Friday, August 17, 2012

ဖုတ်ဝင်သောမသာနှင့် တက္ကသိုလ်သွားမယ့် မောင်ကျောင်းသား

မနက်ဖြန် တက္ကသိုလ်ဆိုတာကြီးကို တက်ရတော့မယ်ဆိုတဲ့အသိက ရင်တစ်ခုလုံးကို တဒုန်းဒုန်းခုန်နေစေတယ်။ အရင်ရက်တွေတုန်းကလည်း ရပ်ကွက်ထဲကလူတွေကို ခွဲရကာနီးပြီမို့ မမောမပန်းနိုင်ပဲ တနေကုန် လိုက်လံနှုတ်ဆက်နေမိတယ်။ ကိုမျိုးကြီး အင်ဂျင်နီယာကြီးဖြစ်ရင် တို့ကိုမမေ့ရဘူးနော်ဆိုတဲ့ ရိုးသားတဲ့ကျွန်တော့် ပတ်ဝန်းကျင်က လူတွေရဲ့စကားဟာ ခုချိန်ထိနားထဲမှာ စွဲနေပါတော့တယ်။

ဒါပေမယ့် ဒီနေ့တော့ ရပ်ကွက်ထဲမှာ လူတွေကခြောက်ကပ်ကပ်ဖြစ်နေတယ်။ ခြောက်ဆို မသာအိမ်က ကျွန်တော်တို့ ရပ်ကွက်ထဲမှာတင် တိုက်တိုက်ဆိုင်ဆိုင် နှစ်လောင်းပြိုင် ဖြစ်နေတာကိုး။ ဒါ့ကြောင့် မသာအိမ်ရှိတဲ့ဘက်တွေမှာသာ လူစည်ကားပြီး ကျန်တဲ့နေရာမှာ လူခြေတိတ်နေတာဖြစ်ပါတယ်။ မသာအိမ်နှစ်အိမ်မှာ ကျွန်တော့်အိမ်နားလေးကတစ်အိမ်ဖြစ်ပြီး နောက်တစ်အိမ်ကတော့ ရပ်ကွက်အရှေ့ဘက်နားမှာ ဖြစ်ပါတယ်။


အိမ်နားလေးက သေဆုံးသွားတဲ့သူကတော့ ကျွန်တော်တို့နဲ့ သိပ်ပြီးအသက်မကွာပါဘူး။ သူကငယ်ငယ်တုန်းက လောက်လေးဂွပစ်တာ အရမ်းကိုတော်ပါတယ်။ ကျွန်တော် သူ့လိုလေးဂွ အရမ်းပစ်တတ်ချင်ခဲ့ပါတယ်။ သူက ပျံနေတဲ့ငှက်ကိုတောင် မှန်အောင်ပစ်နိုင်တဲ့သူပါ။ အဲ့ဒီလို ငယ်ငယ်ကသူများအသက်ကို အလွယ်တကူ သတ်ခဲ့တဲ့သူမို့လားတော့မသိပါဘူး သူမသေခင်မှာ ဝေဒနာကို တော်တော်လေးကို ခံစားသွားရပါတယ်။ ဗိုက်မှာအနာကြီးဖြစ်ပြီး တဖြည်းဖြည်းလှိုက်စားတာကို ခံစားပြီးမှ သေသွားရတာပါ။

သူသေဆုံးပြီး နောက်တစ်ရက်မှာတော့ လူတိုင်းမျှော်လင့်မထားတဲ့ သတင်းထူးတစ်ခုကို ကြားခဲ့ရပါတယ်။ မနက် ၆ နာရီ ပဲပြုတ်သွားဝယ်ဖို့ အိမ်ကနေအထွက်မှာပဲ မနေ့ညက ဇော်ထွန်းကြီးသေရာကနေထလာပြီး ဟိုဘက်အိမ်မှာ ဘာဟင်းချက်ထားတယ် သွားယူပေး ငါဗိုက်ဆာတယ်ဆိုပြီး ကိုယ့်အိမ်မှာ ရှိတာတွေတင် မဟုတ်ဘဲ ဘေးနားအိမ်က ထမင်းဟင်းတွေပါ သွားယူခိုင်းလို့ စားသောက်ပြီးမှ ပြန်အိပ်ပျော်သွားတယ်ဟု မယုံနိုင်စရာ ကြားသိခဲ့ရပါတယ်။ ဒါကို ကျွန်တော်တို့ကတော့ ဖုတ်ဝင်တယ်ဟု ခေါ်ပါတယ်။ ဒီလိုနှင့် ဇော်ထွန်းကြီး ဖုတ်ဝင်တယ်ဆိုတဲ့သတင်းဟာ ဟိုးလေးတကြော်ကြော် ဖြစ်သွားပါတော့တယ်။

