Saturday, October 6, 2012

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများနှင့် ပေါ်လစီ


Envoy ဂျာနယ်မှာပါလာတဲ့ အလုပ်သမားပေါ်လစီနဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါ။ ကိုရီးယားနိုင်ငံဘက်ကနေ စာရေးတဲ့သူ သိချင်တာလေးတွေကို လိုက်လံစုဆောင်းပေးခဲ့ပါတယ်။ကိုယ်ကိုယ်တိုင်လည်း အမြဲလိုလို ဒီမှာအလုပ်လုပ်ကိုင်နေသူတွေရဲ့ ပြောသံဆိုသံ ညည်းတွားသံတွေကို မျက်မြင်ကိုယ်တွေ့ ကြားနေသိနေရတာရယ်၊ ကိုယ့်နိုင်ငံက တံခါးဖွင့်လိုက်တဲ့အတွက် ၀င်ရောက်လာမယ့် လုပ်ငန်းရှင်ကြီးတွေအောက်ကို ကိုယ့်နိုင်ငံသားတွေ ၀င်ရောက်လုပ်ကိုင်တဲ့အခါ အကာအကွယ်မဲ့နေတာတွေရယ်ကို တွေးမိနေပြီး ဥပဒေတွေပြဌာန်းဖို့လိုအပ်နေတယ်လို့ တွေးကာစိုးရိမ်နေမိပါတယ်။ ကိုယ့်နိုင်ငံသားတွေအတွက် တတ်နိုင်တာတစ်ခုခုကို ပြောပေးလုပ်ပေးလိုက်ရတဲ့အတွက် ၀မ်းသာမိပါတယ်။ နောင်ဒီထက်ပိုလို့ မိမိနိုင်ငံကောင်းကျိုးကို သယ်ပိုးနိုင်ရပါစေလို့ ဆုတောင်းမိပါတယ်။ အောက်မှာ ဆောင်းပါးရှင်ရဲ့ တင်ပြမှုကို ဖတ်ရှုနိုင်ပါတယ်။

----------------------
‘၀ုန်း’ကနဲ ပေါက်ကွဲသံကြီးနှင့်အတူ ဂတ်စ်ဂိုထောင်ထဲမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားငါးဦး တစ်ယောက်တစ်နေရာစီ လွင့်စင်ကျသွားပြီး တစ်ခဏအတွင်းမှာ မလေးရှားရဲများ မီးသတ်များ ရောက်ရှိလာပါတယ်။
   တစ်ခဏအတွင်းမှာပဲ မလေးရှားနိုင်ငံ ကူလင်းမြို့နယ် ဘာသ၀က်ရပ်ကွက်ရဲ့ တရားမ၀င် ဂတ်စ်ဂိုထောင်လေးနားမှာ လူတွေ ပြည့်နှက်သွားပြီး လူတချို့ရဲ့ ‘သူတို့အားလုံးဟာ တရားမ၀င်နေထိုင်သူတွေဖြစ်တယ်’ လို့ ပြောသံအဆုံး လုပ်ဖော်ကိုင်ဖက်တွေ သောက်ဖို့ အအေးသွားဝယ်တဲ့ ခြောက်ယောက်မြောက် ‘အိုသမား’ လေးဟာ မျက်ရည်စက်လက်နဲ့ သူငယ်ချင်းတွေ အနားလည်း မသွားနိုင်ပဲ အအေးထုပ်တွေကို လွင့်ပစ်ရင်း လမ်းကြားလေးထဲမှာ ထိုင်ချလိုက်ပါတယ်။
 ‘ပြည်ပနိုင်ငံများကို ရောက်ရှိနေကြတဲ့ ကျွန်မတို့ရဲ့  ပြည်ထောင်စု မြန်မာနိုင်ငံသားများဟာ နည်းမျိုးစုံနဲ့ ကြုံတွေ့နေရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်များကို ဖြစ်စဉ်အမျိုးအစားအလိုက် ထုတ်ဖော်ပြောနေမယ်ဆိုရင် တစ်ထောင့်တစ်ည ပုံပြင်လို့ ပြောရမှာဖြစ်တဲ့အတွက် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေအတွက် အထွေထွေသော ဘ၀အာမခံချက်မဲ့မှုများကို ကာကွယ်ပေးနိုင်မဲ့ ပေါ်လစီချမှတ်ရန် လိုအပ်ပါတယ်’ ဟု မရမ်းကုန်း မဲဆန္ဒနယ်မှ ဒေါက်တာ မေ၀င်းမြင့်က ပြည့်သူ့လွတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
