Wednesday, October 17, 2012

ကွန်မြူနစ်ဇာတ်နဲ့ ရဲဘော်ဘခက်



တော်တော်ဖမ်းစားနိုင်တဲ့စာအုပ် ဖတ်လိုက်ရပ်လိုက်တွေးလိုက်နဲ့ ကျောင်းကိုမသွားဖြစ်ဘူး။ အသက် ၁၄ နှစ်နဲ့ တောခိုခဲ့တဲ့ ဘခက်။ သူ့ဘ၀တစ်လျှောက်လုံး ကြမ်းကြမ်းတမ်းတမ်းနဲ့ တောထဲတောင်ထဲ၊ ရန်ကုန်မြေအောက်လုပ်ငန်းတွေထဲမှာ လှုပ်ရှားရုန်းကန်ခဲ့။ ကွန်မြူနစ်တို့ရဲ့အယူအဆတွေ၊ ကွန်မြူနစ်ဖခင်ကြီး သခင်သန်းထွန်းနဲ့ အနီးကပ်နေခဲ့တဲ့သူဖြစ်တဲ့အတွက် သခင်သန်းထွန်းရဲ့အပြောအဆိုတွေ၊ အပြောင်းအလဲတွေ၊ မမှန်ကန်မှုတစ်ချို့တွေကို ဒီစာအုပ်မှာတွေ့ရတယ်။

မိခင်ကြီးက ပျောက်သွားတဲ့သားနဲ့ ကြိုးစားပမ်းစားလာရောက်တွေ့ဆုံပြီး စကားပြောကြဖက်ကြနမ်းကြတဲ့အခန်း၊ ကိုယ့်ညီနဲ့လမ်းမှာရှောင်ခဲ့ကြပြီး ညီမှန်းမသိတဲ့အခန်း၊ ကွန်မြူနစ်ကောင်းတစ်ယောက်ဆိုတာ သံယောဇဉ်အကုန်ပြတ်ရမယ်ဆိုပြီး ကိုယ့်အဖေကိုကိုယ်တိုင်သတ်မယ်လုပ်တော့ ဖခင်ရဲ့ဝမ်းနည်းကြေကွဲခဲ့တဲ့ ခေတ်သစ်အဇာတသတ်အခန်းတွေဟာ စိတ်ထိခိုက်စရာကောင်းလှတယ်။

ဒါ့အပြင် ဦးနေ၀င်းရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘာ့ကြောင့်ပျက်ပြားခဲ့ရသလဲ၊ သူတို့တွေရဲ့ကျောထောက်နောက်ခဲ့တွေ၊ တရုတ်အစိုးရရဲ့ ထိုအချိန်ကတည်းက ဟိုဘက်ကနေလည်း မြှောက်ပေးဒီဘက်ကလည်း ရအောင်ယူခဲ့တာတွေ၊ မြန်မာတွေရဲ့ ညှိမရတဲ့အကွဲအပြဲဇာတ်လမ်းတွေစတဲ့ သင်ခန်းစာယူစရာတွေလည်းတွေ့ရတယ်။

သူတို့ကွန်မြူနစ်တွေရဲ့အခင်းအကျင်း အယူအဆတွေကို သိဖို့အတွက်ဖတ်သင့်သလို၊ လူငယ်တွေငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံရေးလုပ်သင့်သလားဆိုတာကို ခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ တောခိုခဲ့တဲ့ဘခက်စာအုပ်ကိုကြည့်ပြီး အဖြေညှိကြည့်နိုင်တယ်။
ခုနောက်ပိုင်းတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ပက်သက်ပြီး Alert ဖြစ်လာတာကိုတွေ့ရပါတယ်။ လူငယ်တွေလည်း စကားလုံးခပ်ကြီးကြီးလေးတွေကို သုံးလာတာကို တွေ့ရတယ်။ ဥပမာအားဖြင့်- မတူတာတွေကိုဘေးဖယ်ပြီး တူတာတွေညှိလုပ်တာပေါ့တို့၊ ရွှေပြည်တော် မျှော်တိုင်းဝေးတို့၊ ကျွန်တော်က နိုင်ငံရေးတော့ စိတ်မ၀င်စားဘူး ဒါပေမယ့် ကိုယ့်နိုင်ငံကောင်းဖို့အတွက်ဆို ဘာလုပ်ရလုပ်ရလို့ ဆိုတာမျိုး စကားအလှလေးတွေနဲ့ နားဝင်ချိုအောင်ပြောလာတာတွေ့ရပါတယ်။

ဒီလိုစကားတွေကို သူတို့သိလာတယ်၊ သုံးတတ်ပြောတတ်လာတာကို ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် ပြောခဲ့တဲ့သူတွေဟာ အဲ့ဒီစကားလုံးရဲ့နောက်ကွယ်က လေးနက်တဲ့အတွေးအခေါ်တွေနဲ့ ပြောခဲ့ဆိုခဲ့တာတွေပါ၊ အပေါ်ယံလေးကိုယ်ကမြင်ပြီး သူတို့စကားလုံးတွေကို နေရာတကာယူသုံးလို့ မရဘူးဆိုတာကိုတော့ သတိချပ်စေချင်မိတယ်။ မဟုတ်ရင်တော့ ဘာလာလာဘာမီတွန်ဆေးပေးသလို ဖြစ်နေပါမယ်။ အားလုံးပဲ အမှားအမှန်ချင့်ချိန်နိုင်ကြပါစေဗျာ။

လေးစားစွာဖြင့်
မောင်မျိုး (စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...