ဒါကတော့ အိမ်နားကဇော်ထွန်းကြီး အကြောင်းပါ။ ရပ်ကွက် အရှေ့ဖျားက သေဆုံးသူအကြောင်းတော့ ကောင်းကောင်းမသိပါ။ ဇော်ထွန်းကြီးနဲ့ကသာ အိမ်နီးနားချင်းများမို့ ကောင်းကောင်းသိခြင်းဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်း လူရှုပ်ရှုပ်ကို မကြိုက်သဖြင့် ဘုရားပွဲများပင် သိပ်ပြီးသွားလေ့မရှိပေ။ ယခုလိုကိစ္စမျိုးတွင်လည်း အိမ်ကအသက်ကြီးသော အဖေအမေတို့ အလုပ်ဟုသာ သဘောထားလေသည်။
သို့နှင့် မသာချသင့်သော အချိန်သို့ရောက်ရှိနေပေပြီ၊ ရပ်ကွက်အရှေ့ဖျားက အလောင်းဆိုလျင် စည်စည်ကားကားနှင့် သုဿာန်သို့ထွက်ခွာသွားလေပြီ။

သို့သော် ဇော်ထွန်းကြီးအလောင်းကတော့ ထွက်မလာသေးပေ။ လူလည်း များများစားစား သူတို့အိမ်နားမှာ မတွေ့ရပေ။ ဇော်ထွန်းကြီးတို့က အလွန်အင်မတန် ဆင်းရဲသည်။ သူ့ညီဆိုလျင် ကျွန်တော်နှင့်ရွယ်တူတွေဖြစ်သည်။ ငယ်ငယ်က ကျွန်တော့်အိမ်က မန်ကျည်းပင်အောက်မှာ ထမင်းစုပြီး စားကြပြီဆိုလျင် ကျွန်တော့်မှာပါသော အသားတုံးကို သူတို့ကိုခွဲဝေကျွေးလေ့ရှိသည်။ ယခုလည်း ကြည့်ရသည်မှာ ဆင်းရဲသည်ကတစ်ကြောင်း၊ တစ်ရပ်ကွက်တည်း နှစ်လောင်းပြိုင် ဖြစ်နေသည်ကတကြောင်းကြောင့် သူတို့အိမ်သို့ လူသိပ်မလာခြင်းဖြစ်မည်။

ကျွန်တော် တဖြည်းဖြည်း နေမထိထိုင်မသာဖြစ်လာသည်။ သူတို့ဘာများဖြစ်နေသည်မသိ၊ တခုခုများလိုအပ်နေသလား၊ ငွေလိုလျင်လည်း ကိုယ့်လက်ထဲမှာ မနက်ဖြန် တက္ကသိုလ်သွားတက်တော့မှာမို့
ဟိုလူပေးဒီလူပေး မုန့်ဖိုးလေးများရှိနေသည်။ ဒီလိုအတွေးများနှင့် ကျွန်တော်သူတို့ အိမ်ဘက်သို့ ခြေဦးလှည့်ကာ လျှောက်လာမိလေသည်။ သူတို့အိမ်ရောက်လျင် အလောင်းပြင်နေကြသောသူတို့က လူရှုပ်ရှုပ်မလာဖူးသော ကျွန်တော့်ကို မောင်မျိုးဘာလာလုပ်တာလဲဟု လှမ်း၍မေးကြလေသည်။ ကျွန်တော်လည်း အော်..ဘာရယ်မဟုတ်ပါဘူးဦးလေး.. အဆင်ပြေကြရဲ့လားဟုသာ မေးလိုက်ပါသည်။

