Friday, September 21, 2012

ကိုရီးယားလူမှုဘ၀ကို ထင်ဟပ်တဲ့ အိုပါဂမ်နမ်းစတိုင် MTV သီချင်း

ဒီ MTV ကို စထွက်လာကတည်းက ကြည့်မိပါတယ်။ ကြည့်ပြီးပြီးချင်း ပထမဆုံးသတိထားမိတာက တချို့ scene တွေက ကိုယ့်အိမ်နားက မြစ်ကမ်းဘေးမှာ လာရိုက်ထားတာနဲ့ Dancer ကလေးငယ်လေးကို အပြင်ကစတိတ်ရှိုးမှာ ကတာကိုကြည့်ဖူးတာပါ။ အဲ့ဒီကလေးလေး ကျွန်တော့်ကျောင်းမှာ လာကသွားတုန်းက မူဗီတောင်ရိုက်ထားမိပါသေးတယ်။ အဲ့ဒီတုန်းက ဒီကလေးလေးကို အားလုံးကပွဲကြသွားကြပြီး ၀က်ဝက်ကွဲအော်ဟစ် အားပေးကြပါတယ်။ သူ့ကိုရိုက်ထားတဲ့ မူဗီလေးတောင် Youtube မှာ ကျွန်တော် တင်ထားပါသေးတယ်။ အဲ့ဒီတုန်းက ဂျပန်မှာ စီးရီးသွင်းနေတယ်ဆိုတဲ့ အမျိုးသားအဆိုတော်အဖွဲ့ SHINee ဆိုတဲ့အဖွဲ့လည်းဖျော်ဖြေပါသေးတယ်။ အဲ့ဒီလိုဂျပန်တို့၊ အမေရိကတို့ဆိုရင် အထင်ကြီးကြတဲ့အတွက် သူတို့တွေဟာ အဲ့ဒီလိုပဲလုပ်တတ်ကြပါတယ်။ ကိုရီးယားအဆိုတော်လေးတွေကြည့်ရတာ သိပ်ပြီးအဆင်မပြေလှပါဘူး၊ ယောက်ျားလေးထက် မိန်းကလေးတွေနဲ့ ပိုတူနေသလိုပါပဲ။ မိန်းကလေးအဖွဲ့များကျတော့လည်း ပိန်ကပ်ကပ်လေးတွေနဲ့ အရမ်း Sexy ဖြစ်တဲ့ ပုံစံကြီးတွေလုပ်ပြနေကြတာဟာ ကျွန်တော်တော့သိပ်သဘောမကျလှပါဘူး။ ဒီအတိုင်းလေး ကြည့်ကောင်းကြပါတယ်။ အရမ်းကြီး ပိုပိုကြီးတွေ လုပ်ပြနေရင် သိပ်အဆင်မပြေလှပါဘူး။

Gangnam Style MTV


ကလေးငယ်ကနေတဲ့ ကျွန်တော့်မူဗီလေးပါ



ဒီ Gangnam Style MTV လေးဟာ ပြည်တွင်းမှာပဲ အောင်မြင်တယ်ပဲထင်ထားတာကနေ၊ နောက်မှ Youtube မှာပါ အကြီးအကျယ် အောင်မြင်တာကိုတွေ့ရပါတယ်။ သီချင်းရဲ့အဓ္ပိာယ်အရ နိုင်ငံတကာက စိတ်ဝင်စားစရာ မရှိလောက်ဘူးလို့ထင်ထားတာပါ။ ရိုက်ထားတာလည်း သိပ်ထူးထူးခြားခြား မရှိလှပါဘူး။
သို့သော် သူ့ဆန်းနဲ့သူဆိုတော့ ကမ္ဘာမှာအကြီးအကျယ်ကို ပေါက်သွားပါတော့တယ်။

