Wednesday, August 22, 2012

ကိုရီးယားအင်္ဂလိပ်စာ (Konglish)

Native American တစ်ယောက် ကိုရီးယားရောက်ကာစ၊ ဟိုဟိုဒီဒီလျှောက်သွားရင်းနဲ့ ဈေးဆိုင်တန်းတွေကြားရောက်သွားတယ်။ ကိုရီးယားဖြစ် ပစ္စည်းလေးတစ်ခု လိုချင်စိတ်ရှိတာနဲ့ ဘယ်လောက်လဲမေးလိုက်တယ်။ အဲ့ဒီမှာ ဈေးရောင်းတဲ့ မိန်းကလေးကလည်း ပြန်ပြောလိုက်တယ် ၅၀၀၀ တဲ့။ အဲ့ဒီမှာပဲ မျက်လုံးပြူးမျက်ဆံပြူးနဲ့ အမေရိကန်ကြီးက ဒါလေးကို ဒေါ်လာ ၅၀၀၀ လားဆိုပြီး
ပြန်လည်မေးမြန်းလိုက်ပါတယ်။ အဲ့ဒီအခါကျမှ ဈေးသည်မိန်းကလေးလည်း No No 5 thousand Korean WON လို့ဖြေလိုက်ပါတယ်။ ဒီတော့မှပဲ ကိုယ်တော်ချောခမျာ စိတ်သက်သာရာရပြီး ပစ္စည်းကိုဆက်လက်ရွေးပါတော့တယ်။ (ကိုရီးယားဝမ် ငါးထောင်ဟာ မြန်မာငွေ လေးထောင်ခန့်နှင့် ညီမျှသည်။)

လိုချင်တာလေးကို စိတ်ကြိုက်ရွေးလို့ ပြောနေကြအသံလေးနဲ့ပဲ ဒေါ်လာနဲ့ပေးလို့ ရမလားလို့မေးလိုက်ပါတယ်။ ကောင်မလေးက အူကြောင်ကြောင်မျက်နှာလေးနဲ့ သူ့ကိုကြည့်နေမှ သူလည်းသဘောပေါက်သွားပြီး  ဒေါ်လာနဲ့ပေးလို့ရလားဆိုတဲ့သဘောနဲ့ Dollar OK ? လို့ မေးလိုက်ပါတယ်။ အဲ့ဒီအခါမှ ကောင်မလေးလည်း ၀မ်းသာအားရနဲ့ Ok okok..5 ဆိုပြီး လက်ငါးချောင်းထောင်ပြလိုက်ပါတယ်။ ဒါနဲ့ အမေရိကန်ကြီးလည်း ငါးဒေါ်လာကို ပေးလို့ Thank you ဆိုပြီး လိုရာခရီးသွားဖို့ လှည့်ထွက်သွားချိန်မှာပဲ ကောင်မလေးကလည်း ကျေးဇူးတင်တဲ့အနေနဲ့ သန့်ခယူဗဲရီးမက်ချီး ဆိုပြီးပြောလိုက်ပါတယ်။

အမေရိကန်စစ်စစ်ကြီးခမျာ သူ့ကိုပဲတမင်စလေသလားဆိုတဲ့ အတွေးနဲ့ပြန်လှည့်ကြည့်လိုက်ပါတယ်။ ကောင်မလေးကလည်း နှစ်လိုဖွယ်အပြုံးနဲ့ပြန်ပြုံးပြနေတာကြောင့် သူ့ကိုစတာတော့ မဟုတ်လောက်ဘူးဆိုတာတော့ သဘောပေါက်သွားတယ်။ ဘယ့်နှယ့်ကြောင့် သူပြောတဲ့အတိုင်းပြန်ပြောတာကို နောက်က ချီးဆိုတဲ့တစ်လုံး ပိုပါလိမ့်ဆိုတာကို စဉ်းစားမရဖြစ်သွားပါတယ်။

ကိုရီးယား English အသံထွက်နဲ့ မရင်းနှီးတဲ့သူတွေအတွက်တော့ အဲ့ဒီလိုပဲ ကိုရီးယားလူမျိုးများနဲ့ ပထမဆုံးစတင်ဆုံတွေ့ပြီး အီးလိုပြောကြချိန်မှာ ခပ်ဆန်းဆန်းဖြစ်ကြတာ ဓမ္မတာပါ။ ကိုရီးယားတွေဟာ အီးလိုအသံထွက်တဲ့အခါမှာ တကယ့်ပုံမှန် အသံထွက်ထက် နောက်ဆုံးမှာ တစ်ခုပိုထွက်လေ့ရှိပါတယ်။
အထက်ပါ စကားပြောခန်းမှာဆိုရင် Much မက်ခ်ျ ဆိုတဲ့အသံနဲ့ နောက်ဆုံးမှာ အဆုံးသတ်ရမှာ ဖြစ်ပေမယ့် မက်ချီဆိုပြီး အသံတစ်သံထဲဖြစ်ရမယ့်အစား နှစ်သံနဲ့အဆုံးသတ်ကြပါတယ်။

