Wednesday, August 1, 2012

စစ်အတွင်း မြန်မာပြည်တစ်နေရာမှာ မြှုပ်နှံထားတဲ့ ဗြိတိန်ရဲ့ကမ္ဘာကျော် Spitfire တိုက်လေယာဉ်နှင့် လူဝင်စားမောင်ကံကောင်း




မြန်မာနိုင်ငံမှာ စစ်အတွင်းက မြေအောက်မြှုပ်နှံထားခဲ့တဲ့ Spitfire တိုက်လေယာဉ်တွေကို ပြန်လည်ဖော်ထုတ်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီမှုတွေ ရယူခဲ့တယ်ဆိုတဲ့ သတင်းကိုကြားမိတဲ့အခါမှာ နိုင်ငံတကာသတင်းတွေကို လိုက်ဖတ်ကြည့်မိပါတယ်။ ဗြိတိသျှ လယ်သမားနှင့် လေကြောင်းဝါသနာအိုး ကန်ဒဲဆိုသူဟာ ထိုလေယာဉ်တွေကို ပြန်လည်တွေ့ရှိဖို့အတွက် ၁၆ နှစ်ခန့်ကို မနားမနေရှာဖွေခဲ့ပါတယ်။ ငွေကြေးလည်း အတော်ကို အကုန်အကျခံပြီး မြန်မာနိုင်ငံက ခြင်ယင်နဲ့အပူဒဏ်ကို အံတုလို့မကြောက်မရွံ့လိုက်လံရှာဖွေခဲ့ပါတယ်။ တစ်ခါမှာဆိုရင် မြန်မာပြည်တောတွင်း တစ်နေရာမှာ  အေကေ ၄၇ သေနတ်နဲ့ နားထင်လာထောက်ခံရတဲ့အထိကို သူ့အတွက် အန္တရာယ်ရှိခဲ့ပါတယ်။
ငွေရေးကြေးရေးအရလည်း တော်တော်ကုန်ကျခဲ့ပါတယ်။ သူ့အပြောအရဆိုရင် ပေါင်တစ်သိန်းသုံးသောင်း ကျော်ကစလို့ သူ့ရဲ့ကုန်ကျစားရိတ်ကို မှတ်မထားတော့ပါဘူးလို့ ဆိုပါတယ်။ ခုတော့ သူ့အိပ်မက်တွေ အကောင်အထည်ပေါ်ပြီး မင်္ဂလာဒုံနဲ့မြစ်ကြီးနားမှာရှိတဲ့ ဗြိတိသျှတို့ရဲ့ စစ်အတွင်းက လေယာဉ်ကွင်းတွေနားမှာ မြှုပ်နှံထားခဲ့တယ်လို့ သိရပါတယ်။ ဒါတွေကို ပြန်လည်ဖော်ထုတ်ပြီး ပျံသန်းနိုင်တဲ့အခြေအနေရအောင် ပြန်လည်မွမ်းမံနိုင်တာတွေကို မွမ်းမံပြင်ဆင်ပြီး ပျံသန်းဖို့နဲ့ တချို့ကိုတော့ ပြတိုက်တွေပို့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တချို့ကိုလည်း ထားခဲ့ဖို့တောင်းဆိုသင့်တယ်လို့ထင်ပါတယ်။
ပြတိုက်မှာ ထားသည်ဖြစ်စေ၊ ကျောင်းသားလူငယ်များ လေ့လာနိုင်ဖို့ တက္ကသိုလ်တစ်ခုခုမှာ ထားသည်ဖြစ်စေ အကျိုးရှိလှပါတယ်။ သူတို့တွေ ဒီအချိန်တုန်းက ဒီလိုဟာမျိုးကို လုပ်နိုင်နေပြီဆိုတာ နောင်လာနောင်သားတွေ သိသင့်လေ့လာသင့်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဗြိတိသျှဟာ လေကြောင်းမှာ ထိပ်ဆုံးကပါ။ ရုရှားဆိုရင် စစ်ကြီးပြီးလို့ စစ်အတွင်းက မဟာမိတ်တွေဖြစ်ခဲ့ကြတာကို ထောက်ပြီး ဗြိတိသျှအစိုးရကနေ Rolls Royce company ကို ဆိုဗီယက်ရုရှားတို့ လေကြောင်းပညာလေ့လာနိုင်ဖို့ ဂျက်အင်ဂျင်တစ်လုံး လက်ဆောင်ပေးခွင့်ပေးခဲ့လို့သာ ရုရှားဟာ စစ်အေးကာလမှာကော၊ ခုချိန်ထိပါ လေကြောင်းပညာမှာ အမေရိကန်နဲ့ဗြိတိန်တို့ကို ခြိမ်းခြောက်နိုင်လာတာပါ။
ခုလို ကိုယ့်မြေမှာရှိနေတဲ့ အဖိုးတန်ကမ္ဘာ့ အမွေအနှစ်တွေကို ကိုယ်လည်းရပိုင်ခွင့် ရှိတယ်လို့ထင်ပါတယ်။ ဒီလေယာဉ်တွေဟာ ဂျာမန်ကနေဗြိတိန်ကိုကျူးကျော်ဖို့ လေကြောင်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ကမ္ဘာကျော် Battle of Britain တို့လိုတိုက်ပွဲတွေမှာ တကယ့်ကို သူရဲကောင်းတွေပါ။ ဒုတိယကမ္ဘာစစ် တစ်လျှောက်လုံးမှာလည်း ဒီ Spitfire ဟာ သူရဲကောင်းဖြစ်ခဲ့တာပါပဲ။ အဲ့ဒီအချိန်တုန်းက ဒီလေယာဉ်ဟာ နည်းပညာပိုင်းအရ အမြင့်ဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့မြေကနေ ဆုတ်ခွာရကာနီးမှာ ဘယ်လိုမှမသယ်နိုင်တာတောင် ရန်သူ့လက်ထဲရောက်သွားနိုင်တဲ့ အန္တာရာယ်ရှိပေမယ့် ဖောက်ခွဲမပစ်ရက်ဘဲ မြေမှာမြှုပ်လို့ထားခဲ့ကြတာပါ။
ဒီသတင်းတွေ၊ ဒီအကြောင်းတွေကို ပြန်ပြီးတွေးနေမိပေမယ့် အစတုန်းက ဘာမှထွေထွေထူးထူး စိတ်ထဲမှာ မရှိခဲ့ပါဘူး။ ဒါပေမယ့် တစ်ညမှာတော့ အိပ်ကာနီးစာဖတ်နေရင်းကနေ ငယ်ငယ်ကစာကျက်ခဲ့တာကို သွားစဉ်းစားမိပါတယ်။ ဆယ်တန်းကျောင်းသားဘ၀တုန်းက နေ့လည်နေ့ခင်းတွေမှာ ကျွန်တော်ဟာ တစ်ခါတစ်လေ မြို့စွန်ကသင်္ချိုင်းမှာသွားပြီး စာကျက်လေ့ရှိပါတယ်။ အိမ်မှာလည်း နေရာပြောင်းပြီး စာကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီကိုသွားရတာကတော့ ဆေးလိပ်သောက်ရင်း စာကြည့်ချင်တာလည်း ပါပါတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော်သွားသွားပြီး စာကြည့်တဲ့အခါမှာ ကျွန်တော့်မှာအဖော်တစ်ယောက် အမြဲတမ်းရှိပါတယ်။ သူကတော့ သူများနွားတွေကို အငှားကျောင်းတဲ့ ကံကောင်းဆိုတဲ့ ကျွန်တော်နဲ့သက်တူလောက်ရှိတဲ့ သူပါပဲ။ သူကလည်း အဲ့ဒီနားပတ်ဝန်းကျင်မှာ နွားတွေကိုလှန်ထားပြီး ကျွန်တော့်နားလာနေတတ်ပါတယ်။ ကျွန်တော်ကလည်း ပါလာတဲ့ဆေးလိပ်ကို သူ့ကိုလည်းတိုက်၊ တကယ်လို့ပါတာကုန်သွားရင် ကံကောင်း မင်း အဆင်ပြေရင် ဆေးလိပ်သွားဝယ်ပေးပါလားဆိုပြီး အကူအညီတောင်းလို့ ကျွန်တော်တို့နှစ်ယောက် နိဗ္ဗာန်ပေါက်နေကြပါတော့တယ်။
