Wednesday, October 17, 2012

မန္တလေးစက်မှုကျောင်းသားဘ၀အမှတ်တရ

ရန်ကင်းတောင်ခြေရှိ စက်မှုကျောင်းသားဆောင် ရန်ကင်းဆောင်အမှတ်တရ

ငယ်ငယ်ကရိုက်ထားတဲ့ အဲ့ဒီပုံလေး သူငယ်ချင်းတင်လိုက်လို့ တော်တော်ဝမ်းသာသွားတယ်။ မန္တလေးမှာ ခဏပဲနေခဲ့ပေမယ့် မန္တလေးကျောင်းသားဘ၀ဟာ ပျော်စရာတွေအပြည့်အနှက်ပါပဲ။ ရော့သီချင်းတွေ စွဲစွဲမြဲမြဲဟစ်ကျွေးတတ်တဲ့ကျွန်တော့်ကို မိန်းကလေးဆောင်သွားပြီး သီချင်းဆိုဖို့ သူငယ်ချင်းတွေ လာခေါ်လေ့ရှိတယ်။ ဘယ်အဖွဲ့နဲ့မဆို ကျွန်တော်ကလိုက်ပြီး ဆိုလေ့ရှိတယ်။ ဒီနိုင်ငံမှာ ပါမောက္ခတွေနဲ့စကားပြောတော့ မင်းကျောင်းသားဘ၀က ဘာအကြိုက်ဆုံးလဲလို့မေးတော့ ကျွန်တော်ကမိန်းကလေးဆောင်သွားပြီး ညညသီချင်းဆိုရတာအကြိုက်ဆုံးပဲလို့ပြောတော့ သူတို့နားမလည်ကြဘူး။ သူတို့ကျောင်းသားဘ၀မှာ အဲ့ဒါမျိုးမရှိဘူးကိုး။

သီချင်းဆိုတဲ့အပြင် အဲ့ဒီတုန်းက ကျွန်တော်နဲ့ ဒီဘက်တစ်ယောက်တည်းထိုင်နေတဲ့ကောင် နှစ်ယောက်ပေါင်းပြီး ကော်ပီသီချင်းတစ်ပုဒ်ရေးကြတယ်။ မှတ်မှတ်ရရ Seansons in the sun ဆိုတဲ့ သီချင်းတေးသွားကိုယူပြီး ကျွန်တော်တို့ကျောင်းသားဘ၀ကိုထင်ဟပ်တဲ့ စာသားတွေထည့်ပြီးဆိုကြတယ်။ တစ်ရက်မှာတော့ ခင်မင်တဲ့မိန်းကလေးတွေကိုဖိတ်ပြီး ကျွန်တော်တို့ဖျော်ဖြေခဲ့ကြတယ်။ အကြော်မျက်နှာကြောင့်လားတော့မသိဘူး အားလုံးကကျွန်တော်တို့ သီချင်းကိုအရမ်းသဘောကျကြတယ်။
Chorus အပိုဒ်လေးတော့ မှတ်မိနေသေးတယ် ♫ …♪…♫…♪ ဒီအသံများကြားရဲ့လား ကိုယ့်ရဲ့ချစ်သူ ဟိုအဝေးက ဘယ်လောက်ပဲဝေးသွားစေ တို့ရဲ့အချစ်ကရှင်သန်နေ♫ …♪…♫…♪ 

နောက် ဒီအခန်းလေးထဲမှာ အမှတ်တရအနေနဲ့ ကိုသားကြီးတို့ အကြည်တော်တို့ ရောက်ဖူးတယ်။ အဲ့ဒီအခန်းက ကျွန်တော့်အခန်းမဟုတ်ဘူး.. ဒီကောင် ၂ ကောင်ရဲ့အခန်း.. သုံးယောက်သားပေါင်းဖြစ်တော့ ကျွန်တော်ကသူတို့အခန်းသွားလည်ဖြစ်တာများတယ်။ စာဖတ်ရင်သာ ကိုယ့်အခန်းမှာကိုယ်ဖတ်လေ့ရှိတယ်။ အဲ့ဒီတုန်းက တစ်ယောက်ထဲထိုင်နေတဲ့ကောင် (နာမည်ရော်လု) က မော်ဒန်ကဗျာတွေအရေးကောင်းတယ်။ မိန်းကလေးတွေကလည်း သဘောကျကြတယ်ပေါ့ဗျာ။ တစ်ယောက်တည်း ကဗျာစာအုပ်တွေဘာတွေ ဒီကောင်လုပ်ဖြစ်တယ်။ ကျုပ်က အဲ့ဒီအချိန်တုန်းက မော်ဒန်ကဗျာလုံးဝမကြိုက်ဘူး။ ကာရံပါမှကို ကဗျာလို့ခံစားရတဲ့ကောင်။ မေဂျာအလိုက်ထုတ်တဲ့စာအုပ်ထဲက ကျွန်တော့်ကဗျာလေးကိုလည်း ကြိုက်တယ်လို့လာပြောတဲ့ မိန်းကလေးတွေ ရှိခဲ့တယ်။ ကိုအောင်မျိုးသူကဗျာလေး အရမ်းကောင်းတယ်သိလားဆိုတဲ့ အသံလေးတွေဟာ ရိုးတွင်းခြင်ဆီအထိကို ပီတိဖြစ်စေတယ်။

