Friday, August 31, 2012

အားလုံးပျော်ရွှင် ကုသိုလ်ဖြစ်စေခဲ့တဲ့ ဓမ္မဒူတအပျော်ခရီးစဉ်


ဓမ္မဒူတကျောင်းတော် ရံပုံငွေအနေနဲ့ ဆောရတ်တောင်နဲ့ ဂမ်ဝေါန်ဒိုနယ်မြေရှိ နက်စန်းကမ်းခြေတို့ကို သွားရောက်မယ့်ခရီးစဉ်လေးကို သက်ဆိုင်ရာဝက်ဆိုဒ်တွေ၊ သူငယ်ချင်းအချင်းချင်းလက်တို့တာတွေကနေ နှစ်ပတ်ကျော်ခန့်ကစပြီး အသိပေးခဲ့ကြပါတယ်။ ကျောင်းသူကျောင်းသားအများစုကတော့ ကျောင်းပိတ်ရက်မြန်မာပြည်ပြန်နေကြတာရယ်၊ ဘုန်းကြီးကျောင်းဘက် သာမာန်အချိန်မှာ အရောက်နည်းကြတာကြောင့် အပျော်ခရီးစဉ်မှ လာတယ်ဖြစ်မှာစိုးလို့လားမသိ ဘုန်းကြီးကျောင်းကို လာနေကျလူတွေသာ လိုက်ပါလာခဲ့ကြတာကိုတွေ့ရပါတယ်။

၂၅.၈.၂၀၁၂

ဒီနေ့ညနေမှာတော့ ကျွန်တော့်ဆီစာရင်းပေးထားတဲ့ ဘော်ဒါတွေကို နောက်ရက်မနက် ၁ နာရီလောက်မှာထွက်မှာဖြစ်ပေမယ့် ရထားက ည ၁၂ နာရီအထိပဲရှိတာကြောင့် ၊ ည ၁၀ နာရီခန့်မှာဆုံကြဖို့ပြောထားခဲ့ပါတယ်။ ဒီလိုနဲ့ အဲ့ဒီညမှာ ကျွန်တော်တို့တွေ ဘုန်းကြီးကျောင်းမှာစုဆုံကြပြီး ဘုန်းဘုန်းနဲ့ ပျော်ပျော်ပါးပါး စကားစမြည်ပြောဆိုကြပါတယ်။



ဘုန်းဘုန်းနဲ့ စကားစမြည်
မနက် ၁ နာရီခန့်မှ ကားထွက်မှာဖြစ်တဲ့အတွက် အားလုံးပဲညဥ့်နက်တာနဲ့ ဗိုက်ဆာကြမှာဖြစ်တဲ့အတွက် အနီးအနားမှာ သွားရောက်စားသောက်ကြဖို့ကိုလည်း အားလုံးနဲ့တိုင်ပင်ထားကြပါတယ်။ ကျွန်တော်လည်း တခြားကားကိစ္စနဲ့ သွားမယ့်အစီအစဉ်တွေကို သိဖို့အတွက် ယခုခရီးအားစီစဉ်ပေးသော အောက်ထပ်မှာ ဆိုင်ဖွင့်ထားတဲ့ လုပ်ငန်းရှင်နှင့် ဘုရားဒကာတစ်ဦးဖြစ်သူ ကိုညွန့်ဝင်းဆီ သွားရောက်မေးမြန်းဖို့ ဆင်းခဲ့ပါတယ်။ အဲ့ဒီမှာပဲ မေးစရာရှိတာမေးပြီးလို့ ကျွန်တော်နဲ့ပါလာတဲ့သူတွေ ဗိုက်ဆာမှာစိုးတဲ့အတွက် အပြင်အနီးနားမှာ ခဏထမင်းသွားစားကြမယ်လို့ ပြောလိုက်တယ်ဆိုရင်ပဲ အစ်ကိုကနေ အပြင်မှာစားရင် ပိုက်ဆံကုန်တယ် ကျောင်းမှာပဲစားပါလို့ ပြောလဲပြော လက်ဖက်တွေ၊ ဟင်းထုပ်တွေကိုထည့်နေပါတော့တယ်။