  အဆိုပါ ပြောကြားချက်မှာ သြဂုတ်လ ၉ရက်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမဲဆန္ဒနယ်မှ ဦးဌေးဦးတင်သွင်းသော နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများအတွက် ဘ၀အာမခံ လုံခြုံမှု ရရှိရေးအတွက် Migration Policy ချမှတ်ပေးနိုင်ရန်လိုအပ်ကြောင်း တင်သွင်းသော အဆိုအား မရမ်းကုန် မဲဆန္ဒနယ်မှ ဒေါက်တာ မေ၀င်းမြင့်က စတုတ္ထအကြိမ်မြောက် ပြည့်သူ့လွှတ်တော် ညီလာခံ အစည်းအဝေးတွင် ထောက်ခံဆွေးနွေးစဉ် အထက်ပါအတိုင်းထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
  ယင်းကဲ့သို့သော အဆိုပါ တင်သွင်းချက်များရှိနေပြီဖြစ်ကြောင်းနှင့် နိုင်ငံရပ်ခြားတွင်သွားရောက်လုပ်ကိုင်နေသူများ၏ အခက်အခဲများကို ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများနှင့် ပညာရှင်များအားဆက်သွယ်မေးမြန်းရာ ၄င်းတို့က အွန်လိုင်းမှ တဆင့် ပြန်လည်ဖြေကြားခဲ့သည်။
  ‘အလုပ်သမားကာကွယ်ရေးဥပဒေတွေက ရှိကို ရှိသင့်ပါတယ်။ ဒါမှသာ အရင်းရှင်တွေ၊ လုပ်ငန်းရှင်တွေ စိတ်ကြိုက်ချယ်လှယ်ခွင့် မရမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ ဘ၀လုံခြုံမှုရှိမှ လူ့ဘောင်တစ်ရပ်လုံးလည်း လုံခြုံမှုရှိမှာ ဖြစ်ပါတယ်။’ ဟု လုပ်ငန်းရှင်နှင့် ကိုရီးယားရောက် အလုပ်သမားများအရေးဆောင်ရွက်ပေးနေသူ ဦးဝိုင်းက ပြောသည်။
  ထို့ပြင် အလုပ်ရှင်များ ကာကွယ်ပေးသည့်ဥပဒေသာရှိပြီး တစ်ဖက်မှ အလုပ်သမားများအတွက် အကာအကွယ်ပေးသည့်ဥပေဒများ မရှိလျှင် လူမှုရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်ပြီး ယင်းအကျိုးဆက်သည် လူတန်းစားအားလုံးနှင့် နိုင်ငံတော်ကပါ ခံစားရမည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
 “ဒါကြောင့် လူမှုရေးမတည်ငြိမ်မှုတွေ မဖြစ်ရလေအောင် အလုပ်သမားကာကွယ်တဲ့ ဥပဒေကို ပြဌာန်းသင့်ပြီး အလုပ်သမားကာကွယ်တဲ့ဥပဒေတင်မဟုတ်ပဲ သူ့ရဲ့ဖွားဖက်တော်ဥပဒေတွေဖြစ်တဲ့ လုပ်ခလစာ သတ်မှတ်ပေးတာမျိုး လို တခြားဆက်စပ်တဲ့ဥပဒေတွေကိုလည်း ပြဌာန်းသင့်ပါတယ်။” ဟု ဦးဝိုင်းက ဆက်လက်ပြောသည်။
  ယခုအချိန်တွင် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများအား ကာကွယ်သည့်ဥပဒေသည်လက်ရှိတွင် ပြဌာန်းထားခြင်း မရှိသေးကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၏ ပို့ဆောင်မှုများနှင့် သွားရရန် တို့ကို တရားဝင် FEC နှင့်ပို့ပြီး ပြနာဖြစ်လာလျှင် ၎င်းတို့တာဝန်ယူရသော အပိုင်းရှိသကဲ့သို့ နိုင်ငံတော်ကတာဝန်ယူရတဲ့အပိုင်းလည်းရှိကြောင်း စီးပွားရေးနှင့်ဥပဒေအကြံပေး အထက်တန်းရှေ့နေ ဦးတင်သန်းဦးက ပြောသည်။