ကံကောင်းနဲ့ကျွန်တော်နဲ့က ဟိုငယ်ငယ်ကတည်းက သိကြတာပါ။ ကျွန်တော် လေးငါးတန်းကျောင်းသားဘ၀မှာ အိမ်ကမိသားစုတွေက အစ်မကျောင်းတက်နေတဲ့ ရန်ကုန်လိုက်သွားရင် ရပ်ဆွေရပ်မျိုးဖြစ်တဲ့ အိမ်တစ်အိမ်မှာ ကျွန်တော့်ကို ထားခဲ့ပါတယ်။ အဲ့ဒီအိမ်မှာ အိပ်စားပြီး ကျောင်းတက်ရပါတယ်။ ကျွန်တော်တို့ မောင်နှစ်မ နှစ်ယောက်က အဲ့ဒီအိမ်ကဦးလေးနဲ့အဒေါ်ကို အဖေကြီးအမေကြီးဆိုပြီး ခေါ်ပါတယ်။ အဖေကြီးက ရပ်ရွာလူကြီးလည်းဖြစ်၊ နွားတွေလည်း အများကြီးပိုင်ပါတယ်။ အမေကြီးကတော့ အိမ်မှာထမင်းဟင်းချက်ပါတယ်။ အမေကြီးကတော့ ဥစ္စာစောင့်ဘ၀က လာတယ်လို့ပြောကြပါတယ်။ ရွာက ဘုရားတစ်ဆူကိုသွားရင် အမြဲတမ်းရှိုက်ကြီးတငင် ငိုတတ်ပါသတဲ့။ အိမ်ကိုလည်း မြွေအကြီးကြီးတွေ လာတတ်ပါတယ်။ ဘာမှအန္တရာယ်တော့ မပေးပါဘူး။ အမေကြီးဆီကို လာကြတယ်လို့ ကျွန်တော်တို့ငယ်ငယ်က လူကြီးတွေက ပြောပြကြပါတယ်။
ကံကောင်းကတော့ အဲ့ဒီအချိန်ကတည်းက အဖေကြီးတို့ နွားတွေကို ကျောင်းတဲ့နွားကျောင်းသားပါ။ ကံကောင်းက အဲ့ဒီအိမ်ကို ကျွန်တော်လာရင် ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ အဖေကြီးရဲ့သားအငယ်ကောင်က သူ့ကိုအနိုင်ကျင့်လို့မရလို့ပါ။ အဖေကြီးသားအငယ်နဲ့ ကျွန်တော်တို့တွေက ရွယ်တူတွေဆိုတော့ သူကသူ့အိမ်မှာ နွားကျောင်းတဲ့ ကံကောင်းကို တစ်ခါတစ်လေအနိုင်ကျင့်တတ်ပါတယ်။ ကျွန်တော်က အနိုင်ကျင့်တာမကြိုက်လို့ ကံကောင်းဘက်က ၀င်ပြီးရန်ဖြစ်တတ်ပါတယ်။ ကံကောင်းဟာ သနားစရာကောင်းပါတယ်။ မွေးကတည်းက နဖူးအလည်ကောင်မှာ ဘုသီးကြီးပါပါတယ်။ သူပြောပြတာကတော့ သူကဂျပန်ခေတ်ကလာတာ၊ စစ်သားတစ်ယောက်ဖြစ်ကြောင်း၊ သူအဲ့ဒီတုန်းက စစ်ကိုဘယ်လို တိုက်ခဲ့တယ်ဆိုတာတွေကို တကယ့်စစ်ကားတစ်ကားကြည့်နေရသလို ပြောပြတတ်ပါတယ်။ သူစကားပြောတတ်ကာစကတည်းက ဒါတွေကိုပြောပြောနေတယ်လို့ လူပြောများပါတယ်။