ခရမ်းချဉ်သီးမရှိတဲ့အတွက်လည်း သူသွားဝယ်ပေးမယ်လုပ်နေရာမှ ဦးနိုင် (စားသောက်ဆိုင်ဖွင့်ထားသူ) ရောက်လာလို့ ဦးနိုင်ကသူသွားဝယ်ပေးမယ်ဆိုတာနဲ့ ကျွန်တော်လည်းလိုက်ခဲ့မယ်ဆိုကာ သူနဲ့အတူလိုက်ပါလို့ ဈေးဝယ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဦးနိုင်နဲ့ အစ်ကိုညွန့်ဝင်းတို့ဝယ်ပေးလိုက်တဲ့ ဟင်းထုပ်တွေနဲ့ ကျောင်းပေါ်ပြန်တက်လာလို့ အားလုံးကအံ့အားသင့်နေချိန်မှာ “ကဲ ကြည့်မနေကြနဲ့တော့ ထမင်းအိုးသာတည်ကြပေတော့ ဦးနိုင်နဲ့ကိုညွန့်ဝင်းက ဒါနပြုလိုက်ပြီ” ဆိုကာ တပျော်တပါး ချက်ပြုတ်ကြပါတော့တယ်။ ထမင်းစားကာနီးမှာ ဦးနိုင်ထပ်ရာက်လာပြီး ၀က်ရိုးစွတ်ပြုတ်များ ထပ်မံပို့ပေးခဲ့ပါတယ်။


ည ၁၁ ခွဲခန့်တွင် ဘုန်းကြီးကျောင်းမှာပဲ ချက်ကြပြုတ်ကြ
ချက်ပြုတ်စားသောက်ပြီး ကျောင်းပေါ်ကနေပဲ ကားလာမယ့်အချိန်ကို စောင့်ဆိုင်းနေကြပါတယ်။ မနက် ၁ နာရီ ၁၅ ခန့်အချိန်မှာတော့ ငှားထားသောကား လာရောက်စောင့်မည့် ကျောင်းတစ်ဘက်နားက ကားလမ်းဘေးမှထွက်လို့ စောင့်ဆိုင်းကြပါတယ်။


ခရီးထွက်မယ် ကားပေါ်တက်ကြ

ကားပေါ်ရောက်လို့ ကားထွက်ပြီး မကြာမီမှာပဲ စီစဉ်သူ အစ်ကိုညွန့်ဝင်းမှနေ၍ ယခုခရီးစဉ်စဆုံးကို သူကပဲခရီးစားရိတ်ကော၊ စားစရိတ်ပါကျခံပါမည့်အကြောင်းနှင့် ဘုန်းကြီးကျောင်းသို့သာ မိမိတို့တတ်အားသရွေ့ လှူဒါန်းကြပါလို့ ကြေငြာလိုက်တယ်ဆိုရင်ပဲ အားလုံးက၀ိုင်းလို့ လက်ခုပ်တီးကြပါတော့တယ်။ တကယ်တော့ ဒီခရီးစဉ်လေးမှာ ကောက်ခံမယ်လို့ ကြေငြာထားတဲ့ငွေကြေးဟာလည်း အနည်းငယ်သာပါပဲ။

အားလုံးကိုအလှူဒါနပြုစေခဲ့သူ
ခရီးစဉ်အရ ဆောရတ်တောင်ခြေက ဘုရားကို မနက်ဝေလီဝေလင်းမှာ ဖူးမြော်နိုင်ရန် အချိန်ကိုက်ကားမောင်းဖို့ပါ။ ညပိုင်းမှာ ကားလမ်းကြောပိတ်ဆို့မှုမရှိတာကြောင့် ခရီးတော်တော်ပေါက်လို့ တချို့နေရာတွေမှာ ကားကိုခပ်ကြာကြာနားပေးရပါတယ်။ နောက်ဆုံးအကြိမ်ကားနားရာမှာတော့ အားလုံးပဲကားပေါ်မှာသာ အိပ်စက်နေကြပြီး ကျွန်တော်၊ ကားသမားနှင့်ကိုညွန့်ဝင်းတို့သာ ဆင်း၍စကားစမြည်ပြောဆိုခဲ့ကြပါတယ်။

ကားရပ်နားရာတစ်နေရာ
ကျွန်တော်တို့မှန်းထားသလိုပဲ မနက်ဝေလီဝေလင်းမှာ တောင်ခြေကိုရောက်ရှိလို့ ဘုရားကြီးကို မနက်အာရုံတက်မှာ ကြည်ကြည်လင်လင် ဖူးမြော်ခွင့်ရခဲ့တယ်ဗျာ။ စီစဉ်ပေးတဲ့သူတွေကို အထူးပဲကျေးဇူးတင်မိတာ အမှန်ပဲဗျို့။ အင်မတန်ထုထည်ကြီးမားတဲ့ ရုပ်ပွားတော်ကြီးကို တောင်ခြေမှာ ကျကျနနထုလုပ် ပူဇော်ထားတာမြင်ရတော့ ရန်ကုန်ကကျောက်တော်ကြီးဘုရားကို သတိရမိတယ်ဗျာ။

