Saturday, December 22, 2012

ကိုရီးယားရောက် ဗုံကပ်တဲ့မြန်မာပတ်စာ

ကိုရီးယားသွားပြီး ဖျော်ဖြေရမယ်ဆိုပြီး သိလိုက်ကတည်းက အူကြီးနဲ့ဒူကြီးတို့ ညီအစ်ကိုနှစ်ယောက် တက်တက်ကြွကြွနဲ့ ပြင်ဆင်ကြသည်။ လိုအပ်တဲ့ဗုံ၊ လင်းကွင်း စသည်တို့ကို သေချာကျကျနန ထုပ်ပိုးပြင်ဆင်ကြသည်။ ဗုံတစ်လုံးရဲ့အသက်က ပတ်စာမှာရှိသည်ဆိုသည့်အတိုင်း ရယ်ဒီမိတ်နိုင်လွန်ပတ်စာလေးကို သေချာကျကျနန ကျွတ်ကျွတ်အိတ်ထဲထည့်ကာ သိမ်းဆည်းထားလိုက်သည်။ ကိုရီးယားမှာကျောင်းတက်နေတဲ့ နောင်တော်ကြီးတစ်ယောက်ကလည်း အစစအရာရာကူညီလှသည်။ သူ့ကိုလည်း ကိုယ့်ဖျော်ဖြေတဲ့ဝိုင်းထဲမှာ တစ်ယောက်အပါအ၀င်ထည့်ထား လိုက်သေးသည်။ ဒါ့ကြောင့် သူနဲ့တီးလုံးတိုက်ဖို့လုပ်ရသေးသည်။ အိုင်တီခေတ်ဆိုတော့ ထုံးစံအတိုင်းအွန်လိုင်းကနေတိုက်မယ်ပေါ့။ အင်တာနက်ဆိုင်သွား ဟိုရောက်တော့ ကိုယ်ကတီးလုံးမတိုက်ရဘဲ စက်ကချည်းပဲ ကလုံတုံတုံ..တက် ဟိုသံထွက်လာလိုက် ဒီသံထွက်လာလိုက်နဲ့ နောက်ဆုံးစကားပြောဖို့ စိတ်မရှည်တော့တာနဲ့ ဂီတနုတ်တွေပဲ အီးမေးနဲ့ပို့လိုက်တော့တယ်။ ကြည့်ထားနှင့် ဟိုရောက်မှတို့တီးလုံးတိုက်ကြမယ်လို့ပြောပြီး တပ်ခေါက်အိမ်ပြန်ခဲ့တော့တယ်။

လေဆိပ်ကိုသွားမယ့်နေ့တော့ ပုစဉ်းတောင်ဖင်ကြားမညှပ်ဖူးတဲ့ ဒူကြီးတို့ညီအစ်ကိုနှစ်ယောက် ကိုယ့်ထဲမှာနိုင်ငံတကာသွားဖူးတဲ့ အကယ်ဒမီဆုရှင် ဓီရာမိုရ်ဆီသွားပြီးပြင်ဆင်ကြတယ်။ အတွေ့အကြုံရှိတဲ့ နောင်တော်ကြီးကလည်း ကျောင်းကိုပင်မသွားဘဲ သူတို့ညီအစ်ကိုကို သေချာပြင်ဆင်ပစ္စည်းတွေ ထည့်ပေးပါတယ်။ မင်း လင်းကွင်းကဒီနားဒီလိုထည့်၊ ဗုံကိုတော့ ဒီနားမှာ၊ ပတ်စာလေးကို ဒီအတိုင်းထည့်လိုက်တယ်။ ဒီလိုမလုပ်ရင် ဘယ်လိုဖြစ်တတ်တယ် ဘယ်ညာဖြစ်တတ်တယ်ကလည်း သူကရှင်းပြနေသေးတယ်။ ကောင်းလိုက်တဲ့ နောင်တော်ကြီးတွေ ဒါ့ကြောင့်လည်း ကျောင်းတော်ကြီးနဲ့ သူမွေးဖွားပေးလိုက်တဲ့ သားသမီးတွေဟာ ခုချိန်ထိတစိတ်တစ်ဝမ်းတည်းလိုဖြစ်နေကြတာနေမှာလို့ ဒူကြီးလည်းတွေးမိနေတော့တယ်။

