုင်များတွင် အရွယ်ရောက်မရောက် သိချင်သဖြင့် မှတ်ပုံတင်ပြခိုင်းခြင်းမျိုးရှိတတ်သည်။ တက္ကသိုလ်များတွင် တစ်နှစ်တစ်ခါ ကျင်းပသောပွဲတော်တစ်ခုရှိသည်။ ထိုပွဲတော်ကာလတွင် မေဂျာပေါင်းစုံမှ ဆိုင်ခန်းများထွက်ကာ တက္ကသိုလ်တ၀န်းလုံး အရက်ဆိုင်များပြည့်နှက်နေလေသည်။ ညဆိုလျင် တစ်ကျောင်းလုံးရှိကျောင်းသားများသည် ထိုဆိုင်များတွင် အရက်သောက်ကြကာ ပျော်ပါးနေကြတော့သည်။ အချင်းချင်းလက်ချင်းချိတ်ကာ ၀မ်းရှော့ဟုအော်ကာ ခွက်ထဲရှိအရက် မကုန်မချင်း သောက်ကြသည်များလည်း ရှိလေသည်။ မည်မျှပင် မူးယစ်နေစေကာမူ ရန်ပွဲများမရှိခြင်းကတော့ ချီးမွမ်းစရာပင်။

ကိုရီးယားရောက်မြန်မာများ

လူအမျိုးမျိုး စိတ်အထွေထွေဆိုသည့်အတိုင်းပင် ကိုရီးယားသို့ရောက်ရှိနေသော မြန်မာလူမျိုးတို့တွင်လည်း အမျိုးမျိုးအဖုံဖုံပင်ဖြစ်လေသည်။ တချို့လည်း သူတို့နေသလို လိုက်၍နေကြသလို တချို့လည်း မိမိနဂိုနေရင်း အတိုင်းသာ နေကြသူများလည်း ရှိလေသည်။ ကိုရီးယားများနှင့် တန်းတူရည်တူ ပျော်ပျော်ပါးပါးနေတတ်သူ အများစုကတော့ ယခင်ကိုရီးယားနိုင်ငံသားတို့နှင့် လုပ်ငန်းသဘောအရ ဆက်စပ်လုပ်ကိုင်ဖူးသူ အများစုဖြစ်လေသည်။ လိုက်လျောညီထွေနေသူနှင့် မနေသူတို့ကြားတွင်တော့ အမြင်မတူညီမှုများရှိကြသည်ပင်။

တစ်ဘက်က ရောမရောက်ပြီး ရောမလိုမကျင့်နိုင်သူများဟု ထင်မြင်သလို တစ်ဘက်မှလည်း ကိုယ့်ကိုယ်ကိုနှင့် ကိုယ့်ယဉ်ကျေးမှုကို မထိန်းသိမ်းနိုင်သူများဟု မြင်တတ်ကြလေသည်။ မည်သူမှားသည်မှန်သည်ဆိုတာထက် မည်သည့်အရာက သာ၍အရေးကြီးသည်ဆိုတာကို သိရှိထားဖို့တော့လိုပါသည်။ မိမိမလိုက်နာနိုင်သည့်တိုင် အမှန်တရားကို အမှန်တရားဟု လက်ခံနိုင်သော စိတ်ထားရှိဖို့လိုအပ်လှပေသည်။ သို့မဟုတ်ပါက မိမိ၏အမှားကို ဖုန်းကွယ်ရန်အလို့ငှာ ဖောက်လွဲဖောက်ပြန်စကားတို့ လွယ်ကူစွာ ပြောထွက်တတ်ပေသည်။


မောင်မျိုး (စက်မှု)

1 comment:

  1. ကိုရီးယားနိုင်ငံဧ။်ယဉ်ကျေးမှုတစ်ခုအကြောင်းသိရတဲ့အတွက်
    ကျေးဇူးတင်ပါတယ်...။

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...