Wednesday, December 19, 2012

ဂျယ်ဂျူကျွန်းဟန်းနီးမွန်းခရီးစဉ်

ဟန်းနီးမွန်းခရီးစဉ်ဆိုတဲ့အသံကြားရင်ကို ဇနီးသည်ကရင်နာတယ်လို့ပြောမှာ သေချာပါတယ်။ တကယ်တော့ မင်္ဂလာဆောင်ပြီးချိန်မှာ သူ့ကိုဘယ်မှကျွန်တော်လိုက်ပို့မပေးနိုင်ခဲ့ပါဘူး။ အချိန်ရတဲ့ တစ်လလေးအတွင်းမှာ မြန်မာပြည်ပြန်ပြီး လုပ်စရာရှိတာတွေလုပ် နှစ်ဖက်မိဘတွေနေရပ်မှာ မင်္ဂလာပွဲကျင်းပပြီး ကိုရီးယားကိုတန်းပြန်လာခဲ့ကြတာပါ။ မြန်မာပြည်မှာရှိနေစဉ်အတွင်းမှာလည်း တခြားလူမှုရေးလုပ်ငန်းတွေဘက်ကို အချိန်တွေပေးခဲ့တာကြောင့် သူ့အတွက်အချိန်တွေ မပေးနိုင်ဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်ကလည်း ခပ်ရိုးရိုးနေတတ်ပြီး ဟိုဟာလုပ်ရမှကျေနပ်မယ်၊ ဒီဟာလုပ်ရမှကျေနပ်မယ်ဆိုတဲ့သူ မဟုတ်တာကြောင့် ကိုယ့်အတွက်သက်သာရာ ရခဲ့ပါတယ်။ သို့သော် နှစ်ယောက်လုံးမှာရှိတဲ့ တူညီတဲ့ဆန္ဒတစ်ခုကတော့ မြောက်ဦး၊ ပုဂံညောင်ဦးစတဲ့ နေရာစုံကို ကျောပိုးအိတ်တစ်လုံးစီလွယ်ပြီး စိတ်လွတ်ကိုယ်လွတ် လျှောက်သွားကြမယ်ဆိုတာပါပဲ။ ဘယ်တော့မှ သွားနိုင်မယ်တော့မသိပါဘူး.. မြန်မာပြည်ပြန်ရောက်ရင်လည်း လုပ်စရာလုပ်ချင်တာတွေက အများကြီးပါပဲ။ တချို့တွေကလည်း ပြန်မလာသေးဘူးလား၊ မင်းပြန်လာရင်လုပ်ချင်တာတွေရှိတယ်ဆိုပြီး နောက်ကနေဆွဲဆွဲနေကြပြန်ပါတယ်။

Gimpo Intl Airport
ဒီလိုအကြပ်အတည်းတွေကြားကနေပဲ နှစ်ယောက်သား လည်ပတ်ဖို့အတွက် အခွင့်အရေးပေါ်လာပါတော့တယ်။ အလုပ်ကတော့ တန်းလန်းပါတော့ပါတာပါပဲ။ ကိုရီးယားနိုင်ငံသားတွေ ဟန်းနီးမွန်းထွက်လေ့ရှိတဲ့ ဂျပန်နဲ့နီးတဲ့ ဂျယ်ဂျူကျွန်းမှာကျင်းပမယ့် လေကြောင်းနှင့်အာကာသ စာတမ်းဖတ်ပွဲကို ကျွန်တော်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဇနီးသည်ကိုပါခေါ်သွားဖို့ စီစဉ်လိုက်ပါတယ်။ ဒီခရီးဟာ ဒို့နှစ်ယောက် ဟန်းနီးမွန်းခရီးပေါ့ကွာလို့ ဇနီးသည်ကိုလည်း စပြောပြောလိုက်ပါသေးတယ်။ မသွားခင်တစ်လလောက်ကတည်းက ဟိုတယ်နဲ့ လေယာဉ်လက်မှတ်ကို စီစဉ်ထားလိုက်ပါတယ်။ သွားတဲ့နေ့မှာတော့ မနက်စောစောလေဆိပ်ကိုသွားပြီး e-ticket နဲ့ တကယ့်လက်မှတ်လဲလှယ်ဖို့ လုပ်ကြပါတယ်။ အဲ့ဒီမှာပဲ ခရီးသည်တွေက တန်းစီနေတာအရမ်းများပါတယ်။
လက်မှတ်ထုတ်စက်လေးများ
လေယာဉ်ဝန်ထမ်းတစ်ယောက်က ကျွန်တော်တို့နားလာပြီး တန်းမစီနဲ့ ဟိုကစက်မှာ ကိုယ်တိုင်လုပ်လိုက်တာမြန်တယ်လို့ပြောတာနဲ့ ကျွန်တော်တို့နှစ်ယောက် ကိုယ်တိုင်ပဲလုပ်လိုက်ကြပါတယ်။ ခုလို စက်တွေထားပေးတာ တော်တော်အချိန်ကုန် သက်သာပါတယ်။ ကိုရီးယားမှာ ခရီးသွားရတာတစ်ခုကောင်းတာက စကားသိပ်ပြီးအပိုပြောစရာမလိုတာပါပဲ။ ဥပမာ- ကိုယ့်အိတ်ကပေါင်ချိန်ပိုနေတယ်ဆိုရင် သူတို့လက်ခံနိုင်တဲ့အတိုင်းအတာဆိုရင် ဘာမှပြောစရာမလိုဘဲ တန်းပြီးတော့တင်ပေးလိုက်တာပါပဲ။ မရဘူးဆိုလည်း အပိုဆောင်ရုံပါပဲ။ မြန်မာလေဆိပ်မှာဆိုရင်တော့ ခဏလေးဘေးနားဖယ်ထားလိုက်ပါဦးလို့ပြောလာပြီး နောက်တော့ ပစ္စည်းသယ်တဲ့ကောင်လေးတွေကနေ ကျွန်တော်လုပ်ပေးမယ်ပြောလာပါလိမ့်မယ် ပြီးရင်ပိုက်ဆံတောင်းပါလိမ့်မယ်။ တစ်ခါတစ်လေ အဆင်ပြေတာလည်းရှိ၊ မပြေတာလည်းရှိပါတယ်။ ကျွန်တော့်ကို လေယာဉ်အပေါက်ဝမှာ ကောင်လေးတစ်ယောက်က ပိုက်ဆံတောင်းတာကြုံရပါတယ်။ လေယာဉ်ပေါ်တက်ခါနီးအထိကို လိုက်တောင်းနေတာတော့ လွန်လွန်းတယ်လို့ထင်ပါတယ်။ တချို့တွေပြောကြတာကတော့ သူတို့အောက်ဝန်ထမ်းတွေကတောင်း ပြီးရင်ရာထူးအဆင့်အလိုက် ပြန်ခွဲဝေကြတယ်လို့သိရပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး ကြားဖူးတာလေးပါ။