ဒီလိုနဲ့ချောချောမောမော လေယာဉ်ပေါ်ရောက် ထိုင်းမှာလေယာဉ်ပြောင်းတော့လည်း ဘယ်သွားလို့ဘယ်လာရမှန်းမသိ ဟိုမော့ဒီမော့နဲ့ အချိန်မီ လေယာဉ်စီးရမယ့်နေရာရောက်ဖို့ ခြေကုန်သုတ်ပြီး ပြေးလိုက်ရသေးတယ်။ ထိုင်းလေဆိပ်ဆိုတာကြီးမှန်းတော့သိတယ်.. သို့သော်ဒီလောက်ကြီး ကြီးမယ်လို့တော့ ဘယ်ထင်မလဲ။ ခုတော့ တစ်နေရာကနေတစ်နေရာရောက်ဖို့ နာရီဝက်လောက် လမ်းလျှောက်ရတယ်ဆိုတာ သိမှသိပဲကိုး။ လေယာဉ်မယ်လေးတွေကလည်း သူတို့ညီအစ်ကိုကို အများထက်ပိုပြီး ဂရုစိုက်နေသည်မှာလည်း ထူးခြားနေသည်။ ဒူကြီးစိတ်ထဲမှာတော့ မိန်းမရှိနေလို့သာပေါ့.. ကြည့်စမ်းငါတို့ကို လေယာဉ်ကနေကားပေါ်လိုက်ပို့တွေဘာတွေလုပ်နေတာ သိပ်တော့မရိုးသားလှဘူးလို့ ဒူကြီးထင်တယ်လေ။ တစ်သက်နဲ့တစ်ကိုယ် ခုလိုချစ်စရာအနိပ်ကလေးက ပြီတီတီလာလုပ်တာမျိုးမကြုံဖူးဘူး။ ခုမှ ဘယ်လိုဖြစ်တယ်မသိဆိုပြီး ကိုယ့်ရုပ်ကို လေယာဉ်ပြတင်းမှန်မှာ မမြင်မြင်အောင် ဒူကြီးကြည့်နေမိတယ်။ (အမှန်တော့ ပထမဆုံးလေယာဉ်စီးဖူးတဲ့သူဆိုရင် လေကြောင်းလိုင်းက လိုက်ပြီးကူညီပေးလေ့ရှိပါတယ်)

ကိုရီးယားအင်ချွန်းလေဆိပ်ကထွက်ပြီဆိုရင်ပဲ အသင့်စောင့်နေတဲ့ ဘူကြီးနဲ့တွေ့ပါလေရော.. ဘယ်ပြောကောင်းမလဲ ဟေးသယ်ရင်း.. အံမာမင်းက ကိုရီးယားလိုဘာလိုလို ခန့်ခန့်ကြီးဖြစ်လို့ပါလားကွဟေ..။ အံမာ မင်းတို့ညီအစ်ကိုလည်း လှလို့ဝလို့ပါလားကွ။ တောသူတောင်သားတို့ ထုံးစံအတိုင်း ဘေးလူတွေကိုမေ့ပြီး စကားတွေကျယ်ကျယ်လောင်လောင်ပင် တသောသောပြောကြလေတော့သည်။ ဒီညတော့ ဘော်ဒါဘော်ကျွတ်တို့ ထုံးစံအတိုင်း ကဲကြပြဲကြလေတော့သည်။ ပါလာသောအထုပ်များပင် မဖြေနိုင်သေးပဲ သောက်ကြစားကြမူးကြ လေတော့သည်။ အရှိန်လေးရလာတော့
"ဟေ့ကောင် ဘူကြီး.. ဒီပုလင်းစိမ်းစိမ်းလေးက သောက်တဲ့ဆိုးဂျုဆိုတော့ ဒီပုလင်းမှာပတ်ထားတဲ့ကောင်မလေးက စားတဲ့ဆိုးဂျုလားကွ..အေ့" မူးလာရင်ဇာတ်လမ်းလေးက စလာလေပြီ။ ပုလင်းမှာကြော်ငြာအနေနဲ့ ကပ်ထားတဲ့အဆိုတော့မလေးကို ကြည့်ကာ ရွာကဆိုးလ်ကို ရောက်လာတဲ့ ဒူကြီးတို့ညီအစ်ကို သဘောတွေခွေ့ကာ တောပြောတောင်ပြောနဲ့ တခစ်ခစ်ရယ်နေကြပါတော့တယ်။