  ခုဟာက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဥပဒေပြဌာန်းထားတာမရှိတဲ့အတွက် ဒီဘက်အလုပ်ရှင်တွေက လုပ်ချင်သလိုလုပ်လို့ရသလိုဖြစ်နေတာပေါ့။ ဒီမှာဖြစ်နေတာက တချို့တွေ လုပ်ငန်းခွင်ထဲဝင်တဲ့အခါ စကားနားမလည်တာ၊ အလုပ်အဆင်မပြေတာတွေ ရှိတဲ့အခါ ကိုရီးယားတွေက ဆဲတာ၊ဆိုတာ၊ လက်ပါတာတွေ ရှိတတ်တယ်ပေါ့။ အဲဒီမှာ ကိုယ့်ဘက်က ဘာဥပဒေမှ ပြဌာန်းထားတာမရှိတဲ့အတွက် ကိုယ့်ဘက်ကနေကူညီချင်တယ်ဆိုရင်တောင်မှ ဥပဒေပြဌာန်းထားတာ မရှိတဲ့အတွက် ဥပဒေကြောင်းအရ ကိုရီးယားဘက်ကို ဘာမှ ပြန်မပြောလို့မရဖြစ်တာပေါ့။”ဟု ကိုရီးယားတွင် အလုပ်လုပ်ကိုင်နေသူ ကိုသန်းအောင်ကျော်မှ ယင်းတို့၏ အခက်အခဲများကို ပြောပြသည်။
  ယင်းကဲ့သို့ ရွှေ့ပြောင်းလုပ်သားကာကွယ်ရေးဥပဒေသာပြဌာန်းလိုက်မယ်ဆိုရင် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံရှိဌာနတွေမှာ ယင်းတို့ကဲ့သို့ အလုပ်သမားများအား ဂရုတစိုက်လေ့လာနိုင်သကဲ့သို့ ပြဿနာ တစ်စုံတစ်ရာဖြစ်လာမည်ဆိုပါက တရားဝင်ဥပဒေအကြောင်းအရ စကားပြောနိုင်လာပြီး ရွှေ့ပြောင်းလုပ်သားများ၏ ဘ၀တွေလည်း ပိုမိုလုံခြုံမှု ရှိလာနိုင်ပါသည်ဟု ကိုသန်းအောင်ကျော်က ဆက်လက်ပြောသည်။
 ကျွန်မတို့ရဲ့ ရွှေ့ပြောင်းလုပ်သားများ သွားရောက်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ၊ မလေးရှား၊ စကာင်္ပူ၊ ဒူဘိုင်း၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံအစိုးရတွေနဲ့ ကျွန်မတို့ပြည်ထောင်စု အစိုးရအကြား ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု၊နားလည်မှု စာချွန်လွှာများ ခိုင်ခိုင်မာမာလုပ်ဆောင်ထားနိုင်ဖို့ လိုအပ်ပါတယ်။”ဟု ဒေါက်တာမေ၀င်းမြင့်က သုံးသပ်တင်ပြသည်။
 ယင်းကဲ့သို့ နားလည်မှုစာချွန်လွှာများအား ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီး ပြည်ပရောက်ရွှေ့ပြောင်းမြန်မာလုပ်သားများအတွက် ကာကွယ်စောင့်ရှောက်သည့်ဥပဒေသည် ရေးဆွဲပြဌာန်းရုံနှင့် မလုံလောက်ပဲ အာဏာပိုင်အဖွဲ့အစည်းကလည်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ရွှေ့ပြောင်းလုပ်သားမြန်မာများအားလုံးသည် မည်သည့်နိုင်ငံမှာပဲဖြစ်ဖြစ် အကာအကွယ်မဲ့သည့် အမိုးအောက်တွင် နေထိုင်ရှင်သန်နေကြရပြီး ကိုယ်ထူကိုယ်ထစနစ်များနှင့် ရှင်သန်ရုန်းကန်နေကြရကြောင်း ကိုရီးယားတွင်အလုပ်လုပ်ကိုင်နေသည့် ကိုမောင်မောင်က ပြောသည်။
  “တစ်ခါတစ်ရံ ကျွန်တော်တို့သိပ်ပြီးခံရခက်ပါတယ်။ ကိုယ့်ဘက်ကမှန်သော်လည်း ကိုယ့်နောက်မှာ ရပ်တည်ကာကွယ်တဲ့ဥပဒေနဲ့ ဥပဒေဘက်တော်သားတွေ မရှိဘူး။ တွန်းလှန်ဖို့မတက်နိုင်တော့ ကြိတ်ခံနေကြရတာ တော်တော်များပါတယ်။”ဟု ကိုမောင်မောင်က ယင်းတို့ခံစားနေရသော အခက်အခဲများကို ပြောသည်။