ကျွန်တော်တို့တွေ ရောက်ကာစကဆိုရင်လည်း ကျောင်းမှသူငယ်ချင်းများကို ဈေးဘယ်မှာရှိလည်းလို့ မေးကြတဲ့အခါ သူတို့က Mart (မက်တ်) ကို မတ်ထု မတ်ထု နဲ့ အသံထွက်လို့ မတ်ထုဆိုတာ ဘာပါလိမ့်ဆိုပြီး ကိုယ်မသိတဲ့ English စာလုံးကိုများ သုံးပြီးပြောနေလားဆိုပြီး မနည်းစဉ်းစားရပါတယ်။ နောင် ရင်းနှီးလာတဲ့အခါကျမှ သူတို့တွေရဲ့ အသံထွက်ပုံထွက်နည်းကို သိလာလို့ အဆင်ပြေသွားပါတော့တယ်။ Institute ဆိုလျှင်လည်း သူတို့က အင်စတီကျုထု လို့ အသံထွက်ကြပါတယ်။

ဒီလိုအသံထွက်ကြတာဟာ သူတို့တွေရဲ့ ဗျည်း၊သရ အရေအတွက် နဲပါးခြင်းနဲ့ English စာအသံထွက်ကို ကိုရီးယားလိုရေးရာမှာ မှားယွင်းသော အယူအဆကို ရှေးပဝေသဏီကတည်းက လက်ခံကျင့်သုံးနေခြင်းကြောင့်လည်း ဖြစ်ပါတယ်။  ဒီမှာရောက်နေတဲ့ မြန်မာအများစု ပြောလေ့ရှိတာကတော့ ကိုရီးတွေထက် ဒို့နိုင်ငံက English စာပိုကောင်းတယ်။ ကိုယ့်ဆီက ဆိုက္ကားသမားကအစ မသိဘူးဆိုတောင် နဲနဲတော့သိတယ်ကွဟု မျိုးချစ်စိတ်နဲ့ ကိုယ့်နိုင်ငံကိုယ် အမွှန်းတင်လေ့ရှိကြပါတယ်။

တက္ကသိုလ်ကျောင်းသားများ TOEIC ကို မဖြစ်မနေဖြေရပေမယ်လို့ English လို မပြောတတ်ကြပါဘူး။Vocabulary တော့ကြွယ်ချင်ကြွယ်နိုင်ပါတယ်။ ကမ္ဘာမှာ အမေရိကန်က ကျင်းပပေးသော လုပ်ငန်းခွင်သုံး English စာ TOEIC ကို ဖြေဆိုမှုအများဆုံးနိုင်ငံဟာ ကိုရီးယားနိုင်ငံပါပဲ။ သို့သော် ပြင်ပသင်ကြားရေးဌာနတွေကလည်း မြန်မာပြည်မှာကဲ့သို့ တကယ် English စာ တတ်မြောက်ရေးထက် စာမေးပွဲအောင်ရန် မည်ကဲ့သို့ဖြေဆိုရမည်ကိုသာ အဓိကထား သင်ကြားပေးသဖြင့် ပြောနိုင်ဆိုနိုင်သူ နည်းပါးနေခြင်းဖြစ်ပါတယ်။

တစ်ခါကတော့ ကျွန်တော့်သူငယ်ချင်း ဗီယက်နမ်တစ်ယောက်နှင့် ကိုရီးယားတစ်ယောက်တို့ TOEIC စာမေးပွဲ ၀င်ရောက်ဖြေဆိုကြရာ English စကားသွက်လက်စွာပြောဆိုနိုင်သော ဗီယက်နမ်က စာမေးပွဲကျ၍ စကားပြောဆိုနိုင်ခြင်း မရှိသော ကိုရီးယားကျောင်းသားက အောင်မြင်လေသည်။ ထိုဗီယက်နမ်သူငယ်ချင်း သုံးခါစာမေးပွဲကျ၍ လက်လျော့လိုက်လေတော့သည်။ ကျွန်တော်ဝင်ရောက် ဖြေဆိုမည့်အလှည့်ရောက်သောအခါတော့ ထိုကိုရီးယားကျောင်းသားနှင့် ဗီယက်နမ်ကျောင်းသားတို့ ကျွန်တော်စာမေးပွဲ အောင်မအောင်လောင်းကြလေသည်။