စားလို့ကောင်းသောက်လို့ကောင်းနဲ့ ဟိုတယ်ကြီးပေါ်မှာ ပျော်ပါးနေရင်းညဉ့်နက်အချိန်မတော်ေ၇ာက်မှ မနက်ဖြန်ဖျော်ဖြေရမယ့်ကိစ္စက ခေါင်းထဲရောက်လာကြကာ ဒူကြီးက

"ဘူကြီး မင်းငါပေးထားတဲ့နုတ်တွေကြည့်ထားလား..
အေး.. မင်းပို့လိုက်တုန်းကတော့ ခဏကြည့်ဖြစ်သေးတယ်။ သေချာတော့ မကြည့်ဖြစ်သေးဘူးကွ
ဟ... သေပြီပဲကွ ငါတို့တစ်ခေါက်လောက်တော့ တိုက်ကြည့်ဦးမှထင်တယ်ကွ.. ငါတို့ညီအစ်ကိုက မင်းနဲ့တွေ့တဲ့ည ဒို့တွေသေချာတိုက်ကြမယ်ဆိုပြီး စီစဉ်ထားတာကွ.. အေ့ "  အရည်နဲနဲဝင်လာတာနဲ့ မျက်နှာကြီးနီမြန်းပြီး အာလေးလျှာလေးဖြစ်နေသော ဒူကြီးကစိုးရိမ်တကြီးပြောလိုက်တယ်ဆိုရင်ပဲ ကိုရီးယားကြောကြေတဲ့ ဘူကြီးက
"လုပ်မနေပါနဲ့ကွာ သဘာလေးနဲ့ လုပ်လိုက်ကြတာပေါ့.. မင်းတို့ညီအစ်ကိုကြည့်ရတာလည်း အခြေအနေမဟန်တော့ဘူး ။ တီးလုံးတိုက်ဖို့နေနေသာသာ ၀ါးလက်ခုတ်တောင် နိုင်ကြတော့မယ့်ပုံမပေါ်ဘူး ခုအိပ်လိုက်ကြတော့ မိုးလင်းမှအစောထပြီး ဒို့နဲနဲညှိကြတာပေါ့" အစစပေါ့ပေါ့တွေး ပေါ့ပေါ့နေတတ်သော ဘူကြီးရဲ့ပါးစပ်က ထွက်နေကြစကားတွေထွက်လာတယ်ဆိုရင်ပဲ အစကတည်းက ကျိုးချင်နေသော ဒူကြီးတို့ညီအစ်ကို ကုတင်ပေါ်မှောက်လျက်လှဲကွာ အိပ်ပျော်သွားကြတော့တယ်။

"ဟေ့ကောင်ဒူကြီးလုပ်ပါဦး.. ဟေ့ကောင်ထထစမ်းပါဦးကွ ငါ့ပုဆိုးဘယ်ရောက်နေမှန်းမသိလို့ကွ" မနက်စောစောစီးစီး နိုးလာသော ဒူကြီးရဲ့အစ်ကိုရဲ့ ပြာပြာသလဲအော်သံကြောင့် ဒူကြီးမျက်စိကို ပွတ်သပ်ထကာ ကြည့်လိုက်ရင်း...
"ဟာဗျာ.. အစ်ကိုကတော့ လုပ်တော့မယ်.. အခုကျွန်တော်တို့ ဆိုးလ်ရောက်နေတာလေ အစ်ကို့ခါးမှာ အစ်ကိုကြိုက်တဲ့ ဂျင်းဘောင်းဘီကြီးနဲ့လေ သေချာကြည့်ပါဦး" လို့ပြောလိုက်မှ အူကြီးလည်း အိပ်ချင်မူးတူးနဲ့ ခါးကပုဆိုးခါးပုံစကိုဆွဲနေပေမယ့် ခါးပုံစမပါလာရတဲ့အကြောင်းကို သဘောပေါက်သွားတော့တယ်။
"အော် အေးဟုတ်သားပဲ.. ဒါနဲ့ဟိတ်ကောင် အိပ်မနေနဲ့မြန်မြန်ထဟ တီးလုံးလေးပါလေးတိုက်ရဦးမှာ ပစ္စည်းတွေလည်း အိတ်ထဲကတောင် မထုတ်ရသေးဘူး" အကြီးပီပီ ပူပန်တတ်သော အူကြီးကသတိပေးကာ ထခိုင်းတော့မှ ဒူကြီးလည်း လူးလဲထကာ ဟိုကောင်ဘူကြီးကိုပါနှိုးလိုက်တော့တယ်။

