Thursday, December 27, 2012

တောင်ကိုရီးယားရဲ့ ပြည့်တန်ဆာလုပ်ငန်း

ခေါင်းစဉ်ကိုဖတ်ပြီးတော့ ဟာ.. ဒီခေါင်းစဉ်ကို ရေးနိုင်မှတော့ ဒီလိုင်းမှာတော့ ဆရာကြီးထင်တယ်လို့ တွေးမိကြမှာပါပဲ။ အဲ့ဒီလိုတွေးလိုက်ရင်တော့ အမှားကြီးမှားသွားပြီဗျ။ ကျွန်တော်လူလည်ကြီးခမျာ လေးနှစ်ကျော်ကြာမှ ကိုယ်အိမ်နဲ့ကျောင်းနဲ့ကူးနေတဲ့လမ်းမှာ ဒါမျိုးလေးတွေ ချပေးထားတယ်ဆိုတာကို သူများပြောလို့ သိခဲ့ရတာပါ။ ကိုယ့်ဟာကိုယ် အဲ့ဒီလောက်တုန်းမှန်း အရင်ကတကယ်ကို မသိခဲ့တာပါ။

ကျောင်းနဲ့အိမ်နဲ့ကြားထဲမှာ လမ်းဆုံတစ်ခုကိုဖြတ်ရပါတယ်။ လမ်းနှစ်လမ်းကြိုက်တဲ့လမ်းက ရွေးပြီးပြန်လို့ရပါတယ်။ ပထမတစ်လမ်းကတော့ ဆူပါမားကတ်တွေရှိတဲ့ဘက်ပါ။ အဲ့ဒီလမ်းဆုံကိုရောက်တိုင်း ကျွန်တော်ကတော့ လှည်းတန်းလမ်းဆုံကို ပြေးပြေးပြီးတော့ မြင်ယောင်နေမိတတ်ပါတယ်။ လမ်းဆုံရဲ့ ဒီဘက်အခြမ်းက ကျွန်တော့်တက္ကသိုလ်ကြီး တခြားဘက်အခြမ်းမှာက ဈေးဝယ်စင်တာတွေနဲ့ဆိုတော့ လှည်းတန်းလမ်းဆုံ ရောက်နေသလိုပါပဲ။ အဲ့ဒီမှာဈေးဝယ်စင်တာနှစ်ခုအပြိုင် လမ်းဆုံမှာရှိပါတယ်။ ကိုရီးယားရဲ့နာမည်ကြီး E-Mart နဲ့ Lotte Department Store တို့ပါပဲ။ Lotte ထဲမှာရောင်းတာကတော့ တစ်ထည်ကို ဒေါ်လာထောင်ချီတန်တဲ့ ပစ္စည်းတွေပါပဲ။ အ၀တ်တစ်ထည်ကို သိန်းသုံးလေးဆယ်ပေးဝတ်တဲ့ လူတန်းစားတို့ ကျင်လည်ကျက်စားရာပေါ့။ လူလတ်တန်းစားတွေကတော့ အဲ့ဒီကနေဈေးလျှော့ရောင်းတာကို စောင့်စားပြီးတော့ တိုးဝှေ့ဝယ်ယူကြပါတယ်။


အဲ.. အဲ့ဒီလမ်းဆုံကို ဖြတ်ပြီးရင်တော့ စားသောက်ဆိုင်တန်းတွေရှိတဲ့လမ်းကိုဖြတ်လို့ ကျွန်တော့်အိမ်ကို သွားရပါတယ်။ ကျောင်းပိတ်ရက်ဆိုရင် မိသားစုလိုခင်မင်ကြတဲ့ သူငယ်ချင်းတွေ( ယောက်ျားလေးမိန်းကလေးကော) ကျွန်တော့်အိမ်လာပြီး ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်ကြတဲ့သူတွေအတွက် မိသားစုလိုနေထိုင်ခွင့်ရတဲ့နေရာလေးရှိတာဟာ အင်မတန်မှ စိတ်ခွန်အားဖြစ်စေတယ်ဆိုတာ ကောင်းကောင်းနားလည်တဲ့အတွက် ကျွန်တော်ကော၊ ဇနီးသည်ပါ (အထူးသဖြင့်ဇနီးသည်က ပင်ပန်းတာပါ) လိုလိုလားလား ဧည့်ခံတွေ့ဆုံပေးလေ့ရှိပါတယ်။