  ထို့အတူ ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများအတွက်သာမကပဲ ပြည်တွင်းရှိ အလုပ်သမားများအတွက်ပါ ကာကွယ်စောင့်ရှောက်သည့် အာမခံချက်အပြည့်အ၀ရှိသော ဥပဒေပေါ်ပေါက်ရန် လိုအပ်ကြောင်းယင်းက ဆက်လက်ပြောသည်။
 “အခု နိုင်ငံက ပြတင်ေးပါက်ဖွင့်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ အပြိုင်အဆိုင်ဝင်လာကြတော့မယ်။ ဘယ်မှာလဲ ကိုယ့်နိုင်ငံသားဆင်းရဲသား အလုပ်သမားတွေအတွက် အကာအကွယ်ပေးမဲ့ဥပဒေတွေ၊ သူတို့ဝင်လာရင် ကိုယ့်နိုင်ငံသားအားလုံးနီးပါးက သူ့လက်အောက် အလုပ်သမားတွေ ဖြစ်ကြမှာနော်။ ဒါကိုသေချာစဉ်းစားကြည့်လေ ရင်လေးလေပါပဲ” ဟု ကိုရီးယားနိုင်ငံတွင်ပညာသင်ကြားနေသော ကိုအောင်မျိုးသူက ပြောသည်။
 ထို့ပြင် ပြည်ပသွားလုပ်နေသောသူများတွင်လည်း သဘောင်္သားချင်း အတူတူ၊ ကျွမ်းကျင်မှု၊ အဆင့်အတန်းချင်းတူပေမဲ့ မြန်မာနိုင်ငံသားသဘောင်္သားများသည် အိမ်နီးနားချင်းသူများထက် လုပ်ခလစာလျော့နည်းကြောင်း၊ အခြားအလုပ်သမားများလည်းထိုကဲ့သို့ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
  “မြန်မာသဘောင်္သားအပါအ၀င် ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေဟာ အင်တာနေရှင်နယ်လောနဲ့ နိုင်ငံတကာအခွင့်အရေးတွေကိုမရဘူး။ အလုပ်ချိန်အရမ်းများတာတို့၊ လစာလျှော့ပေးခံရတာတို့ကို ပြောနိုင်ဖို့ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အလုပ်သမားတွေအတွက်လောတွေချပေးနိုင်မှ နိုင်ငံတကာနဲ့ပူပေါင်းဆောင်ရွက်မှုတွေ၊ တောင်းဆိုမှုတွေ ပြုလုပ်နိုင်မယ်”ဟု ပြောချင်ကြောင်းစီးပွားရေးနှင့် အကြံပေးဦးတင်သန်းဦးက ပြောသည်။
  ထို့ပြင် နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်နေကြသည့် ပညာရှင်၊ အလုပ်သမားအားလုံးသည် တိုင်းပြည်အပြင်ထွက်သွားသည်မှာ Brain Gain မဟုတ်ပဲ၊ Double Gain သာဖြစ်ကြောင်း၊ ၎င်းတို့သည် ကမ္ဘာစီးပွားရေးနှင့်အတူ မျောပါနေကြသူများဖြစ်သကဲ့သို့ ဥမာအားဖြင့် CNC စက်ရုံများတွင် အလုပ်လုပ်ကြသော လုပ်သားတစ်ဦးသည် မိခင်နိုင်ငံ၌ ယခုကဲ့သို့ ကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာသည့်အခါတွင်  ၎င်းရွှေ့ပြောင်းလုပ်သားများသည် မိခင်နိုင်ငံ၌ ဦးစီးဦးဆောင် လုပ်နိုင်ကြမည့်သူများဖြစ်သကဲ့သို့ စက်မှုအထက်တန်းကျောင်းကဲ့သို့ ပညာရေးဘက်၌လည်း ၎င်းတို့၏ ကျွမ်းကျင်မှုများအား ဖြန့်ဝေပေးရန် ခေါ်ယူအသုံးချနိုင်ကြောင်း ကိုအောင်မျိုးသူက ပြောသည်။ ထို့ပြင် ၎င်းတို့အားလုံးအား မိခင်နိုင်ငံသို့ပြန်လာမည်လားဟု မေးလျှင် အားလုံးလိုလိုက ‘အိမ်ပြန်ချင်တာ ကြာပါပြီဗျာ’ ဟု ဖြေကြမည်ဖြစ်ကြောင်း၊ ၎င်းတို့ပြန်လာလျှင် မိမိတို့တိုင်းပြည်အတွက် နိုင်ငံတော်မှ ငွေကုန်ကြေးကျမရှိပဲ ပညာတော်သင်များအား ရလိုက်ခြင်းဖြစ်၍ နိုင်ငံတော်အတွက် Double Gain ဟု ပြောခြင်းဖြစ်ကြောင်း ကိုအောင်မျိုးသူက ပြောသည်။