ထိုအခါ သူတို့ကပြောပြသည်မှာ အလောင်းထမ်းဖို့ လူနည်းနေကြောင်း သိရလေသည်။ သို့ဆိုလျင် ကျွန်တော်ဝင်ထမ်းပေးမည်ဖြစ်ကြောင်းပြောရာ သူတို့ကကျွန်တော့်ကို ဖြစ်ပါ့မလား၊ တစ်ခါမှလည်း မလုပ်ဖူးဘူး၊ လမ်းရောက်ရင်လည်း အလောင်းကို ဟိုဆွဲဒီဆွဲကစားကြဦးမှာဟု ပြောလေသည်။ ကျွန်တော်လည်း ရပါတယ်၊ ကျွန်တော်ထမ်းနိုင်ပါတယ်ဟု အာမခံလိုက်လေသည်။ သို့နှင့် မနက်ဖြန်တက္ကသိုလ်တက်ရန် စိတ်ကူးယဉ်နေသော ကျွန်တော်ဟာ နေပူကျဲကျဲထဲမှာ ချွေးတလုံးလုံးနဲ့ တခါမှမထမ်းဖူးသော မသာကိုလိုက်လံ ထမ်းပို့ခဲ့လေသည်။ လမ်းတစ်လျှောက်တွင် သူတို့တွေက မူးမူးရူးရူးဖြင့် ဟိုတွန်းဒီတွန်းလည်း လုပ်ကြသဖြင့် ကျွန်တော်၏ပုခုံးမှအသားစတို့ စုတ်ပြဲကုန်လေသည်။

လူတစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲလာသည်။ လူကလည်း နည်းသဖြင့် ပို၍ပင်ပန်းလှသည်။ အံကြိတ်ကာသာ ထမ်းနေရသည်။ သုဿာန်မြေသို့အ၀င်တွင်တော့ ထူးဆန်းတာတစ်ခုကို သတိထားမိပြန်ပါသည်။ ကျွန်တော်ထမ်းနေသော ၀င်ရိုးကြီးသည် ရုတ်တရက် အဆမတန်လေးလံသွားသဖြင့် ကျွန်တော့်ပုခုံးညွတ်ကျသွားလေသည်။ လူအများပြောဆိုလေ့ရှိသော မကောင်းဆိုးဝါးတို့ တက်ရောက်စီးနင်းသည်မှာ တကယ်ပင်ပဲလားဟု စိတ်မှာတွေးထင်မိလေသည်။

နောက်တစ်ရက်တွင် တက္ကသိုလ်ကျောင်းသားကြီး ကျွန်တော် တက္ကသိုလ်မြေကိုခြေချချိန်မှာတော့ လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသကဲ့သို့ နာကျင်ကိုက်ခဲလျက်ရှိပြီး ပုခုံးမှာလည်း စုတ်ပြဲနေလေသည်။
လှူနိုင်ခဲသောအလှူကို လှူခဲ့ရသည့်အတွက်တော့ ပီတိဖြစ်နေမိသည်။ ညနေခင်းတွင် မိမိကိုအစစစီစဉ်ပေးပြီးသဖြင့် ပြန်တော့မည်ဟု နှုတ်ဆက်သော မိခင်ကိုမျက်ရည်ဝဲကာ ကြည့်မိသဖြင့် မိခင်ကြီးက ယောက်ျားဆိုတာ စိတ်ဓါတ်ကိုမာမာထားရတယ်ဟု သူ၏လက်သုံးစကားဖြင့် ဆုံးမခဲ့လေသည်။ အချိန်တွေကြာညောင်းလို့ နိုင်ငံခြားသို့ နှစ်ရှည်လများသွားရတော့မည့် ကျွန်တော့်ကို လေဆိပ်တွင်လိုက်ပို့ရင်း မျက်ရည်များစိုရွှဲနေသော မိခင်က ငါ့သားကြီးက ငိုလည်းမငိုဘူးဟုဆိုသော အခါတွင်တော့ ကျွန်တော်၏စိတ်ထဲတွင် ကျွန်တော်ပထမနှစ်စတက်ကာစက မျက်ရည်ဝဲနေသော ကျွန်တော့်အားဆုံးမခဲ့သော အမေ့စကားကိုသာ နားထဲတွင်ပြန်လည်ကြားယောင်မိလေသည်။

မောင်မျိုး (စက်မှု)




No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...