မျက်နှာသစ်ပြီးတော့ သုံးယောက်သား ဟိုတယ်မနက်စာပြေးပြီးစားကြတယ်။ သုံးယောက်သား စားသောက်နေရင်းနဲ့ ရွာမှာရေရွတ်နေကြဖြစ်တဲ့ ငါတို့တော့ ခွေးဘုရားပွဲတွေ့နေသလိုပဲဟေ့လို့ပြောပြီး သုံးယောက်သားရယ်မောနေကြလေတော့တယ်။ စားသောက်ပြီး အခန်းကိုခပ်သုတ်သုတ်ပြန်လာကာ ပစ္စည်းတွေကိုတစ်ခုချင်းထုတ်ကြတယ်။ အကယ်ဒမီဆရာကြီးက သေချာစွာအစီအစဉ်တကျ ထည့်ပေးလိုက်တာဖြစ်တဲ့အတွက် သူတို့အိတ်တွေဟာ အင်မတန်မှကိုစည်းကမ်းကျနနေတော့တယ်။

"ကဲ ဒီဟာက.. ၀ါးလက်ခုပ်။ ဒါကလင်းကွင်း... ဒါကဒိုးပတ်.." စသဖြင့် တစ်ခုချင်းထုတ်ကာ တစ်ချိန်မှာတော့ အူကြီးဆီက အသံနက်ကြီးထွက်လာတော့တယ်။
"ဟေ့ကောင် ဒူကြီး ပတ်စာ ပတ်စာက ဘယ်အိတ်ထဲမှာတုန်းဟ"
"ဟာ အစ်ကိုကလည်း ဒိုးပတ်အိတ်ထဲမှာလေ ကျွတ်ကျွတ်အိတ်ကလေးနဲ့ ကိုဓီရာမိုရ်ကြီးသေချာ ထည့်ပေးလိုက်တာလေ.. ပျောက်မှာစိုးလို့ မထည့်ခင်တောင် သေချာပြသေးတယ်လေ"
"အေး အဲ့ဒါငါသိတယ်ပါတယ်ဟ.. အခုရှာလို့မတွေ့ဘူး ဖြစ်နေတယ်ကွ မင်းလာကြည့်ကြည့်စမ်း"
အဲ့ဒီမှာပဲ ဒူကြီးလည်း ထိတ်ထိတ်ပြာပြာဖြစ်သွားကာ အပြေးလာကြည့်ရင်း
"ဟာ အစ်ကို ဟုတ်တယ်ဗျ မတွေ့ဘူး။ ပစ္စည်းတွေကလည်း သူ့နေရာနဲ့သူမရှိဘူးနော်"

အဲ့ဒီမှာ ဘူကြီးက
"ခင်ဗျားတို့ ပစ္စည်းတွေကို မသင်္ကာလို့ စစ်ကြည့်တာဖြစ်မယ်ဗျ.. ပတ်စာထုပ်ကိုတော့ အမှိုက်ထင်ပြီးတော့ သူတို့ လွှင့်ပစ်တာဖြစ်မယ်ဗျ" လို့ရှင်းပြလိုက်တဲ့အခါ ဒူကြီးတို့ညီအစ်ကိုနှစ်ယောက် နေမထိထိုင်မသာဖြစ်ကုန်ကြပါတော့တယ်။ အဲ့ဒီမှာ အကြီးဆုံးဖြစ်တဲ့ အူကြီးက
"ပတ်စာမပါရင် တီးလို့မှမရတာ..အဲ့ဒီတော့ ပတ်စာရအောင်ဘယ်လိုလုပ်ကြမလဲ စဉ်းစားကြကွ"
အားလုံးပြူးပြူးပြာပြာဖြစ်ကာ တီးလုံးတိုက်ဖို့ကိုပင် အာရုံမရှိတော့ဘဲ ပတ်စာရရေးသည်သာ ပထမဦးစားပေးကိစ္စဖြစ်လေတော့သည်။ အဲ့ဒီအချိန်မှာပဲ ဘူကြီးက
"ဒီမှာတော့ ပတ်စာလုပ်လို့မလွယ်ဘူး.. ပီကေနဲ့ကပ်ကြည့်ရင်မကောင်းဘူးလားလို့" ပြောကာ ပီကေကိုပြေးဝယ်ကာ
"ရော့.. အားလုံးအတတ်နိုင်ဆုံး အချိုတွေကုန်အောင် မြန်မြန်ဝါးကြပေတာ့" ဆိုပြီး သုံးယောက်သား ပီကေတွေကိုဝါးကြလေတော့တယ်။ တစ်သက်လုံး ပီကေမကြိုက်တတ်သော ဒူကြီးနဲ့အူကြီးတို့ ညီအစ်ကိုဆိုလျင် ပါးစပ်မှပျို့အံထွက်မလိုပင်ဖြစ်လာလေတော့သည်။ သို့သော်လည်း သည်းညည်းခံကာ အားကုန်ဝါးကြလေတော့သည်။