ကျွန်တော်အလုပ်ရှုပ်နေပြီး English စာမကြည့်နိုင်တာကို သိသည့်အတွက် ဗီယက်နမ်ကျောင်းသားက ကျွန်တော်မအောင်မြင်နိုင်သည့်ဘက်မှနေ၏။ ကိုရီးယားကျောင်းသားကတော့ ကျွန်တော်အောင်မြင်မည်ဟု လောင်းကြေးထပ်ကြ၏။ သူတို့တုန်းက သင်တန်းတွေတက်ပြီး သေချာလေ့လာတာတောင် ဗီယက်နမ်ကျောင်းသားက မအောင်မြင်သဖြင့် ကိုရီးယားကျောင်းသားကို ငါဖြေဖို့စာရင်းသွင်းထားပေးပါဟုသာပြောဆိုပြီး သုတေသနကိစ္စများနှင့် ရှုပ်နေသော ကျွန်တော်လုံးဝ မအောင်မြင်နိုင်ဟုတွက်ထားလေသည်။

စာမေးပွဲဖြေဆိုမည်ဖြစ်သဖြင့် မေးခွန်းသုံးလေးစုံရှာကာ အစအဆုံးဖြေကြည့်လိုက်၏။ မေးခွန်းပုံစံကို သိရှိမှတ်သားပြီး မိမိမည်ကဲ့သို့ ဖြေဆိုမည်ကို ဗျူဟာချကာ ဖြေဆိုလိုက်၏။ အောင်စာရင်းထွက်သောနေ့မှာတော့ အားလုံးအံ့အားသင့်ကြဖွယ် အမှတ်ကောင်းကောင်းနှင့် အောင်မြင်ခဲ့လေသည်။ တစ်ချို့ကိုရီးယားကျောင်းသားများ စကားလုံးဝမပြောနိုင်ပေမယ့် TOEIC စာမေးပွဲတွင် အမှတ်ပြည့်နီးပါး ရရှိကြသည်များလည်းရှိ၏။ ဒါပေမယ့် ယနေ့ကလေးငယ်များကိုတော့ မူလတန်းမှစ၍ Native Speaker များနှင့်ကျောင်းတွင် သင်ကြားပေးမှုမရှိလျင်တောင် အပြင်သင်တန်းများတွင် အပ်နှံကာ သင်ကြားပေးကြ၏။

သံအမတ်ကြီး ဦးသက်ထွန်း (ကွယ်လွန်)က ၎င်း၏ ကိုရီးရောက်အတွေ့အကြုံတွင် ကိုရီးယားလူငယ်လေးများ English စကား သွက်သွက်လက်လက် ပြောဆိုနိုင်သည်ဟု သူ၏အတွေ့အကြုံကို ရေးသားထားသည်ကို ဒီမလာခင်ဖတ်ခဲ့ဖူး၏။ ဆရာကြီးက သူ၏ သံတမန်အသိုင်းအ၀ိုင်းကိုကြည့်ကာ ကောက်ချက်ချခြင်းဖြစ်ပေမည်။ ကျွန်တော့်ရဲ့ နှစ်ကြာရှည်ဒီမှာနေတဲ့ အတွေ့အကြုံအရ ကောက်ချက်ချရမည်ဆိုလျင် ကိုရီးယားတွင် ၁၀ နှစ်အောက် ကလေးများ၏ English စာ အရည်အသွေးသည် ဟိုးယခင် အမေရိကမှာပညာသင်ကြားပြီး ပြန်လာသော အသက် ၄၀၊၅၀ ကျော်အရွယ်များထက် ပို၍ကောင်းမွန်သည်ကို တွေ့ရပေမည်။

သို့သော် ထိုကလေးများသည် ထိုသူများ၏ သားသမီးများဖြစ်ဖို့တော့များလေသည်။ မည်သို့ပင်ဆိုစေကာမူ ဂျပန်ကို အစစယှဉ်နေသော ကိုရီးယားများသည် မိမိစာမှမိမိစာဟူသောအစွဲကိုသာ ကိုင်စွဲထားသော ဂျပန်များထက် English စာလေ့လာမှုတွင် ပိုမိုအားကောင်းလာသလို၊ မိမိတို့၏ ဘာသာစကားကို တခြားသောနိုင်ငံသားများ တတ်ကျွမ်းစေရန် ဘာသာစကားကိုလိုနီချဲ့ထွင်ရာတွင်လည်း ဂျပန်တို့ထက် နှာတစ်ဖျားသာလွန်သည်ကို တွေ့မြင်ရလေသည်။

မောင်မျိုး (စက်မှု)



No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...