ကိုယ့်ပစ္စည်းအပေါ်မရောက်မချင်းကလည်း သင်စိတ်ဒုက္ခရောက်နေရပါလိမ့်မယ်။ ဒါတွေကတော့ နိုင်ငံသားအချင်းချင်းဆို ပြသနာသိပ်မဟုတ်ပေမယ့် နိုင်ငံခြားသားတွေကိုသွားလုပ်ရင်တော့ တစ်နိုင်ငံလုံးသိက္ခာကျစရာ ကိစ္စကြီးပါ။ ကျွန်တော့်ရှေ့တင် နိုင်ငံခြားသားကြီးဆီက ပိုက်ဆံတောင်းနေတာမြင်လိုက်ရလို့ အေးအေးဆေးဆေး ဒီဘိုးတော်ကြီးနဲ့ စကားပြောရင်း ခရီးသွားမယ်ဆိုတဲ့ ကျွန်တော့်စိတ်တွေ ရှက်စိတ်ကြောင့် သူနဲ့ကိုမျက်နှာချင်းမဆိုင်ရဲတော့ပါဘူး။ ကိုယ်ကသာရှက်နေတာ သူတို့တွေသွားပြောရင် ခင်ဗျားကဘာရှက်တာတုန်းဆိုတာမျိုးတွေပဲ ကြားရမှာအသေအချာပါပဲ။

ကျွန်တော်တို့ လေယာဉ်လက်မှတ်လုပ်၊ နောက်ပစ္စည်းတွေတင်ပေးပြီးတော့ လေယာဉ်ပေါ်ကိုတက်ခဲ့ကြတယ်။ လေယာဉ်အပေါက်နားမှာ သတင်းစာတွေချပေးထားလို့ အင်္ဂလိပ်သတင်းစာတစ်စောင် ကောက်ယူလာပြီးဖတ်လိုက်တယ်ဆိုရင်ပဲ အလယ်တန်းကျောင်းသူလေးက သူတို့ကျောင်းသားတွေကြားက အချင်းချင်းအနိုင်ကျင့်မှုတွေ၊ သတ်သေကြတာတွေဟာ မိဘနဲ့သားသမီးတွေကြားက ဆက်ဆံရေးကြောင့်ပါဆိုပြီး ပေးစာပို့ထားတာလေးဖတ်ရပါတယ်။ သတင်းစာမှာ Student corner လိုမျိုးလေးနေရာပေးထားတာဟာလည်း သဘောကျအတုယူစရာလေးပါပဲ။ နောက်ပြီး ကိုရီးယားလေကြောင်းကထုတ်တဲ့ လေယာဉ်မ္ဂဇင်းကို ကောက်လှန်လိုက်တော့ ကိုရီးယားလေကြောင်းကကျင်းပတဲ့ ဓါတ်ပုံပြိုင်ပွဲမှာ မြန်မာတစ်ယောက်က ပထမရထားတာကိုမြင်လိုက်ရတော့ အတော်ပီတိဖြစ်မိတယ်။ ဓါတ်ပုံကတော့ အိုးလုပ်တဲ့မိသားစုကို ရိုက်ထားတဲ့ ဘ၀သရုပ်ဖော်ပုံလေးပါပဲ။ မီးအလင်းအမှောင်ကော၊ ကင်မရာယူထားတဲ့ အနေအထားလေးကော တော်တော်ကိုကောင်းပါတယ်။
ဆုရဓါတ်ပုံ
လေယာဉ်စီးနေရင်း ကိုယ့်အောက်ကတိမ်တွေကိုကြည့်ပြီး ခုလိုလူတွေကို ဈာန်ရအောင်လုပ်ပေးနေတဲ့ တီထွင်မှုတွေကို ကိုယ်ကိုယ်တိုင်ပါဝင်လေ့လာနေပါလားဆိုတဲ့ အတွေးမျိုးဝင်လာတဲ့အခါမှာ ပြောမပြတတ်တဲ့ အံ့သြ၀မ်းသာမှုတစ်မျိုး (ပီတိလို့ခေါ်နိုင်မယ်ထင်ပါတယ်) စိတ်ထဲမှာပေါ်လာပါတော့တယ်။ လေယာဉ်စီးတဲ့အခါ ကျွန်တော့်အခက်အခဲတစ်ခုက လေယာဉ်ဆင်းသက်ချိန်မှာ နားစည်တွေအရမ်းကိုနာတာပါပဲ။ လေဖိအားအပြောင်းအလဲကို ကျွန်တော်တော်တော်ခံစားရလေ့ရှိပါတယ်။ တချို့ကလေးသူငယ်လေးတွေဆို လေယာဉ်ဆင်းတဲ့အချိန်မှာ အရမ်းကိုငိုနေလေ့ရှိပါတယ်။ တော်တော်ခံရခက်တဲ့ နာကျင်မှုတစ်မျိုးပါပဲ။ ဂျယ်ဂျူလေဆိပ်ကိုဆင်းတဲ့အချိန်မှာလည်း တော်တော်ခံလိုက်ရပါသေးတယ်။ လေဆိပ်ကဆင်းပြီး ကားငှားလို့ ဟိုတယ်ကိုထွက်လာခဲ့ပါတယ်။ ဟိုတယ်ကိုရောက်တော့ အခန်းက ၂ နာရီမှဝင်လို့ရမယ်ဆိုတာနဲ့ အထုပ်တွေကိုကောင်တာမှာ အပ်ခဲ့ပြီးတော့ လမ်းလျှောက်ထွက်ခဲ့ကြတယ်။ ရာသီဥတုကလည်း သာယာလှတယ်။ အရမ်းကြီးလည်း မအေးတော့ လမ်းလျှောက်လို့ကောင်းတယ်။ ဟိုတယ်ကပင်လယ်ကမ်းနဖူးမှာ ဆောက်ထားတာပါ.. တော်တော်လှပါတယ်။ အင်ဂျင်နီယာမျက်လုံးနဲ့ကြည့်ရင်တော့ တော်တော်အန္တရာယ်များပါတယ်။ ရေတွေများတက်လာရင်တော့ သွားပြီပဲ။
တိမ်တိုက်များ