ပီကေနှစ်ထုပ်ခန့်ဝါးပြီးသောအခါ ဗုံကိုကပ်ကာ စမ်းသပ်တီးကြည့်လိုက်တယ်ဆိုရင်ပဲ ပီကေကြီးကဘက်ကနဲ အဝေးကိုလွင့်ထွက်သွားလေတော့သည်။

ဒါနဲ့နောက်တစ်မျိုးစဉ်းစားကြရပြန်လေသည်။

"ဒါဆို ဒီလိုလုပ်ကွာ.. အဓိကလိုတာက ပြာပဲမဟုတ်လား.. အဲ့ဒီတော့ပြာရအောင် ငါတို့သုံးယောက်သား ဆေးလိပ်ဘူးဝယ်ပြီးဖွာကြမယ်လေ။ ပြာရရင် ထမင်းနဲနဲဝယ်ပြီးတော့ ထမင်းနဲ့နယ်ကြမယ်"

"ဟာဟုတ်တယ် ဟုတ်တယ်။ " အူယားဖားယားထောက်ခံသံကြီးက ဒူကြီးဆီကနေထွက်လာတယ်။
အဲ့ဒီမှာပဲ ဆေးလိပ်တစ်ဘူးဝယ်ကာ အူကြီး၊ ဘူကြီးနဲ့ဒူကြီးတို့ သုံးယောက်သား အိမ်သာတစ်ခုထဲသို့ဝင်ကာ အပြိုင်အဆိုင်ဖွာကြလေတော့သည်။ ခဏလောက်နေတော့ အိမ်သာခန်းကြီးထဲမှာ မီးခိုးလုံးတွေကပြည့်လာပြီး ချောင်းတွေပင်ဆိုးလာလေတော့သည်။