လက်ဘက်ရည်ဆိုင်ထိုင်ရင် ရော်လုကကဗျာအကြောင်းစာကြောင်းတွေ ဒသနတွေစပြောလေ့ရှိတယ်။ သူပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်.. ဟေရန်ကလိုက်တပ်စ်ကပြောတယ် မြစ်တစ်မြစ်ထဲကိုနှစ်ခါခုန်ဆင်းလို့  မရဘူးကွလို့ ဒီကောင်ပြောလေ့ရှိတယ်။ ဒီလိုပါပဲ ပျော်စရာကောင်းတယ်..တစ်ခါတစ်လေ ညင်းကြခုန်ကြနဲ့ပေါ့ တကယ်တော့ ဒါတွေဟာဘ၀အတွက် သင်ယူနေကြတယ်ဆိုတာ ကျွန်တော်တို့မသိခဲ့ကြပါဘူး။ စိတ်ထဲရှိတဲ့အတိုင်းသာ နေထိုင်ခဲ့ကြတဲ့အချိန်တွေပါပဲ။ ကျွန်တော်က နေရာတကာချင့်ချင့်ချိန်ချိန် လုပ်တတ်ကိုင်တတ်လို့ ကျွန်တော့်ကို အဖေကြီးဆိုတဲ့ဘွဲ့ ပေးထားကြတယ်။ ညနေခင်း လက်ဘက်ရည်ဆိုင်အသွား မိန်းကလေးဆောင်နားက ဖြတ်သွားရင် အဖေကြီးဆိုပြီး အထူးသဖြင့် အဆောင်နံပါတ် ၃ ကမိန်းကလေးတွေက လှမ်းပြီးခေါ်ကြတယ်။ ကျွန်တော့်ကို မိန်းကလေးတွေနဲ့ ပိုင်တယ်ဆိုပြီး လာကပ်ကြတဲ့ကောင်တွေကလည်း ရှိကြသေးတယ်ဗျ။

ကျွန်တော်တို့ သုံးယောက်မှတူညီတဲ့အချက်က ဆေးပေါ့လိပ်အရမ်းသောက်ကြတယ်။ စာဖတ်ကြတယ်.. ဒါပေမယ့် လိုင်းသိပ်မတူကြဘူး.. ရော်လုက ကဗျာဘက်သန်တယ်.. ငယ်ငယ် (မျက်မှန်ကြီးနဲ့) က စာအစုံဖတ်တယ်။ ကျွန်တော့်စာအုပ်တွေတော့ သူသိပ်မကြိုက်ဘူး။ ကျွန်တော်က သုတလိုင်း၊ ဒသန၊ နိုင်ငံရေးနဲ့ကြီးပွားရေးတွေဖတ်တယ်။ ကျွန်တော်သွားလေရာ ဖတ်လက်စစာအုပ်တစ်အုပ်ရယ် ဆေးလိပ်ရယ်၊ မီးခြစ်ရယ်ဟာ ကျွန်တော့အဖော်ပဲ။ စာအုပ်ကြီးတကားကားဖြစ်ပြီး လူအမြင်ကပ်မှာစိုးလို့ အတွင်းအိပ်ကပ်ပါတဲ့ အပေါ်ထည်တစ်ထည်အမြဲဝတ်ပြီး ထည့်ထားလေ့ရှိတယ်။ အခုချိန်ထိတော့ သုံးယောက်သား ထင်ပေါ်တဲ့စာရေးဆရာတွေ မဖြစ်ကြသေးဘူး။ ရော်လုလည်းရုန်းကန်နေရလို့ထင်တယ် စာနယ်ဇင်းပေါ်တက်မလာသေးဘူး ခုချိန်ထိတော့ အရေးအသားတွေလန်းနေတုန်းပဲ၊ ငယ်ငယ်ကတော့ ကလေးနှစ်ယောက်နဲ့တိုင်ပတ်နေတယ်။ ကျွန်တော်လည်း ဆောင်းပါးတစ်ပုဒ်စနှစ်ပုဒ်စပဲ ထည့်ဖူးသေးတယ်။
ကျောင်းသားဘ၀ဆိုတာ ပျော်ရွှင်မှုနဲ့သင်ယူမှုတွေ ဒွန်တွဲနေရမယ်ဆိုတဲ့စကားနဲ့ တိုင်းမယ်ဆိုရင် မကြာခဲ့တဲ့မန္တလေးညတွေဟာ ကျွန်တော့်ဘ၀အတွက် အဖိုးမဖြတ်နိုင်တဲ့ညတွေပါပဲ။

(နောက်ပိုင်းမှာ ကျွန်တော်ရန်ကုန်ပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်.. ငယ်ငယ်လည်း ကျွန်တော်နဲ့အတူလိုက်ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် အမြဲအတူတူတစ်ခန်းတည်း ကျောင်းသားဘ၀ကို ဖြတ်သန်းကျော်ဖြတ်ခဲ့ကြတယ်)

အလွမ်းများစွာဖြင့်
မောင်မျိုး




2 comments:

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...