တည်းခိုရာ ရာမဒါဟိုတယ်
နဂါးပုံကျောက်ဆောင်
ဟိုတယ်နဲ့ ခပ်လှမ်းလှမ်းက ကမ်းစပ်တစ်နေရာမှာ သူတို့တွေနဂါးနဲ့တူတယ်လို့ ယူဆထားတဲ့ ကျောက်ဆောင်ကြီးတစ်ခုရှိပါတယ်။ အဲ့ဒီကို ကျွန်တော်တို့ လမ်းလျှောက်ရင်း သွားကြည့်ခဲ့ကြပါတယ်။ ကျွန်တော်တစ်ခါက လာခဲ့တုန်းကတော့ အဲ့ဒီကမ်းစပ်မှာ ရေဘ၀ဲလိုအကောင်ပေါက်စလေးတွေကို အရှင်လတ်လတ် လှီးဖြတ်ပြီးစားသောက်လို့ရတဲ့ ဆိုင်သေးသေးလေးတွေရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ အဲ့ဒီဆိုင်လေးတွေမတွေ့ရတော့ပါဘူး။ လမ်းလျှောက်ရင်းလမ်းမှာ တည်သီးဖုတ်ရောင်းတဲ့ဆိုင်လေးတွေ့လို့ ဇနီးသည်က၀ယ်စားသေးတယ်။ သူက အဲ့ဒီလို ဟိုဟာစားဒီဟာစားသိပ်ကြိုက်တယ်။ နေ့လည်စာစားဖို့ အချိန်ရောက်တာနဲ့ ကျွန်တော်ကပဲ ၀က်သားမီးကင်စားကြစို့ဆိုပြီး အကြံပြုလိုက်ပါတယ်။ ဟိုတယ်နဲ့ ခပ်လှမ်းလှမ်းက အသားကင်ဆိုင်ကို သွားစားကြတယ်။ ဂျယ်ဂျူကျွန်းက ၀က်သားကတစ်ခြားနေရာနဲ့မတူဘူး တောဝက်သားလိုမျိုး မာမာလေးစားလို့ပိုကောင်းတယ်။ ၀က်ခပ်မည်းမည်းလေးတွေကို သေချာမွေးထားတာ။ အရင်ကတော့ လူရဲ့မစင်တွေကျွေးပြီး မွေးထားတာတဲ့။ ဒီကိုလာတဲ့သူတိုင်းကတော့ ဒီက၀က်သားကင်ကို အမိအရစားကြတာပါပဲ။ ဘယ်လိုမွေးထားတယ်တော့ တွေးမနေတော့ပါဘူး။ ဟဟဟ..။

ကျွန်တော်တို့စားနေတုန်း တရုတ်ခရီးသွားတစ်ဖွဲ့ ၀င်လာပြီး ခပ်လှမ်းလှမ်းကစားပွဲမှာ လာထိုင်တယ်။ ပြီးတော့ သူတို့ကတော့ ပင်လယ်စာတွေမှာကြပုံပါပဲ။ သူတို့စားမယ့် ဂဏန်းကြီးကို သယ်လာခိုင်းပြီးတော့ ဓါတ်ပုံတွေရိုက်နေကြပါသေးတယ်။ ကိုယ့်နိုင်ငံမှာကလည်း တရုတ်မုန်းတီးရေးရေချိန် တက်နေချိန်မို့လားတော့မသိပါဘူး စိတ်ထဲမှာသိပ်ပြီး မကြည်မလင်ဖြစ်နေတယ် သူတို့တွေအပေါ်မှာ။ တော်တော်ဆိုးတဲ့ကောင်တွေ သတ်ခါနီးကို ညှဉ်းဆဲနေသေးတယ် စသဖြင့်တွေးနေမိတယ်။ မြန်မာမှတရုတ်ပေါတယ်လို့မထင်နဲ့ဗျ ကိုရီးယားမှာလည်း တရုတ်ကတယ်ပေါ။ စားသောက်ဆိုင်တွေဆို တရုတ်တွေများပါတယ်။ တစ်ခါက နယ်ဘက်ကသုတေသနဌာနကိုသွားပြီးလေ့လာတုန်းကလည်း စားသောက်ဆိုင်က တရုတ်ဆိုင်ပဲ၊ ဆိုးလ်မှာလည်း တရုတ်ဆိုင်ကအများ၊ ခု ဂျယ်ဂျူကျွန်းရောက်တော့လည်း လမ်းမှာတွေ့တာတရုတ်၊ ၀င်မိတဲ့ဆိုင်ကလည်း တရုတ်တွေဖြစ်နေပြန်တယ်။ အော် တော်တော်ပေါတဲ့ တရုတ်ပါလားလို့တောင် အောချမိတယ်။

