Wednesday, December 26, 2012

သူရဲကောင်းဆိုတာ

ယခင်ကဗျာလေးတစ်ခုဖတ်ဖူးပါတယ်။ အဆုံးသတ်လေးက ရသလည်းမြောက်လို့ စိတ်ထဲမှာစွဲစွဲမြဲမြဲကို မှတ်မိနေတဲ့အခန်းလေးပါ။ သားငယ်နဲ့ သူ့ဖခင်နဲ့ဟာ မြစ်ကမ်းနဖူးပေါ်မှာထိုင်ပြီးတော့ ကောင်းကင်ကျယ်ကြီးထဲက ကြယ်တွေကိုမော့ကြည့်နေကြတယ်ပေါ့။ သားငယ်က ကြယ်တွေနာမည်ကိုမေး ဖခင်ကြီးကပြောပြနေရင်းနဲ့ တစ်ချိန်မှာတော့ သားငယ်လေးက ကြယ်တွေမှာနာမည်ရှိတယ်ဆိုရင် သားနာမည်နဲ့ကြယ်လည်းရှိမှာပေါ့ဆိုပြီးမေးလိုက်ပါတယ်။ ဘာ့ကြောင့်ရယ်မသိ အဲ့ဒီနေရာလေးမှာ ကျွန်တော်အတော်လေးကို အရသာတွေ့သွားပြီး တွေးစရာတွေလည်း တဖွားဖွားပေါ်လာခဲ့ပါတယ်။


ညအမှောင်ထဲမှာ ဖအေနဲ့သားနဲ့.. ပြီးတော့တိတ်ဆိတ်တဲ့ မြစ်ကမ်းဘေးလေးမှာ.. ဖအေကသားကို နွေးထွေးစွာရင်ခွင်ထဲထည့်ထား (အိပ်ချင်မူးတူးအချိန်လေးမှာ ဖခင်ကကိုယ့်ကို ချီပွေ့ထား ပြီးရင်ဖခင်ကို မေးချင်တာတွေမေးနေတဲ့အရသာကို ခံစားဖူးသူတိုင်း အရမ်းကိုနှစ်သက်မြတ်နိုးကြမှာပါ) ကြည့်နေတာက လောကအလယ်အပြောကျယ်လှတဲ့ ကြယ်တွေရံတဲ့ ကောင်းကင်ပြင်ကြီး၊ အဲ့ဒီလိုအချိန်မှာ ကလေးလေးမေးလိုက်တဲ့မေးခွန်းက "ကောင်းကင်ယံကကြယ်တွေထဲမှာ သားနာမည်နဲ့ကြယ်ကော ရှိမှာပေါ့နော်အဖေ" ဆိုတဲ့သားငယ်ရဲ့ ရိုးစဉ်းတဲ့မေးခွန်းလေး။ အဲ့ဒီမှာ အဖြေရကြပ်သွားတဲ့ဖခင်ရဲ့... အထစ်ထစ်အငေါ့ငေါ့ "တစ်နေရာမှာတော့ ရှိမှာပေါ့သားရယ်" ဆိုတဲ့အဖြေ။ ဘာ့ကြောင့်မှန်းမသိ ဒီနေရာလေးဟာ ကျွန်တော့်အတွက် အခံစားရဆုံးနေရာလေးနဲ့ တွေးလို့အကောင်းဆုံး နေရာလေးဖြစ်သွားပါတယ်။

ကြယ်ဆိုတာ အောင်မြင်ခြင်းကို ကိုယ်စားပြုတာမဟုတ်လား။ ကိုယ့်နာမည်ရေးထိုးထားတဲ့ ကြယ်လေးဟာ တစ်နေရာရာမှာရှိတယ်တဲ့.. ဒါ့ကြောင့် ကလေးဘ၀ကစလို့ ကျွန်တော်တို့နာမည်တပ်ထားတဲ့ကြယ် တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်အားသွန်ခွန်စိုက် သွားနေကြသည်ပဲ။ ကျယ်ပြောလှတဲ့ လောကပင်လယ်ကြီးအလယ်မှာ ကူးခတ်ရုန်းကန်လှုပ်ရှားကြရင်း တစ်ချိန်မှာတော့ ကျွန်တော်တို့တွေ သူရဲကောင်းတွေ ဖြစ်တဲ့သူကဖြစ်၊ ဗီလိန်တွေဖြစ်ကြသူတွေကဖြစ်နဲ့ လူတစ်ယောက်ရဲ့ ဇွဲ၊ လုံ့လ၊ သံဓိဌာန်ပေါ်မူတည်ကာ အမျိုးမျိုးကွဲပြားကုန်ကြလေသည်။