"အဟွတ် အဟွတ်.. ဟ ဟ ဟပ်ချိုး"
"ဟဟဟ နေဦးဟ တအားကြီးလည်း ဖွာလို့မကိုက်သေးဘူးကွ ကိုရီးယားကအဆောက်အဦးတွေက မီးလောင်တယ်ထင်ရင် အမိုးကရေတွေအလိုလိုထွက်လာတတတ်တယ်ကွ ဒါ့ကြောင့် တစ်ယောက်တစ်လဲပြောင်းဖွာကြကွာ" ဆိုပြီး အနေကြာပြီဖြစ်တဲ့ ဘူကြီးကသတိပေးကာ အကြံပြုလိုက်တယ်။ ဒီလိုနဲ့ ဆေးလိပ်တစ်ဘူးကုန်တဲ့အထိ သုံးယောက်သားဖွာပြီးနောက်
 "ဟာ.. တစ်ဘူးလုံးကုန်တာတောင် ပြာလေးကနှမ်းစေ့လောက်ပဲရတယ်ကွ
မင်းကလည်း စီးကရက်က ပြာဘယ်လောက်မှရမှာမဟုတ်ဘူးလေ
ဒါဆို ဘယ်လိုလုပ်ကြမလဲ အချိန်ကလည်း နီးနေပြီဟ" စသဖြင့် တစ်ယောက်တစ်ပေါက်ပြောဆိုနေကြရင်း
"ဒါဆို ရှေ့မှာရှိတဲ့ ပန်းခြံအသေးလေးထဲသွားပြီး သစ်ကိုင်းခြောက်လေးဘာလေးရှာပြီး မီးရှို့ကြတာပေါ့"
"အေး အေး အဲ့ဒီအကြံကောင်းတယ် မြန်မြန်ဆင်းကြ ဆင်းကြ" ဆိုပြီး သုံးယောက်သား ရှေ့မှာရှိနေသော ပန်းခြံလေးထဲသို့သွားကာ သစ်ရွက်သစ်ကိုင်းခြောက်လေးများ ရှာဖွေစုဆောင်းကာ မီးရှို့ကြလေသည်။
ဘူကြီးက ဟိုတယ်ထမင်းဆိုင်ကို ပြန်သွားကာ ထမင်းဝယ်ဖို့ပြောရာ အစောကလေးတင် ထမင်းလာစားသွားပြီး အခုထမင်းလာတောင်းနေသော သူ့ကို နားမလည်သလိုလို ကြည့်နေသောဆိုင်ရှင်က အလကားပေးလိုက်လေသည်။ သူ့ကို သနားကမားပုံစံမျိုးကြည့်နေသော ဆိုင်ရှင်ကိုလည်း ဒေါသမထွက်အားပဲ ထမင်းထုပ်လေးဆွဲကာ ပန်းခြံထဲသို့အပြေးသွားရလေသည်။
မီးရှို့လို့ရတဲ့ပြာရယ် ဆေးလိပ်ဖွာရာကရတဲ့ပြာအနည်းငယ်ရယ်ကို အမြန်အမြန်ထမင်းနဲ့ နယ်ကြလေတော့သည်။ နောက်တစ်နာရီခန့်ဆိုလျင် စဉ်ပေါ်တွင်ဖျော်ဖြေရမည်ဖြစ်သော ဒူကြီးတို့တတွေခမျာ ခုချိန်ထိပင် ဗုံကပ်ရန်ပတ်စာကိုနှပ်နေရင်း လက်များလည်းမဲတူးနေလေတော့သည်။

ထိုစဉ် သူတို့ကို ကူညီအုပ်ချုပ်ရန်ထားပေးထားသော တာဝန်ခံက သူတို့သုံးယောက်ကို အသည်းအသန်လိုက်ရှာနေလေသည်။ ဟိုတယ်ခန်းမှာကလည်းမရှိ ထမင်းစားတဲ့နေရာမှာလည်းမရှိသဖြင့် စိတ်ပူပန်နေရာမှ အပြင်ကိုလှမ်းကြည့်လိုက်တော့ မီးခိုးလုံးများတလိပ်လိပ်တက်နေသော ပန်းခြံထဲက သူတို့သုံးယောက်ကိုမြင်သွားပြီး အပြေးအလွှားလာတားလေတော့သည်။ ကိုရီးယားတွင် လွယ်လွယ်ကူကူ မီးရှို့၍မရတာကို မသိသောဒူကြီးတို့အတွက်မသိသာပေမယ့် ကိုရီးယားရဲ့ဒဏ်ငွေအကြောင်းသိသော တာဝန်ခံခမျာ အလွန်အမင်းပြာပြာသလဲဖြစ်ကာ မီးတွေကိုချက်ချင်းငြိမ်းပစ်လေသည်။ ဘာ့ကြောင့်မီးရှို့ကြတာလဲဆို၍မေးသောအခါ စကားနဲနဲရသော ဘူကြီးကနေရှင်းပြရလေသည်။ မိမိတို့ရိုးရာဗုံများတွင် ထိုကဲ့သို့သော ပစ္စည်းတစ်မျိုးလိုအပ်ကြောင်း ဒါ့ကြောင့်ပြာရအောင် အမြန်ကြံစည်ရခြင်းဖြစ်ကြောင်း ရှင်းပြတော့မှဇာတ်ရည်လည်သွားတော့သည်။ သဘောကျသွားသော တာဝန်ခံအရာရှိက ဓါတ်ပုံရိုက်ပါရစေဆိုပြီး သူ့ဖုန်းနဲ့ဓါတ်ပုံရိုက်ရာ ဒူကြီးကသူ့ရဲ့ပေပွလံနေသော လက်ကလေးကို အသာလှပ်ပြကာ ဓါတ်ပုံအရိုက်ခံလိုက်လေသည်။ ထို့နောက် သူတို့ရီဟာဇယ်လုပ်ဖို့ အချိန်ဖြစ်တဲ့အတွက် လိုက်ခဲ့ကြဖို့ခေါ်လေတော့သည်။