နေ့လည်စာ စားသောက်ပြီးတော့ ဟိုတယ်ကိုပြန်လာခဲ့တယ်။ အခန်းလည်းရပြီဆိုတော့ ခဏလောက်နားမယ်ဆိုပြီး ကိုယ့်အခန်းကိုတက်လာခဲ့တယ်။ ဟိုတယ်က အလယ်ကောင်မှာ အပေါ်အောက်တောက်လျှောက် ဟင်းလင်းကြီးလုပ်ထားတယ်။ ကြည့်ရတာတော့ ပိုပြီးခန့်ညားသွားတယ်.. ဒါပေမယ့် အခန်းတွေအများကြီးဆုံးရှုံးသွားတယ်လို့လည်း စဉ်းစားမိတယ်။ ကိုယ်နေမယ့်အခန်းကနေကြည့်ရင် ပင်လယ်ပြင်ကြီးကိုမြင်နေရတဲ့အရသာကတော့ ထူးခြားတဲ့အရသာပါပဲ။
ဟိုတယ်အတွင်းပိုင်း
နိုင်ငံတကာ ဂေါက်သီးရိုက်ပြိုင်ပွဲတုန်းက ဒီမှာတည်းခိုခဲ့တဲ့ ကမ္ဘာကျော်ဂေါက်သီးမယ်များ
ခဏတဖြုတ်လှဲနေရင်းနဲ့ မနက်ပိုင်းတုန်းက ဟိုတယ်မှာကျင်းပတဲ့စာတမ်းဖတ်ပွဲအကြောင်း ခေါင်းထဲဝင်လာတယ်။ သူတို့တွေက တော်တော်ကိုအရှိန်ရနေကြပြီ။ ကိုယ့်ဆီမှာက နာမည်တောင်မရှိသေးဘူး။ ဒါတွေဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားခန်းဝင်နေမိတယ်။ အဲ့ဒီလိုတွေ (ဟိုကောင်ငယ်ငယ်ပြောသလို အရည်မရအဖတ်မရတွေ) တွေးတွေးနေတတ်လို့ မိန်းမကလှမ်းပြီးစကားပြောရင် မကြားတဲ့အခါတွေများများနေရတာပါပဲ။

စာတမ်းဖတ်ပွဲမှာ စာတမ်းဖတ်တာအပြင် အင်ဂျင်နီယာကုမ္ပဏီအသီးသီးက သူတို့ရဲ့ထုတ်ကုန်တွေနဲ့ တခြားအစိုးရအဖွဲ့အစည်းတွေကထုတ်ကုန်တွေလည်းပြသလေ့ရှိပါတယ်။ အဲ့ဒီထဲကမှ သဘောတွေ့မိတာကတော့ ကိုရီးယားရဲ့ ကာကွယ်ရေးနဲ့ပက်သက်တဲ့ သုတေသနတွေကို အဓိကလုပ်ပေးနေတဲ့ Agency for Defense Development (ADD) ကထုတ်လိုက်တဲ့ 3D Flight Simulator ပါပဲ။ (ကျွန်တော့်ရဲ့ ပရောဂျက်တစ်ချို့ကလည်း ADD ကပရောဂျက်တွေဖြစ်ပါတယ်။) Flight Simulator တွေဟာ လေကြောင်းဌာနတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းပါ။ သူ့ကိုသုံးပြီးတော့ Pilot အသစ်တွေကို သင်ကြားပြသပေးရာမှာ အသုံးပြုခြင်းဖြင့် လွယ်ကူလျင်မြန်စွာ သင်ကြားတတ်မြောက်နိုင်သလို၊ စစ်ဘက်ဆိုင်ရာအတွက်လည်း လေကြောင်းတိုက်ပွဲ နည်းပရိယာယ်အမျိုးမျိုးကို ဒီပေါ်မှာစဉ်းစားပြီး တိုက်ပွဲငယ်ဖန်တီးကာ အားသာချက်အားနည်းချက်တွေကို ပြန်လည်သုံးသပ်လို့ရပါတယ်။ လေကြောင်းပြပွဲတွေမှာတော့ F-15 Slam Eagle တို့၊ F-35 တို့ရဲ့ Simulator တွေကို တွေ့ခဲ့စမ်းခဲ့ဖူးပါတယ်။ ကိုရီးယားကထုတ်တဲ့ Simulator ကိုတော့ ဒီအကြိမ်ဟာ ပထမဆုံးတွေ့ဖူးတာပါပဲ။

ကိုရီးယားနိုင်ငံ Agency for Defense Development ကထုတ်တဲ့ Flight Simulator
ဟိုတွေးဒီတွေးနဲ့ပဲ ခဏတဖြုတ်အိပ်ပျော်သွားတော့တယ်။ နိုးလာတဲ့အခါမှာတော့ ရေမိုးချိုးပြီး မြို့ထဲကိုလမ်းလျှောက်ထွက်ခဲ့ကြတယ်။ ညဈေးတန်းတစ်ခုတွေ့လို့ အဲ့ဒီမှာပဲပတ်လျှောက်ခဲ့ကြတယ်။ အဲ့ဒီဈေးတန်းက တကယ့် Brand ပစ္စည်းတွေပဲ ရောင်းတဲ့အတန်းတွေပါ။ အရင်တစ်ခါ တစ်ယောက်တည်းလာတုန်းကတော့ ရှပ်အင်္ကျီနှစ်ထည်ဝယ်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်တော့ ဘာမှမ၀ယ်ဖြစ်ခဲ့ပါဘူး။
ညဘက်လျှောက်ဖြစ်တဲ့ဆိုင်တန်းတွေ

