Monday, October 15, 2012

အစ္စရေးတိုက်လေယာဉ်မှ မောင်းသူမဲ့လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့

အစ္စရေးလေတပ်က အောက်တိုဘာ ၆ ရက်နေ့က သူတို့လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းကို သူတို့ရဲ့ F-16I တိုက်လေယာဉ်နဲ့ ပစ်ချခဲ့တဲ့ဗီဒီယိုကို ထုတ်ဖော်ပြသလိုက်ပါတယ်။
      ဒီလေယာဉ်ဟာ လက်ဘနွန်ဘက်ကနေ မြေထဲပင်လယ်ကိုဖြတ်ကျော်ကာ ဂါဇာကမ်းမြှောင်ကနေတစ်ဆင့် အစ္စရေးလေပိုင်နက်ထဲကို ၀င်ရောက်လာခဲ့တာပါ။ ၂၀၀၆ ခုနှစ်တုန်းကလည်း အစ္စရေးလေတပ်ဟာ ဟစ်ဘိုလာ စစ်သွေးကြများအသုံးပြုနေတဲ့ အီရန်လုပ် မောင်းသူမဲ့လေယာဉ်တစ်စင်းဖြစ်တဲ့ Ababil ကို လက်ဘနွန်ဘော်ဒါမှာ ပစ်ချနိုင်ခဲ့ကြပါသေးတယ်။ အလားတူအဖြစ်အပျက်မျိုးဖြစ်ပျက်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစလို့ အစ္စရေးလေတပ်ဟာ မိမိတို့လေပိုင်နက်ကို ၀င်ရောက်လာတဲ့ မောင်းသူမဲ့လေယာဉ်များကို ထောက်လှမ်းနိုင်မဲ့ Sensors များကိုတိုးချဲ့တပ်ဆင်ခဲ့တာပါ။
        မြန်မာမှာလည်း အလားတူဖြစ်ရပ်မျိုးရှိခဲ့ပါတယ်။ ထိုင်းနယ်စပ်ဘက်ကနေ သူတို့လေယာဉ်တွေ ကိုယ့်လေပိုင်နက်ဘက်ထဲကိုလာပျံဝဲခဲ့ဖူးပါတယ်။ သို့သော် အစစခေတ်မမီအလုပ်မဖြစ်တဲ့ ကျွန်တော်တို့ရဲ့ လေတပ်ကနေ အချိန်မီမဟန့်တားနိုင်ခဲ့ပါဘူး။ နိုင်ငံကြီးတွေမှာ မိမိလေပိုင်နက်ကို ဖြတ်ကျော်တာနဲ့ သိနိုင်တဲ့ Sensor တွေ၊ Airborne Radar တွေနဲ့မို့ တစ်ခုခုဝင်လာတာနဲ့ ချက်ချင်းသိပြီး အသင့်ပြင်ထားတဲ့ တိုက်လေယာဉ်တွေဟာလည်း ချက်ချင်းကောင်းကင်ပေါ်ပျံလို့ တိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်။
       နောက်ဆိုလျှင်တော့ မိမိတို့အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုသက်သာတဲ့ မောင်းသူမဲ့ယာဉ်များနဲ့သာ တိုက်ခိုက်ကြမယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကကနေ နောက်ဆုံးထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေဖြစ်တဲ့ F-22, F-35 တို့ကို လူလိုက်ပါမောင်းနှင်မယ့် တိုက်လေယာဉ်များရဲ့ နောက်ဆုံးမျိုးဆက်များလို့ ခေါ်ဆိုကြပါတယ်။ ယခုဆိုရင် နိုင်ငံတကာကနေပြီး မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်ပျံများ (Unmanned Combat Air Vehicle-UCAV) ကို တိုးချဲ့သုတေသနပြု ထုတ်လုပ်လျက်ရှိကြပါတယ်။
ကျွန်တော့်အတွေ့အကြုံအရဆိုရင် နိုင်ငံတကာလေကြောင်းပြပွဲများမှာ နိုင်ငံအသီးသီးဟာ သူတို့ရဲ့မောင်းသူမဲ့လေယာဉ်များကို တိုးချဲ့ပြသလာကြတာကိုတွေ့ရပါတယ်။ အမေရိကန်ရဲ့ CIA နဲ့ Pentagon တို့ကနေထုတ်ဖော်ပြသခြင်းမရှိတဲ့ UCAV များလည်းရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...