သူရဲကောင်းဆိုတဲ့သူဟာ ဘယ်လိုလူလဲ၊ သူနဲ့တွေ့ချင်၊ မြင်ချင်၊ သင်ယူချင်လွန်းလှသည်။ ထိုသောအခါ ကျွန်တော်တို့တစ်တွေဟာ ကဗျာထဲက ကလေးငယ်လေးလို ဟိုးအဝေးကြီးက ကောင်းကင်ပြင်မှာ လိုက်ရှာတတ်ကြလေသည်။ ဟိုးအဝေးက မမြင့်တမြင်လေးနားကဟာက သူရဲကောင်းလား၊ ဟိုနားကမှိတ်တုတ်ကလေးက သူရဲကောင်းလေးများလားလို့ အဝေးရောက်ပန်းကို လှမ်းမျှော်ကြည့်ရှုကြလေသည်။ ကျွန်တော်လည်း ထိုကဲ့သို့သော အကျင့်မျိုးကို ဘ၀တစ်ကွေ့အထိ ကျင့်သုံးခဲ့ဖူးလေသည်။ သို့သော် မိခင်ကြီး၏ပြောစကားတစ်ခွန်းဟာ ကျွန်တော့်အယူအဆကို အပြီးတိုင်ပြောင်းလဲစေခဲ့ပါတယ်။ တစ်နေ့မှာ မိခင်ကြီးကကျွန်တော့်ကို "ငါ့သား သူရဲကောင်းဆိုတာ ခပ်ဝေးဝေးကို လှမ်းကြည့်နေစရာမလိုဘူး။ သားရဲ့ဘေးနားမှာပဲ သူတို့ရှိတယ်သား" ဟူ၍ ဥာဏ်အလင်းဖွင့်ပေးခဲ့ပါတယ်။

အဲ့ဒီအခါမှ သေချာပြန်ဆန်းစစ်ကြည့်တဲ့အခါမှာ အမေ့စကားဟာ အထူးတလည်မှန်ကန်နေတာကို တွေ့လာရတော့တယ်။ ဟုတ်တယ်... ကျွန်တော်တို့ကို မမောမပန်း ရှာဖွေကျွေးမွေး ပညာတွေသင်ပေးတဲ့ အမေနဲ့အဖေဟာ သူရဲကောင်းတွေပေါ့။ အိမ်ဘေးက စစ်ပွဲမှာမိုင်းမှန်ပြီး ခြေတစ်ဖက်ဖြတ်ထားရတဲ့ လူမသိသူမသိ စစ်သားကြီးဦးဘယ်သူဟာ သူရဲကောင်းကြီးပဲ။ ဟိုနားက ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာလေးကလည်း သူရဲကောင်းပေပဲ၊ လောကမှာအောင်မြင်နေတဲ့သူတွေဟာ ယခင်ကသူလိုကိုယ်လို လူလေးတွေကနေပဲ အချိန်ကာလကြာလာတာနဲ့အမျှ သူတို့တွေတဖြည်းဖြည်း အောင်မြင်မှုတွေရလာကာ ထင်ထင်ရှားရှားသူရဲကောင်းကြီးတွေအဖြစ်ကို ရောက်ရှိလာကြတာပါလားလို့ အမေ့စကားကြားရပြီးနောက်ပိုင်းမှာ ကျွန်တော်အလေးအနက်ဆင်ခြင်မိလာပါတော့တယ်။ အဲ့ဒီအချိန်ကစလို့ ကျွန်တော့်အတွက်တော့ ကျွန်တော့်ပတ်ပတ်လည်က သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေဟာ (အနည်းဆုံးတစ်နေ့နေ့ တစ်နေရာရာမှာ) သူရဲကောင်းတွေပါလားလို့ စတင်ခံစားလာရပါတယ်။

ကျွန်တော့်ဘေးက လူတွေဟာ သူရဲကောင်းတွေပါလို့ ခံစားလာရလို့ ကိုယ်ကိုယ်တိုင်လည်း အားတက်သလို သူတို့နဲ့ပက်သက်ရင်လည်း အမြဲတမ်းလို အလေးထားစဉ်းစားပေးတတ်ပြီး ကူညီရိုင်းပင်းတတ်လာပါတော့တယ်။ လူတွေဟာ အနီးကိုမေ့ထားပြီး အဝေးကိုမျှော်လေ့ရှိကြပါတယ်။ အထူးသဖြင့် ယခုလိုအိုင်တီခေတ်ကြီးမှာဆို သာလို့ဆိုးရွားလှပါတော့တယ်။ ကိုယ့်အနီးအနားက မိတ်ဆွေအပေါင်းအသင်းရောင်းရင်းတွေကို ပစ်ပယ်ထားတတ်ပြီး အဝေးကလူကိုသာ တောင့်တနေတတ်ကာ အွန်လိုင်းပေါ်မှာသာ အလွန်အကျူးပျော်မြူးတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ဘေးနားမှာရှိတဲ့သူကို သင်ကြင်နာပါ။ ယုယပါ။ ခင်ခင်မင်မင်ပေါင်းသင်းပါ။ ဂရုစိုက်ပါ။ သင့်ဘေးနားကလူဟာ သင့်ဘ၀အတွက် အရေးအကြီးဆုံးလူပါ။ ဟိုး.. အဝေးကြီးကို သိပ်မျှော်ကြည့်မနေပါနဲ့။ အဝေးက ကြယ်မင်းပိုမလင်းပါ။
"သူရဲကောင်းဆိုတာ ဟိုးအဝေးကြီးမှာမဟုတ်ပါ၊ တကယ်တော့ သင့်ဘေးနားကလူပါ"

မောင်မျိုး(စက်မှု)


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...