ဟိုတယ်ကိုပြန်ရောက်ချိန်မှာတော့ မနက်ဖြန်အလည်အပတ်ထွက်ဖို့အတွက် ခရီးစဉ်စပြီးစဉ်းစားကြပါတယ်။ တက္ကစီကိုတစ်နေကုန်စာငှားပြီး မနက်ဖြန်လည်ကြမယ်လို့ ဆုံးဖြတ်ပြီးတော့ အိပ်လိုက်ကြတယ်။ မနက်ကတော့ အိပ်ရာထနောက်ကျတာနဲ့ ဟိုတယ်မနက်စာမမှီလိုက်ကြဘူး။ ဒါနဲ့ ကျောပိုးအိတ်ကိုလွယ်လို့ အနီးနားမှာရှိတဲ့ McDonald ဘာဂါဆိုင်ကို သွားပြီးတော့ စားကြတယ်။ ကျောပိုးအိတ်တစ်လုံးနဲ့ မြေပုံစာရွက်လေးကိုင်လို့ ခရီးသွားလာရခြင်းရဲ့ လွတ်လပ်ပေါ့ပါးမှုကို ပထမဦးဆုံးခံစားခဲ့ရတယ်။ ဇနီးသည်လည်း ကျေနပ်ပျော်ရွှင်နေပုံပါပဲ။ များသောအားဖြင့် အပေါင်းအသင်းများနဲ့သာ သွားလာလေ့ရှိတဲ့ ကျွန်တော်တို့နှစ်ယောက် အပေါင်းအသင်းတွေမပါဘဲ နှစ်ယောက်တည်း ပထမဆုံးလျှောက်သွားဖူးတာဆိုလည်း မမှားပါဘူး။

ဘာဂါဆိုင်အသွားလမ်းမှာ Tourist Corner လေးထားပေးထားတာရှိတယ်။ အဲ့ဒီမှာ တက္ကစီငှားရင် ဘယ်လောက်လောက်ကျမယ် ဘယ်နေရာတွေသွားရင် ကောင်းမယ်ဆိုတာမျိုးကို မေးလို့ရပါတယ်။ အဲ့ဒီမှာမေးပြီးတော့ ကျွန်တော်တို့လည်း တက္ကစီငှားလိုက်ပါတယ်။ ညနေ ၅ နာရီကို ဟိုတယ်ကိုပြန်မယ် ကြားထဲမှာ သွားလို့ရမယ့်နေရာတွေကို လိုက်ပို့ဖို့သူနဲ့ညှိလိုက်ကြပါတယ်။ အဲ့ဒီနောက် သူကလမ်းသင့်တဲ့ ရှေးနှစ်ပေါင်းများစွာက ချော်ရည်ထွက်ရာလမ်းကြောင်းကြီးတစ်ခုဟာ မြေအောက်တူးမြောင်းကြီးတစ်ခုလို ဖြစ်ပြီးကျန်နေခဲ့တဲ့နေရာကို လိုက်ပို့ပါတယ်။ ဂျယ်ဂျူကျွန်းဟာ မီးတောင်ပေါက်ကွဲပြီး မီးတောင်ချော်ရည်တွေကနေ ဖြစ်ပေါ်လာတဲ့ကျွန်းလေးပါ။ မီးတောင်ပေါက်ကွဲရင် ချော်ရည်တွေကိုမှုတ်ထုတ်တဲ့ အဓိကလမ်းကြောင်းကြီးရှိပါတယ်။ ခုသွားတဲ့နေရာက အဲ့ဒီ Tube ကြီးပါ။ အရှည်ကြီးပါပဲ။ ၁ မိုင်ခန့်ရှိမယ်ထင်ပါတယ်။ နှစ်သန်းပေါင်းများစွာက ဒီထဲကနေချော်ရည်တွေစီးနေတာကို မျက်စိထဲမှာပုံဖော်မိရင်း ခုချိန်များအဲ့ဒီလိုဖြစ်က ဘယ်ပြေးရမယ်မသိလို့လဲ တွေးနေမိပါသေးတယ်။

Lava Tube
Lava Tube ထဲမှာတွေ့ရတဲ့ လိပ်ပုံစံချော်ရည်ခဲ

နောက်တစ်နေရာကတော့ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ မီးတောင်သေတစ်ခုပါပဲ။ ဒီပေါ်မှာတက်သွားပြီး အထက်ကိုလည်းရောက်ရော ဘာမှမရှိပါဘူး။ ဒါလည်း ခရီးသွားတွေနဲ့ အရမ်းကို အလုပ်ဖြစ်နေတာကိုတွေ့ရတော့ ဒီ့ထက်အများကြီးသာတဲ့ ကိုယ့်ဆီက ပုပ္ပားတောင်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော့်အမြင်အရပြောရရင် ကိုရီးယားနိုင်ငံက Tourist Attractions ဆိုတဲ့နေရာတွေက မြန်မာပြည်ကနေရာတွေရဲ့ ခြေဖျားတောင်မမှီပါဘူး။ သူတို့က သေသေချာချာအမြင်ရှိရှိနဲ့ ရှိတာလေးမွမ်းမံပြီး အပြကောင်းလို့ပါ။ ယဉ်ကျေးမှုနယ်မြေဆိုလို့ သွားလိုက်ပါ ပုဂံလိုတမျှော်တခေါ် သမိုင်းအမွေအနှစ်တွေမြင်ရဖို့နေနေသာသာ ကိုယ့်ဆီကရှေးဘုန်းကြီးကျောင်း တစ်ကျောင်းစာလောက်ပဲရှိတာမျိုးပါ။ ကမ်းခြေဆိုလို့သွားလိုက်တော့လည်း ဘာမှမရှိတဲ့ သဲတွေဖို့ထားတဲ့နေရာလေးမှာ လူတွေပြွတ်သိပ်နေတာပါ။ ကိုယ့်ဆီမှာလို အုန်းရည်သောက် လမ်းလျှောက်တွေ စိတ်ကူးယဉ်မနေပါနဲ့။ ဒါတွေနဲ့ ခရီးသွားတွေဆီက ငွေတွေသဲ့ယူနိုင်တာတွေ့ရတော့ ကိုယ့်နိုင်ငံအတွက် တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ 