အဲ့ဒီလိုတွေ့ဆုံကြတော့ တစ်ညမှာတော့ ကျွန်တော်နဲ့သူငယ်ချင်းတစ်ယောက်နဲ့ မနက် ၁ နာရီလောက် အိမ်အနီးနား လမ်းလျှောက်ထွက်ကြရင်း မြန်မာအခေါ် ပေါင်မုန့်ကားလိုကားမျိုးနားအရောက်မှာ သူကနေပြီးတော့ အဲ့ဒီကားထဲမှာ ကောင်မလေးတွေကွဆိုလို့ ကြည့်လိုက်တော့မှ ကားပေါ်တက်သွားတဲ့ မိန်းကလေးကော၊ ဘေးနားမှာရပ်နေတဲ့ မိန်းမနဲ့ယောက်ျားတွေကို သေချာအကဲခပ်ကြည့်မိပါတယ်။ အဲ့ဒီနောက်မှ ကျွန်တော်လည်း စားသောက်ဆိုင်တန်းတွေ လမ်းတစ်လျှောက်မှာ ကြဲချထားတဲ့ မိန်းကလေးအဖော်၊ ယောက်ျားလေးအဖော် ကြော်ငြာစာရွက်တွေနဲ့  ဒီကားပေါ်က ကောင်မလေးတွေနဲ့ကို ကွင်းဆက်မိသွားပါတော့တယ်။

ကိုရီးယားမှာ ညဘက်ဆိုရင် ပျော်ပါးစားသောက်ကြတဲ့ လမ်းတွေမှာ ကြော်ငြာစာရွက်တွေကို ချပေးထားပါတယ်။ ကောက်ပြီးဖုန်းဆက်ကာ အခုဘယ်နားက ကာရာအိုကေဆိုင် (သူတို့အခေါ် နိုရယ်ဘန်း) ကို ပို့ပေးပါ၊ ဘယ်အိမ်ကို ပို့ပေးပါဆိုရင် သူတို့ကကားနဲ့ကောင်မလေးတွေ လာပြီးတော့ချပေးသွားပါတယ်။ အဲ့ဒီလိုချပေးတာလည်း ကျွန်တော်တစ်ည ကျောင်းကအပြန်မှာ မြင်လိုက်လို့သိရတာပါ။ အော် သူတို့နိုင်ငံက Home Service တွေကောင်းလိုက်တာလို့တောင် ကျွန်တော်ဖြင့်တွေးမိနေပါသေးတယ်။ တစ်ခါမှာတော့ စမ်းသပ်ချင်တာနဲ့ ကြော်ငြာတစ်ရွက် ကောက်လာခဲ့ပြီး ကိုရီးယားစကားအနည်းငယ်ရတဲ့ သူငယ်ချင်းကနေ ဆက်ကြည့်ပါတယ်။ ဘာမှမပြောခင် နိုင်ငံခြားသား လက်မခံပါလို့ တစ်ဘက်ကပြန်ပြောပါတယ်။

နိုင်ငံခြားသားတွေ သွားချင်ရင်တော့ တစ်ချို့မိုတယ်တွေကို သွားလေ့ရှိပါတယ်။ ဗီယက်နမ်သူငယ်ချင်းတစ်ယောက်ကတော့ သူသွားတဲ့နေရာက ဒေါ်လာလေးဆယ်လောက်ပေးရတယ်လို့ ပြောပါတယ်။ ကိုရီးယားမှာ တကယ်တမ်းနာမည်ကြီးတာကတော့ မှန်ခန်းလို့ခေါ်တဲ့နေရာတွေပါ။ အဲ့ဒီနေရာတွေမှာ မှန်ခန်းတွေထဲမှာ မိန်းမတွေကို ထည့်ပြထားပြီး စိတ်ကြိုက်ရွေးကာ ပျော်ပါးနိုင်ပါတယ်။ အဲ့ဒီလိုနေရာတွေမှာတော့ ဒေါ်လာနှစ်ဆယ်ခန့်သာ ကုန်ကျမှာဖြစ်ပါတယ်။ အဲ့ဒီမှန်ခန်းဆိုတာကိုတော့ မရောက်ဘူးသေးပါဘူး။

လူငယ်တွေအနေနဲ့ကတော့ မိန်းကလေးရည်းစားရှာပြီး မိုတယ်တွေမှာ ပျော်ပါးကြတာများပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုထွန်းကားတဲ့ ဒီနိုင်ငံမှာ မိန်းကလေးတွေအနေနဲ့ ယောက်ျားလေးနဲ့ အတူအိပ်ဖို့ သိပ်ပြီးဝန်မလေးကြပါဘူး။ ဒါ့ကြောင့် ဒီနိုင်ငံမှာ မိုတယ်တွေအလွန်အင်မတန်များပါတယ်။ ရောက်ကာစက လမ်းကြိုလမ်းကြားထဲလည်း မိုတယ်တွေကရှိနေလို့ ဒီမှာနေတာကြာပြီဖြစ်တဲ့ အစ်ကိုတစ်ယောက်ကို ဘာ့ကြောင့်ဒီလောက် မိုတယ်တွေများနေရတာလဲလို့ မေးတဲ့အခါမှ မိုတယ်မှာ အချိန်ပိုင်းနဲ့ လာအိပ်ကြတဲ့ စုံတွေတွဲကြောင့်ဆိုတာ သိလိုက်ရပါတယ်။ မြန်မာမှာလည်း အဲ့ဒီလိုအချိန်ပိုင်းနဲ့ လာအိပ်တဲ့ဦးရေ အရမ်းများလာတဲ့အကြောင်း တလောကဆောင်းပါးလေး တွေ့လိုက်ရပါသေးတယ်။

ခုတလောတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းလေးကတော့ မင်းသမီးသက်မွန်မြင့်က နှုတ်ခမ်းချင်းနမ်းတဲ့အခန်းကို မရိုက်နိုင်လို့ ရိုက်နေတဲ့ဇာတ်ကားကို ဒါရိုက်တာနဲ့ မကြေမလည်ဖြစ်ကာ ဆက်မရိုက်ဖြစ်တော့တဲ့အကြောင်းပါပဲ။ သူ့နေရာမှာ မင်းသမီးဖွေးဖွေးက အစားဝင်ရိုက်မယ်ဆိုတဲ့ သတင်းလေးတွေလည်းတွေ့ပါတယ်။ နှုတ်ခမ်းနမ်းတာဘာဖြစ်သွားလဲဆိုတော့ နှစ်ဦးသားအဆင်ပြေလို့ လုပ်ကြတာတော့ ဘာမှဖြစ်မသွားပါဘူး။ ဒါပေမယ့် ဒီကိစ္စကတော့ ကိုယ့်နိုင်ငံသားတွေကို လိင်ပိုင်းဆိုင်ရာစိတ် ပိုမိုနိုးကြားအောင် လုပ်ပေးသလိုဖြစ်လာမှာမို့ စဉ်းစားသင့်ပါတယ်။

ဒါ့အပြင် လိင်ကိစ္စဆိုတာ အရွယ်မရောက်သေးသူတွေအတွက်ကော၊ အရွယ်ရောက်ပြီးသူတွေအတွက်ကော ပြသနာမြောက်များစွာပေးတတ်ပါတယ်။ လိင်ကိစ္စနဲ့တစ်နိုင်ငံလုံးချက်ချင်း ယဉ်ပါးရင့်ကျက်သွားမယ်ဆိုရင် မပြောလိုပါ၊ သို့သော် တောင်ကိုရီးယားလိုနိုင်ငံမျိုးတွင်ပင် လိင်ကိစ္စပွင့်လင်းနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း အနောက်နိုင်ငံများကဲ့သို့ လိင်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမရှိသေးပါ။ စပ်ကူးမတ်ကူးကာလလိုအနေအထားပဲဖြစ်နေပြီး ကလေးငယ်တွေရဲ့ စာသင်ကျောင်းတွေမှာ ဒီကိစ္စတွေကြောင့် ပြသနာအကြီးအကျယ်တွေဖြစ်နေတာကို ခုချိန်ထိ အစိုးရအနေနဲ့ မရှင်းလင်းနိုင်သေးပါဘူး။

 မြန်မာနိုင်ငံအတွက်ဆိုလျင် လိင်ပွင့်လင်းမှုတွေနဲ့ ယဉ်ပါးဖို့၊ ရင့်ကျက်တဲ့အနေအထားရောက်ဖို့အတွက် သူတို့ထက်ပို၍ အချိန်များစွာ ယူရမည်မှာ အသေအချာပင်။ လုပ်ပြချင်သူကလုပ်လိုက် တားတဲ့သူကတားနှင့် တိုင်းပြည်တိုးတက်ရာလမ်းကြောင်းမှာ ဒီကိစ္စဟာ ခလုတ်ကန်သင်းတစ်ခုတိုးလာမှာ သေအချာပင်ဖြစ်လေသည်။


မောင်မျိုး(စက်မှု)

2 comments:

  1. အစ်ကိုရေးတဲ့ ဆောင်းပါးလေးက တကယ်ကောင်းပါတယ်.. မြန်မာပြည်မှာကတော့ အားလုံးအကျင့်ပျက်ပြီး ယိုသူမရှက် မြင်သူရှက်ဖြစ်နေပါပီ.. ကျေးဇူးတင်ပါတယ်အစ်ကို

    ReplyDelete
  2. အော် .. ပြည်တွင်းမှာလည်း တော်တော်ဆိုးနေပြီလား

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...