ကျွန်တော်ဆယ်တန်းကျောင်းသားဖြစ်တဲ့အထိကို သူဟာဒါတွေကို ပြောပြနေဆဲပါ။ ကျွန်တော် စာကျက်တာပျင်းလာရင် ကံကောင်းမင်းအရင်ဘ၀ကဟာတွေကို ငါ့ကိုပြောပြစမ်းပါဦးဆိုရင် သူဟာ ကရားရေလွှတ်ပြောတော့တာပါပဲ။ သူပြောတဲ့အထဲမှာ သတိထားမိတာကတော့ လေယာဉ်တွေကို မြေကြီးထဲမှာ ငါတို့မြှုပ်ထားခဲ့တယ်ကွ ဆိုတာပါပဲ။ ငါတို့က စစ်ရှုံးတော့ထွက်ပြေးကြတယ်ကွ အဲ့ဒါနဲ့ လေယာဉ်တွေ သူများတွေမရအောင် လေယာဉ်တွေအများကြီးကို မြေကြီးတွေထဲမြှုပ်ထားခဲ့တယ်ကွ၊ ဟိုး ကတောထဲမှာ တကယ်ရှိတယ်။ ဆိုပြီး သူအမြဲပြောပြတတ်တယ်။ အဲ့ဒီအချိန်တုန်းကတော့ ကံကောင်းရာ လေယာဉ်တွေမြေကြီးထဲမြှုပ်ထားခဲ့တာ ဟုတ်ရဲ့လားကွာ၊ မြေကြီးထဲတော့ မမြှုပ်လောက်ပါဘူး မယူနိုင်ရင် ဖောက်ခွဲပစ်ခဲ့မှာပေါ့ကွ ဟူ၍ ကျွန်တော်သူ့ကို နောက်လေ့ရှိပါတယ်။
ခုမှ ကံကောင်းပြောတာတွေဟာ တကယ်အမှန်တွေကို ဖြစ်နေပါရောလားဆိုပြီး တအံ့တသြဖြစ်မိပါတော့တယ်။ အဲ့ဒီအချိန်တုန်းကတော့ သူပြောတာကို အပြင်းပြေအနေနဲ့ပဲ နားထောင်ခဲ့တာပါ။ ခုလို အချိန်ကာလတွေကြာပြီးချိန်မှာတော့ ကျွန်တော်ကလေကြောင်းအင်ဂျင်နီယာတစ်ယောက် ဖြစ်လာခဲ့သလို ကံကောင်းရဲ့ ပုံပြင်တွေဟာလည်း အသက်ဝင်နိုးထလို့ လာခဲ့ပါပြီ။ ဒါပေမယ့် ဒါတွေကို ကျွန်တော့်ဘေးမှာ ပြောပြနေခဲ့တဲ့ ကံကောင်းကတော့ လူ့လောကကို စွန့်ခွာသွားလေပြီ။ ကံကောင်းရေ မင်းနဲ့ငါနဲ့ ရေစက်ရှိလို့ ဆုံခဲ့ကြတယ်ဆိုတာကို ငါယုံကြည်လာပါပြီကွာ။ ဒီထက်ပိုလို့ ရေစက်ရှိခဲ့မယ်ဆိုရင် မင်းတို့မြှုပ်နှံခဲ့တဲ့ လေယာဉ်တွေနဲ့ ငါတစ်နည်းတစ်ဖုံ ပက်သက်လာနိုင်သေးတယ်ဆိုတာပါပဲ။ တကယ်လို့ အဲ့ဒီလိုပက်သက်လာပြီဆိုရင်တော့ ငါ့ကိုဒါတွေပြောပေးဖို့များ မင်းကိုလွှတ်လိုက်လေသလားလို့ ငါတွေးမိတော့မှာပဲ။ သြော်.. ပဌါန်းဆက်တို့ဆိုတာတွေဟာ လောကမှာ တကယ်ပဲ ရှိတာလားမသိဘူးနော်။ 
ကံကောင်း မင်းကောင်းရာသုဂတိ လားပါစေကွာ။


                                                                                                 မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...