မီးတောင်သေ
တောင်ထိပ်ပေါ်မှာ

မီးတောင်သေတက်ရာလမ်း
မီးတောင်ပေါ်မှမြင်ကွင်း
                           
အဲ့ဒီတောင်ပေါ်ကဆင်းပြီးတော့ နေ့လည်စာစားသောက်ကြပါတယ်။ တက္ကစီမောင်းတဲ့လူကြီးက အသက်ခပ်ကြီးကြီးမို့ ကျွန်တော်တို့က ထမင်းဟင်းဦးချတာတို့ သူ့ကိုဦးစားပေးပြီး ရိုရိုသေသေဆက်ဆံတာတွေကို သူတော်တော်အနေရခက်နေပုံပါပဲ။ ဘာမှမဖြစ်ပါနဲ့ ကျွန်တော်တို့ မိဘတွေကိုလည်း ဒီလိုပဲလုပ်ပေးနေကြမို့ပါလို့ သူ့ကိုပြောလိုက်ရပါသေးတယ်။ ဒီနိုင်ငံမှာ သက်ကြီးရွယ်အိုတွေဟာ သားသမီးတွေဆီကနေ ဒီလိုမျိုး မေတ္တာတရားရဖို့ ခဲယဉ်းကြပါတယ်။ ကိုယ်ကအရမ်းချမ်းသာနေရင်သာပါပဲ သာမာန်သူလိုကိုယ်လိုဆိုလို့ကတော့ သေတဲ့အထိ တစ်ယောက်တည်း ရုန်းကန်ကြပေတော့ပါပဲ။ ထမင်းစားသောက်ပြီးနောက်မှာတော့ နောက်တစ်နေရာအဖြစ် လယ်ကွင်းတွေရှိတဲ့ဘက်ကို ရွေးချယ်ခဲ့ကြပါတယ်။ လယ်ကွင်းနားကြီးလာတဲ့ငါ၊ အခုမှ ရေးကြီးခွင်ကျယ်လုပ်ပြီး လယ်ကွင်းတွေဆီ ကားငှားပြီးတော့ကို သွားနေပါရောလားလို့တွေးမိပြီး ပြုံးနေမိပါတယ်။ (အဲ့ဒီလိုအချိန် ဇနီးသည်မြင်ရင် ဘာလို့ပြုံးတာလဲဆိုတာ အမေးခံရပါလိမ့်မယ်)

လယ်ကွင်းတွေကို မြင်ရတော့လည်း ငယ်ဘ၀ကိုပြန်လည်သတိရစေပါတယ်။ ပြောရရင်တော့ ငယ်ဘ၀က လွတ်လပ်ပျော်ရွှင်ခဲ့တာတွေကို ပြန်လည်မြင်ယောင်လာစေပါတယ်။ ငယ်ငယ်တုန်းက လယ်ကွင်းတွေ၊ ပြောင်းဖူးခင်းတွေထဲသွား၊ ဇီးသီးခြံတွေထဲဝင်ပြီး ပိုင်ရှင်မသိအောင် ၀င်ရောက်စားသောက်ကြပါတယ်။ ပိုင်ရှင်သိလို့ နောက်ကလိုက်တဲ့အခါမှာတော့ ကျွန်တော်တို့ကလေးတွေ တင်ပါးနဲ့ဖ၀ါး တစ်သားတည်းနေအောင် သုတ်ခြေတင်ကြရပါတယ်။ ဇီးခြံတွေဆိုရင် ဆူးခက်တွေပတ်ပတ်လည် ကာထားတာပါ။ အဲ့ဒီဟာကို ကျော်ဖို့အတွက် ကျန်တဲ့ကလေးတွေက တုတ်နဲ့ဖိပေးထားပြီး ကျန်တဲ့သူတွေက အလျားခုန်ကြပါတယ်။ ဒါ့ကြောင့်ထင်ပါ့ ငယ်ငယ်က အလျားခုန်ပထမရခဲ့ဖူးပါတယ်။ ကျွန်တော်တို့ နောက်ကခြံပိုင်ရှင်လိုက်လို့ ပြေးပြီဆိုလို့ကတော့ ဘယ်သူမှဆူးခက်ကို နှိမ်ထားပေးစရာမလိုတော့ပါဘူး။ အားလုံး သူ့ဟာသူဘယ်လိုကျော်လို့ ကျော်မှန်းမသိအောင်ကို ကျော်ဖြတ်ပြေးကြတော့တာပါပဲ။ တောထဲမှာ အဖွဲ့လိုက်လျှောက်လည်ရင်း တစ်ယောက်နဲ့တစ်ယောက်မသင့်မြတ်ကြတဲ့အခါ စိမ်ခေါ်ပြီးနှစ်ယောက်သား ထိုးကြကြိတ်ခဲ့ကြတာတွေဟာလည်း ငယ်ဘ၀ရဲ့သင်ယူမှု တစ်စိတ်တစ်ဒေသတွေပဲလို့ ခုလိုအရွယ်ရောက်လာတဲ့အခါမှာ ပြန်လည်သုံးသပ်မိပါတယ်။ 