သူ့သီချင်းအဓ္ပိာယ်လေးကတော့ ဒီလိုပါ။ ကိုရီးယားနိုင်ငံမှာ Gangnam လို့ ကိုရီးယားလိုခေါ်တဲ့ နေရာကတော့ မြစ်တောင်ဘက်ပိုင်းလို့ အမည်ရပါတယ်။ အဲ့ဒီ ဂန်နမ်းဘက်မှာရှိတဲ့ တိုက်ခန်းတွေကတော့ ဆိုလ်းမြို့မှာတော့ ဈေးအကြီးဆုံးလို့ ပြောရမှာပါပဲ။ သူတို့နိုင်ငံသားတွေရဲ့ အိပ်မက်ကတော့ အဲ့ဒီနေရာမှာ နေရာတစ်နေရာ ပိုင်ဆိုင်ဖို့ပါပဲလို့ ကိုရီးယားလုပ်ငန်းရှင် တစ်ယောက်က ပြောပြဖူးပါတယ်။ ကျွန်တော်တို့ဆီမှာဆိုရင် ရွှေတောင်ကြားလို နေရာမျိုးပါပဲ။ ကမ္ဘာ့တစ်နေရာနဲ့တစ်နေရာ လူမျိုး၊ဘာသာတွေ မတူညီကြပေမယ့်လည်း တူညီတဲ့အချက်ကလေးတွေကတော့ ရှိနေကြသေးတာပါပဲ။ ဒီလိုအချက်ကလေးတွေကြောင့်ပဲ လူသားအချင်းချင်း ဘယ်လိုပင်ကွဲပြားခြားနားသော်လည်း ပေါင်းစည်းနေနိုင်ကြတာဖြစ်တယ်လို့ထင်ပါတယ်။

ဒီနေ့ည ဂျာမနီကဧည့်သည်နဲ့ ဒင်နာစားရင်း ကိုရီးယားနဲ့ ဘယ်လဂျီယံတို့မှာရှိတဲ့ တူညီတဲ့အရက်သောက်ပုံရှိကြောင်း ကြားသိခဲ့ရပါတယ်။ ကိုရီးယားက ဆိုဂျူနဲ့ဘီယာကိုရောသောက်သလို ၊ ဘယ်လဂျီယံမှာလည်း ထိုကဲ့သို့သောက်လေ့ရှိတယ်လို့ဆိုပါတယ်။ ကိုရီးယားက ဆိုမက်လို့ခေါ်ပြီး ဘယ်လဂျီယံမှာတော့ ၀ီစကီခွက်အသေးကို ဘီယာခွက်အကြီးထဲထည့်လိုက်တာမို့ Submarine လို့ခေါ်ကြောင်း ကြားသိခဲ့ရပါတယ်။

သီချင်းကိစ္စကိုပြန်ကောက်ရရင် အဲ့ဒီသီချင်းထဲမှာ ကောင်မလေးက ထိုမြစ်တောင်ဘက်ပိုင်းမှာနေတဲ့ သူဌေးမလေးဖြစ်တယ်ပေါ့။ ဒါ့ကြောင့် သူကလည်း ဟိတ်ကြီးဟန်ကြီးတွေ ထုတ်ပြပြီး အစ်ကိုလည်း မြစ်တောင်ဘက်ပိုင်းသားစတိုင်ပါပဲဆိုပြီး စပ်ဆိုထားတာပါ။ ကိုရီးယားမိန်းကလေးတွေကို စောင်းမြောင်းဆိုထားတဲ့ သီချင်းစတိုင်လေးပါ။ ကြည့်လိုက်ရင် မခုတ်တတ်သလိုနဲ့ မလုံတလုံလေးတွေဝတ်ပြီးဆွဲဆောင်၊ လိင်ကိစ္စလည်းပါပါတယ်..တိုက်ရိုက်ကြီးတော့မဟုတ်ပါဘူး။