တောင်ခြေအစ



ဇနီးသည်နှင့်အမှတ်တရ

ကျွန်တော်တို့ရောက်ရှိချိန်မှာတော့ တောင်တခွင်လုံးမြူတွေဆိုင်းပြီး နတ်ဘုံနတ်နန်းပေါ်များ ရောက်နေသလား ထင်မှတ်ရအောင်လှပလှတယ်ဗျာ။ 






တောင်ပေါ်ကို တဖြည်းဖြည်းတက်လာရင်းနဲ့ ဓါတ်ပုံတွေတဖျပ်ဖျပ် ရိုက်ကြနဲ့ပျော်စရာ တော်တော်ကောင်းလှတယ်ဗျ။ တစ်ခါတစ်ခါ တကယ့်အပြင်သဘာဝ အလှတရားကိုခံစားဖို့ မေ့လျော့ပြီး ဓါတ်ပုံတွေပဲ နင်းပြီးရိုက်မိနေကြသလိုပါပဲ။ အဲ့ဒီမှာ စကားပုံလေးတစ်ခု သတိရမိတယ်ဗျ။ “အနောက်တိုင်းသားများက ခံစားဖို့ခရီးသွားပြီး၊ အရှေ့တိုင်းသားများကတော့ ပြန်ကြွားဖို့ခရီးသွားကြတယ်”  ဆိုတာပေါ့ဗျာ။ ဟုတ်သလိုလိုတော့ ရှိသားဗျ။


သီချင်းတစ်အေးအေးနဲ့ တောင်တက်လမ်းတစ်လျှောက် ဖျော်ဖြေသူမင်းသားကြီး ကိုတင့်



တောင်ပေါ်ရပ်နားစခန်းလေးတစ်ခု အရောက်မှာတော့ ကျွန်တော်တို့ခဏနားကြပြီး အစားအသောက်များ မှာစားကြပြန်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေကတော့ အားနာတာနဲ့တုန့်နှေးနှေး ဖြစ်နေတာကြောင့် အစ်ကိုညွန့်ဝင်းကနေပဲ မုန့်တွေမှာချပေးပါတယ်။ 

တောင်ပေါ်နားနေရာ
စားသောက်ပြီးတော့ ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာပဲ ကျိုက်ထီးရိုးလိုပဲ တွန်းကြည့်ကလှုပ်သည်ဆိုသော ကျောက်တုံးရှိတဲ့ ဘုန်းကြီးကျောင်းတစ်နေရာကို ရောက်ကြပါတယ်။ အဲ့ဒီမှာ စာတွေအများစုကတော့ တရုတ်စာတွေသာဖြစ်ပါတယ်။ ဒီကျောက်တုံးကြီးကို မြောက်ကိုရီးယားဘက်ရှိ တောင်တစ်ခုဆီကိုသယ်ရင်း ဒီနေရာမှခဏနားပြီး ပြန်ရွှေ့မရတော့တာကြောင့် ဒီအတိုင်းထားထားတာဖြစ်တယ်လို့ ဆိုပါတယ်။  ကျွန်တော်တို့ရဲ့ ဓမ္မစေတီခေါင်းလောင်းကြီးရဲ့ ရာဇ၀င်နဲ့ခပ်ဆင်ဆင်တူတာကို တွေ့ရပါတယ်။



ကျောက်တုံးကြီးအားတွန်းကြည့်နေကြစဉ်

ဒုတိယပိုင်းဆက်လက်ရေးသားပါမည်......

1 comment:

  1. ကြုံတွေ့ရန် ခက်ခဲလှစွာသော ဗဟုသုတများစွာ့ ရင်သတ်ရှုမောဖွယ်ရာ ရှုခင်းအလှဓါတ်ပုံများစွာ့စိတ်ဝင်စားဖွယ်ရာ အရေးအသာ့း့ချစ်စရာကောင်းသော ရေခြားမြေခြားရောက် ရွှေမြန်မာတို့၏ ချစ်ကြည် စည်းလုံးမှု့ ပျော်ရွှင်မှုများ ကူးစက်လာစေသော စာတစ်ပုဒ့့်

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...