 “အဲဒီကိုယ့်တိုင်းပြည်ရတနာတွေကို တိုင်းတပါးရောက်ရှိနေချိန်မှာ မျက်နှာမငယ်ရအောင် မနစ်နာရလေအောင် လုပ်ငန်းခွင်ထဲမှာ ကောင်းကောင်းဆည်းပူးလေ့လာနိုင်အောင် သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းဖို့ကတော့ မြန်လေ၊ ကောင်းလေလို့ ပြောချင်ပါတယ်။” ဟု ကိုအောင်မျိုးသူက ပြောသည်။
  “ယခုလက်ရှိတွင် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားမျာအတွက် အလုပ်သမားဝန်ကြီးဌာနနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ပေးနေခြင်းများ ရှိသော်လည်း ထိရောက်မှုမရှိသေးကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာဆိုသည်မှာ နိုင်ငံတကာစာချုပ်များအား လက်မှတ်ရေးထိုးသည့်အခါတွင် စာချုပ်ပါ အချက်အလက်များအား လိုက်နာသည့်အပေါ်တွင် ယင်းနိုင်ငံ၏ မည်မျှ ချိုးဖောက်မှု ရှိလဲဆိုသည်မှာ ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံတကာဥပဒေပါ အခွင့်အရေးများအပြည့်အ၀ ရရှိရန်အတွက် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် စာချုပ်လက်မှတ်ရေးထိုးမှုများတွင် အပြည့်အ၀လိုက်နာခြင်းအားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်မည်” ဟု ဦးတင်သန်းဦးက ပြောသည်။
  မလေးရှားနိုင်ငံ ကူလင်းမြို့မှာ သြဂုတ် ၄ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တရာမ၀င် ဂတ်စ်ဂိုထောင်ပေါက်ကွဲမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားလေးဦး သေဆုံးခဲ့ပြီး တရာမ၀င်နေထိုင်သူများဖြစ်တဲ့အတွက် နစ်နာကြေးတစ်စုံတစ်ရာ မရှိခဲ့သလို့ သူတို့ရဲ့လုပ်ငန်းရှင်ဟာလည်း ပြည်ပကိုထွက်ပြေးသွားပြီလို့ တာဝန်ရှိသူများက ဆိုပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ကြုံတွေ့နေရတဲ့ မြန်မာပြည်မှာရှိတဲ့ မိသားစုတွေကလည်း သေသလား၊ ရှင်သလားမသိတဲ့ မြန်မာနိုင်ငံ ရွှေ့ပြောင်းလုပ်သားတွေ ကမ္ဘာကြီးရဲ့ နေရာအရပ်ရပ်မှာ ဘယ်လောက်တောင်များနေပြီလဲ၊ ဒါကြောင့်ပြည်ပကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ခိုင်မာတိကျပြီး လုပ်သားတွေကို အမှန်တကယ်အကာအကွယ်ပေးနိုင်မယ့် ပေါ်လစီကောင်းကောင်းကတော့ တကယ်ကို လိုအပ်နေပါပြီ။ 

နေနှင်း

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...