လယ်ကွင်းတွေဘက်သို့အ၀င်ဝ

လယ်ကွင်းပြင်
ရိုးရာအိမ်တံခါး
ရိုးရာတံခါးပိတ်ပုံလေးကတော့ နဲနဲထူးဆန်းပါတယ်။ သူ့မှာ အပေါက်သုံးပေါက် တစ်ဘက်တစ်ချက်ဆီရှိပါတယ်။ အဲ့ဒီမှာ ၀ါးလုံးကိုတန်းထားပါတယ်။ ၀ါးလုံးသုံးလုံးတန်းလို့ရပါတယ်။ ၀ါးလုံးတန်းထားတဲ့ပုံကိုကြည့်ပြီးတော့ ဒီအိမ်မှာလူရှိတယ်၊ ကလေးတွေပဲရှိတယ်၊ လူမရှိဘူးစသဖြင့် သိနိုင်ပါတယ်။ အသေအချာမမှတ်မိလို့ ရေးမပြတော့ပါဘူး။ ၀ါးလုံးသုံးလုံးလုံးတန်းထားရင် အိမ်မှာဘယ်သူမှမရှိဘူးလို့ ပြောထားတာဖြစ်ပါတယ်ဆိုတာတော့မှတ်မိပါတယ်။ ယခင်က ဒီဘက်မှာ သူခိုးဓါးပြမရှိတဲ့အတွက် အခုလိုမျိုး ၀ါးလုံးလေးကာရုံသာကားထားကြတာလို့ ဆိုပါတယ်။ နောက်သတိရလို့ရေးရင် ဒီကျွန်းဟာဂျပန်နဲ့ ကပ်နေပြီးတော့ ဂျပန်တွေလိင်ကိစ္စနဲ့ အပျော်အပါးအတွက် လာရောက်ကြတာများတယ်လို့ ကြားဖူးတာပါ။ သို့သော် တရုတ်လူမျိုးတွေပဲ တွေ့ရတာများပါတယ်။ ဆိုးလ်မြို့ထဲက ဟိုတယ်အကောင်းစားတွေမှာတော့ ဂျပန်တွေပဲတွေ့ရတာများပါတယ်။ ကိုရီးယားနိုင်ငံက စာတမ်းဖတ်ပွဲတွေမှာ ဟောပြောဖို့ နိုင်ငံတကာပညာရှင်တွေကို ကျွန်တော့်ဆရာက ဖိတ်ခေါ်တဲ့အခါ ကျွန်တော်လေဆိပ်မှာသွားကြိုပြီး ဟိုတယ်မှာနေရာချထားပေးရလို့ ဆိုးလ်မြို့ထဲက ဟိုတယ်တွေတော်တော်ရောက်ဖူးပါတယ်။ သတိထားမိတာကတော့ ဂျပန်တွေချည်းတွေ့တာပါပဲ။

အဲ့ဒီလယ်ကွင်းတွေဆီကနေ ဟိုတယ်ကိုပဲ တန်းပြန်ခဲ့ကြပါတော့တယ်။ ညစာစားဖို့ကို ဆရာနဲ့ချိန်းထားလို့ဖြစ်ပါတယ်။ ဟိုတယ်ရောက် ရေမိုးချိုးပြီးတော့ ဆရာနဲ့အတူညစာစားဖို့ ထွက်လာခဲ့ကြပါတယ်။ ဒီကိုရောက်ရင် သားစိမ်းငါးစိမ်းစားရတာကို ကိုရီးယားတွေနှစ်သက်ပါတယ်။ ဆရာကအဆင်ပြေလားဆိုတော့ ကျွန်တော်တို့က ရပါတယ်လို့ပဲပြောလိုက်ပါတယ်။ တကယ်တော့ ကျွန်တော်လည်းစားလေ့မရှိသလို ဇနီးသည်ကလည်း လုံးဝမကြိုက်ပါဘူး။ ကျွန်တော်ကတော့ ကြိတ်မှိတ်ပြီးစားခဲ့ပါတယ်။ သားစိမ်းငါးစိမ်းကို ခပ်များများစားတာ ဒီတစ်ခါပထမဆုံးပါပဲ။ အရသာကတော့ ကောင်းပါတယ်။ ဇနီးသည်ကတော့ တခြားအသားစိမ်းမဟုတ်တဲ့ ပြောင်းဖူးတို့၊ ငုံးဥတို့၊ ထမင်းလိပ်တို့ကို အားပြုစားနေတာတွေ့ပါတယ်။

ညစာစား
အဲ့ဒီနောက်တော့ ဟိုတယ်ကိုပြန်ပြီး ဟိုတယ်ကဆိုင်မှာ တစ်ခုခုသောက်ဖို့ပြောပါတယ်။ ကျွန်တော်လည်း အအေးသောက်မယ်ဆိုပြီး အအေးသောက်ပါတယ်။ အဲ့ဒီမှာ ဖိလစ်ပိုင်လင်မယားနှစ်ယောက်က အင်္ဂလိပ်သီချင်းနဲ့ ဖျော်ဖြေနေတာရှိပါတယ်။ သီချင်းလည်း တောင်းလို့ရပါတယ်။ ကျွန်တော့်ဆရာကတော့ သူ့ရဲ့တစ်ပုဒ်ထဲသောသီချင်းဖြစ်တဲ့ Casablanca ကို တောင်းဆိုလိုက်ပါတယ်။ ကျွန်တော်ကတော့ ဆိုနေတဲ့သူတွေကို သနားလို့ မတောင်းဆိုတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ အိမ်သာဘက်ကို ခဏထအသွားမှာ Casino ခန်းမနားမှာဖြစ်တဲ့အတွက် အပေါက်ဝက စာတွေကို သွားဖတ်လိုက်ပါသေးတယ်။ ထူးခြားတာကတော့ Foreigners Only ပါတဲ့။ သူ့လူမျိုးတွေဆီကငွေမယူ၊ တခြားသူတွေဆီကပဲ ယူမယ်ဆိုတဲ့သဘောပါပဲ။ အဲ့ဒီညကတော့ ဆရာကသူငယ်စဉ်က အမေရိကားကိုသွားပြီး ပညာသင်တုန်းက ဘီစကစ်တွေဟိုမှာ ပေါပေါများများတွေ့ရတော့ အရမ်းကိုအံ့သြပျော်ရွှင်ခဲ့ရကြောင်းတွေပြောပြပါတယ်။ သူသွားတဲ့အချိန်က ၁၉၇၀ ၀န်းကျင်မှာပါ၊ အဲ့ဒီအချိန်က ကိုရီးယားနဲ့ အမေရိကားကွာခြားချက်တွေအကြောင်းပြောရင်း ကျွန်တော်တို့လည်း သူ့လိုပဲ Shock တွေအများကြီးရှိလိမ့်မယ်ဆိုတာ သူသိကြောင်းပြောပါတယ်။ 