သုံးယောက်သား ရီဟာဇယ်လုပ်ဖို့အတွက် ပတ်စာကမလုံလောက်။ ပတ်စာကိုအပြည့်မကပ်နိုင် တစ်ဝက်သာကပ်ထားလိုက်သည်။ ဒါတောင် တခြားတစ်ဘက်အတွက် မလောက်သဖြင့် ၀ါးထားသောပီကေနှင့် ပီကေအခွံမှာပါသော ငွေရောင်အပြားလေးကို ကပ်လိုက်လေသည်။ တီးကြည့်လိုက်တော့ အဲ့.. အသံကတော့ ထွက်သားဟ။ တုံ တုံ တုံ။ သို့နှင့် စင်နောက်တွင် သူတို့သုံးယောက် ရီဟာဇယ်လုပ်ကြလေသည်။ ဗုံကလည်း တီးရင်းတီးရင်းနဲ့ ပတ်စာများက မသပ်ရပ်သဖြင့် လက်တွင်တဖြည်းဖြည်း မဲလာလေသည်။ ဒါကို အလိုက်မသိသော ကိုရီးယားများက အနားလာလာကပ်ကြည့်သဖြင့် မသိမသာဟိုလှည့်ဒီလှည့်လုပ်ကာ တီးခတ်နေ၇လေသည်။


ဒူကြီးခမျာ ကိုယ့်အဖြစ်ကိုသနားနေရင်း တခြားသော နာမည်ကြီးဆိုင်းဆရာ မြန်မာပြည်ကျောက်စိမ်းအဖြစ်ကိုတွေးကာ စိတ်ဖြေရလေသည်။ ဆိုင်းဆရာကြီးခမျာ တစ်ခါတုန်းက ဂျာမနီတွင်သွားရောက်ဖျော်ဖြေဖို့အတွက် သူ့ဆိုင်းဝိုင်းကြီးကို သေချာစွာထုပ်ကာ ပုံးကြီးတွင် ကျောက်စိမ်းဟူ၍ နာမည်ကြီးကို ခန့်ခန့်ညားညားကြီးကပ်လိုက်လေသည်။ ဂျာမနီလေဆိပ်ရောက်တော့ ပစ္စည်းထုတ်ရာ ဒီလေယာဉ်လည်းမပါ ။ နောက်လေယာဉ်လည်းမပါဖြစ်နေရာ နောက်နေ့ဖျော်ဖြေရမည့်နံနက်အထိပင် သွားရောက်စောင့်ဆိုင်းရလေသည်။ ထိုအချိန်ထိပင် ဆိုင်းဝိုင်းကြီးက ရောက်မလာသဖြင့် နိုင်ငံကျော်ဆိုင်းဆရာကြီးခမျာ စင်ပေါ်တွင်ငုတ်တုတ်ကလေးထိုင်ကာ လက်ထဲတွင်ရှိသော စည်းနဲ့ဝါးလေးကိုတီး၍ သီဆိုဖျော်ဖြေကာ ပြန်ခဲ့ရလေသည်။ နောက်ရက်တွေရောက်မှ သူ့ရဲ့ဆိုင်းဝိုင်းကြီး၏အဖြစ်သနစ်ကိုသိရသည်မှာ ပုံးကြီးတွင်လိပ်စာမပါသဖြင့် အီဂျစ်မှရှေးဟောင်းပစ္စည်းကြီးထင်သဖြင့် အီဂျစ်လေယာဉ်ပေါ် တင်ပေးလိုက်မိခြင်းဖြစ်ကြောင်း သိရလေသည်။

ထိုနိုင်ငံကျော်ဆိုင်းဆရာကြီး၏အဖြစ်ကိုတွေးရင်း ဗုံတီးနေသောဒူကြီးစိတ်ထဲမှာတော့
"သူနဲ့စာရင် ငါ့အဖြစ်ကတော်ပါသေးတယ်လေ" ဟုတွေးကာ ပြုံးပြုံးကြီးသာ တီးခတ်နေပါလေတော့သည်။


(အဖြစ်မှန်တွေပြောပြပေးတဲ့ ဘော်ဒါတွေကို ကျေးဇူးအထူးတင်ပါတယ်)

မောင်မျိုး(စက်မှု)





No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...