ကိုရီးယားလူမျိုးမှမဟုတ်ပါဘူး ငွေဆိုတာကတော့ လူတိုင်းသည်းခြေကြိုက်ပါပဲ။ တစ်ဦးနဲ့တစ်ဦး အနည်းအများပဲကွာဟကြတာပါ။ ခုချိန်ထိတော့ ကိုရီးယားလူမျိုးများကို ငွေအင်မတန်မက်သူများလို့ နိုင်ငံခြားသားများအချင်းချင်း စကားပြောကြရာမှာ အမြဲလိုလိုကြားရလေ့ရှိပါတယ်။ ကိုယ့်အပေါ်တော့ ကောင်းတဲ့သူများပါတယ်။ သို့သော် မြင်တွေ့ကြားသိရသမျှတွေကို ယေဘုယျချကြည့်မယ်ဆိုရင်တော့ သူတို့စကားကိုပဲ ကျွန်တော်အတည်ယူပြီး ထင်မြင်ချက်ပေးရမှာပါပဲ။ ကိုယ့်အပေါ်ကောင်းတာနဲ့ ကောင်းတယ်လို့ပြောရင်တော့ သင့်တော်မယ်မထင်ပါဘူး။

အစောကပြောခဲ့သလိုပါပဲ ငွေမက်တယ်ဆိုတဲ့ ကိစ္စကအနည်းအများပဲ ကွာကြတာပါ။ ကိုယ့်လူမျိုးတွေမှာလည်း ဒါတွေရှိတာပါပဲ။ သို့သော် ကိုရီးယားလူမျိုးများနဲ့ မြန်မာလူမျိုးတို့မှာ အဓိကဘာကွာသလဲလို့ဆိုလိုက်ရင် ကိုရီးယားလူမျိုးများဟာ အမေရိကကိုပဲသွားအခြေချချင်နေကြပြီး၊ မြန်မာလူမျိုးများကတော့ အခြေအနေမပေးလို့ ပြည်ပမှာရောက်နေကြပေမဲ့ အမြဲတမ်းကိုယ့်ရဲ့အမိမြေအိမ်မှာ ပြန်နေကြဖို့ကိုပဲ အိပ်မက်မက်နေကြတာပါပဲ။
ဒီမေးခွန်းကို ည ၁၀ နာရီလောက်မှာ စားသောက်ဆိုင်တစ်ခုကအပြန်မှာ ဇနီးသည်ကကျွန်တော့်ကို မေးလာတာပါ။ နှစ်ယောက်သားလမ်းလျှောက်ရင်း ကာလာစုံလှပပျော်မြူးနေကြတဲ့ လူငယ်လေးတွေနဲ့ ထမင်းစားဖို့အတွက် ကဒ်ထူလေးတွေလိုက်စုနေရှာတဲ့ သက်ကြီးရွယ်အိုများကိုကြည့်ရင်း စိတ်မကောင်းတဲ့ အကြောင်းတွေလမ်းလျှောက်ရင်း အဲ့ဒီညကကျွန်တော်တို့ တော်တော်ပြောဖြစ်ခဲ့ပါတယ်။

ကိုရီးယားမှာ ကိုယ့်ဟာကိုအဆုံးစီရင်မှုအများဆုံးက ပြုစုစောင့်ရှောက်မည့်သူမရှိလို့ အထီးကျန်နေကြတဲ့ သက်ကြီးရွယ်အိုတွေပါ။ ကိုယ်ကိုယ်တိုင်လည်း အမှိုက်ကောက်နေတဲ့ သက်ကြီးရွယ်အိုတွေကို အမြဲမြင်နေရလို့ ဒီကိစ္စမှန်လောက်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တွေကို အခုလိုအကျင့်စရိုက်တွေဝင်အောင် အတိတ်တစ်ချိန်က မလျော်ကန်တဲ့ ယဉ်ကျေးမှုတွေကို လက်ခံခဲ့ရာကနေ သူတို့တွေဒီဘ၀ရောက်ကုန်ကြတာပါပဲလို့ တွေးမိပါတယ်။ ကျွန်တော်တို့လည်း ဒီကိစ္စကိုသင်ခန်းစာယူပြီး နောင်တစ်ချိန်မှာ ကိုယ့်ကိုလမ်းဘေးပို့ပစ်နိုင်တဲ့ ယဉ်ကျေးမှုတွေဆိုရင် လက်သင့်မခံကြဖို့ဟာ အထူးပဲအရေးကြီးလှပါတယ်။

မောင်မျိုး(စက်မှု)



No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...