ဆရာ့မှာကျွန်တော် သဘောအကျဆုံးအရည်အချင်းကတော့ လူကြီးလူကောင်းဆန်တာပါပဲ။ ဘယ်တော့ဖြစ်ဖြစ် အေးအေးဆေးဆေးနဲ့ပဲ စကားပြောပါတယ်။ ဒါဟာ ကျွန်တော်လေ့လာသင်ယူရမယ့် သူ့ရဲ့အကောင်းဆုံးအရည်အချင်းတစ်ခုပါပဲ။ ဆရာဟာ လေကြောင်းနဲ့ပက်သက်ရင် အင်မတန်သြဇာကြီးတဲ့ Anderson ဆိုတဲ့ပ္ဂိုလ်ဆီမှာ ပညာဆည်းပူးခဲ့တာပါ။ ဆရာဘိုးလှိုင်ကတော့ သူ့ဆရာဦးလှညွန့်ဟာ နူကလီးယားနဲ့ပက်သက်ပြီး နိုဘယ်ဆုရခဲ့တဲ့ ဂျပန်သိပ္ပံပညာရှင်ကြီးတစ်ဦးဆီမှာ ပညာဆည်းပူးခဲ့တာဖြစ်တဲ့အတွက် သူဟာလည်းစပ်မယ်ဆိုရင် ထိုပညာရှင်ကြီးရဲ့ မြေးတပည့်တော်တယ်လို့ အရွှန်းဖောက်ခဲ့ဖူးပါတယ်။ အဲ့ဒီလိုဆို ကျွန်တော်လည်း Anderson နဲ့ မြေးတပည့်တော်တယ်လို့ ပြောလို့ရပါတယ်။ (ဟာသအနေနဲ့သာပါ.. အငှားကြွားတာမျိုး ကျွန်တော်သဘောမကျပါဘူး)

တစ်နေကုန်လည်ပတ်ပြီး အဲ့ဒီညကတော့ အရမ်းအိပ်လို့ကောင်းပါတယ်။ နောက်နေ့မှာတော့ ဆိုးလ်ကိုနေ့လည်ခင်းလေယာဉ်နဲ့ပြန်မှာဖြစ်ပါတယ်။ နောက်တစ်နေ့ ၁၀ နာရီခွဲကို ဟိုတယ်ကထွက်ပြီး နာမည်ကြီးအသားကင်ဆိုင်ကို သွားစားကြဖို့ဆရာကပြောပါတယ်။


ပြန်မယ့်နေ့မနက်မှာတော့ အသားကင်ဆိုင်ဆီကို အထုပ်တွေပါတစ်ခါတည်းသယ်ပြီးတော့ ထွက်လာခဲ့ကြပါတယ်။ ဟိုရောက်မှတအံ့တသြတွေ့လိုက်ရတာကတော့ အသားကင်ဆိုင်ကြီးက မိုတယ်လောက်ကြီးကိုကြီးမားတာပါပဲ။ ဒီဘက်က၀က်သားဆိုင်၊ ဟိုဘက်မျက်စောင်းထိုးမှာက အမဲသားဆိုင်ဆိုပြီး သီးသန့်ဆိုင်ကြီးနှစ်ဆိုင်တောင်ရှိပါတယ်။ ဒီနိုင်ငံသားတွေက အသားတော့ တော်တော်ကိုစားကြတဲ့သူတွေပါပဲ။ ကျွန်တော်လည်း ဒီရောက်မှဝက်သားစပြီး စားတာဖြစ်ပေမယ့် ခုဆိုတော်တော်စားနိုင်လာပါပြီ။ 

အသားကင်ဆိုင်
         
ဆရာ

ဆရာနဲ့ကျွန်တော် ဟိုတယ်ထဲမှာ

ဝက်သားကင်နေရင်းနဲ့ ကိုရီးယားကျောင်းသားလေးတွေက ဒီဝက်တွေကိုဘယ်လိုမွေးတယ်ဆိုတာကို စပြီးပြောနေကြပါတော့တယ်။ ကျွန်တော်တို့ကို အားနာနေပုံပေါက်တာနဲ့ အဲ့ဒီအကြောင်းသိတယ် ပြောပါရတယ်ဆိုပြီးပြောလိုက်ပါတယ်။ ပြောရရင်တော့ အဲ့ဒီဆိုင်ကြီးကလည်း တရုတ်တွေပိုင်တဲ့ပုံပါပဲခင်ဗျာ။ ဆိုင်ရှင်စားပွဲထိုး၊ ဆိုင်အနေအထားတွေကို အကဲခတ်ကြည့်ရတာကတော့ တရုတ်တွေဆိုင်ပဲဖြစ်ဖို့များပါတယ်။ တကယ်ကို အံ့သြစရာကောင်းလှပါတယ်။ ဆရာကတော့ ကျွန်တော်ပြန်ရင်လည်း ဒါမျိုးဆိုင်မျိုးဖွင့်ဖို့ သူတို့ဆီကနေ အတုယူဖို့ပြောလာတာနဲ့ ဒါတရုတ်တွေဆိုင်လားလို့ မေးမလို့လုပ်နေတဲ့ ကျွန်တော့်ပါးစပ်လည်း ပိတ်လို့သွားပါတော့တယ်။

ဂျယ်ဂျူကနေဆိုးလ်ကိုပြန်လာတဲ့ အပြန်ခရီးစဉ်မှာတော့ ဟန်းနီးမွန်းမဟုတ်တဲ့ဒီဟန်းနီးမွန်းခရီးကို စိတ်ကျေနပ်ပုံပေါက်တဲ့ ဇနီးသည်မျက်နှာကိုကြည့်ပြီး တော်ပါသေးရဲ့လို့ သက်ပြင်းလေးခိုးချလို့ အတိုးချလို့ အိပ်လိုက်ပါတော့တယ်....။

 မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...