Saturday, December 8, 2012

ကျွန်တော်သိသော မြန်မာ့အနုမြူစီမံကိန်း


ဖေ့ဘွတ်ကနေ မြန်မာနိုင်ငံရဲ့ အနုမြူစီမံကိန်းအကြောင်းလေး တွေ့လိုက်ရလို့ ကိုယ်သိထားတဲ့ အကြောင်းအရာလေးတွေကလည်း ခေါင်းထဲမှာအစီအရီပေါ်လာတယ်။ ဒီမှာတော့ ကျွန်တော်သိတဲ့အကြောင်းအရာတွေကိုပဲ အဓိကထားပြီးတော့ ပြောဆိုသွားပါမယ်။ တကယ်တော့ ကျွန်တော်သိတယ်ဆိုတာကလည်း ကျွန်တော့်အာဘော်မဟုတ်ပါဘူး။ ဆရာဘိုးလှိုင်ကနေပြီးတော့ တချို့နှောင်းလူတွေ သိသင့်တာတွေမသိမှာစိုးလို့ ဒီအကြောင်းအရာတွေကို ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အနုမြူလုပ်ငန်းကိုစတင်ဖို့အတွက် ၁၉၅၀-၆၀ တစ်ဝိုက်မှာ စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးပညာရှင်အနေနဲ့ကတော့ ဂျပန်နိုဘယ်ဆုရသိပ္ပံပညာရှင်ဆီမှာ ပညာဆည်းပူးခဲ့တဲ့ ဦးလှညွန့်ပဲဖြစ်ပါတယ်။ ဦးလှညွန့်ဟာ နိုဘယ်ဆုရပညာရှင်ကြီးရဲ့တပည့်ဖြစ်သလို ဆရာဘိုးလှိုင်ဟာလည်း သူဟာဦးလှညွန့်တပည့်ဖြစ်တာမို့ ဂျပန်ကြီးနဲ့မြေးတပည့် တော်စပ်တယ်လို့လည်း သူကအရွှန်းဖောက်ကာ ပြောဆိုခဲ့ပါတယ်။

ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသလိုပါပဲ။ ဦးလှညွန့်ဟာလည်း မြန်မာနိုင်ငံမှာ အနုမြူလုပ်ငန်းသုတေသနတွေကို စတင်လုပ်ဆောင်ဖို့အတွက် အဦးဆုံးကြိုးစားလုပ်ဆောင်ခဲ့သူပါ။ အနုမြူသုတေသနလုပ်ငန်းတွေစတင်နိုင်ဖို့အတွက် နယူစွမ်းအင်ရဲ့အကျိုးအပြစ်တွေကို အထက်လူတွေကို တင်ပြကာအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် ပညာတော်သင်တွေကိုလည်း အလျှိုအလျှိုစေလွှတ်ခဲ့တယ်။

ဒီနေရာမှာ နယူစွမ်းအင်အကြောင်းကို အနည်းငယ်ပြောပြချင်တယ်။ လူတွေဟာ နယူစွမ်းအင်ကို ဘာ့ကြောင့်အသည်းအသန်လိုချင်နေကြတာလဲ။ လက်နက်အတွက် လိုချင်နေသူတွေကတော့ ရှင်းပါတယ်။ နယူကလီးယားဗုံးတစ်လုံးဟာ သာမာန်ဗုံးတန်ချိန်သိန်းချီပြီးခွဲတာထက်ပိုပြင်းလို့ပါ။ ဒါဆို သာမာန်အရပ်ဘက်အစိုးရတွေကကော ဘာလို့ဒါကိုခုချိန်ထိ အသည်းအသန် သုတေသနပြုလေ့လာနေကြတာလဲ။ ဒါကလည်း အဖြေကရှင်းပါတယ်။ နယူစွမ်းအင်ကရတဲ့ စွမ်းအားဟာ သာမာန်ဓါတ်ဆီ၊ ဒီဇယ်ဂါလံ သန်းချီရင်းပြီး ထုတ်လုပ်တဲ့စွမ်းအင်ထက် ပိုပြီးများနေလို့ပါ။ ဥပမာအနေနဲ့ပြောရရင် ရေငုတ်သင်္ဘောတစ်စင်းဟာ နယူစွမ်းအင်ကိုသုံးထားတဲ့အတွက် နှစ်ပေါင်းခုနှစ်ဆယ်လောက် လောင်စာထပ်ဖြည့်စရာမလိုပါဘူး။ နာဆာကနေ ၁၉၇၇ ကနေလွှတ်တင်ထားတဲ့ Voyager 1 အကာသယာဉ်ဟာ နယူစွမ်းအင်ကိုသုံးပြီး အာကာသထဲမှာ ခရီးလွှင့်နေတာဟာ အခုဆိုရင်ကျွန်တော်တို့ရဲ့ နေစကြာဝဠာအပြင်ဘက်ကို ရောက်တော့မှာပါ။ နေစကြာဝဠာဆိုလို့ မြင်နေရတဲ့နေ နီးနီးလေးပဲလို့မတွေးလိုက်ပါနဲ့။ သူရောက်ရှိနေတဲ့ အကွာအဝေးက ကျွန်တော်တို့ ကမ္ဘာကနေမိုင်ပေါင်း ၁၀.၈ ဘီလျံမိုင်အဝေးကို ရောက်ရှိနေတာပါ။ မြန်မာပြည် တောင်နဲ့မြောက်အဆုံးအထိက ၁၂၉၅ မိုင်ပါ။ သူရောက်နေတာက မိုင်သန်းပေါင်းတစ်သောင်းကျော်မှာပါ။

အဲ့ဒီလိုအကျိုးလည်းများတဲ့ အနုမြူပညာရပ်တွေကို သုတေသနလုပ်ဖို့အတွက် ဦးလှညွန့်ကဦးဆောင်ပြီးတော့ မြန်မာအနုမြူအေဂျင်စီဖွဲ့တယ်။ ပြီးတော့ နိုင်ငံတကာကို ပညာတော်သင်တွေလွှတ်တယ်။ အနုမြူစွမ်းအင်ဆောက်လုပ်ဖို့ သတ်မှတ်ရာမှာတော့ လှိုင်တက္ကသိုလ်နယ်မြေကထဲက ယခု MICT Park ဆောက်လုပ်ထားတဲ့နေရာပါပဲ။ ဒီစီမံကိန်းသာ မျှော်မှန်းထားတဲ့အတိုင်းဖြစ်လာခဲ့ရင် မြန်မာနိုင်ငံဟာ အနုမြူပညာမှာအာရှရဲ့ ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။ သို့သော်လည်း ထိုစဉ်ကတစ်စုံတစ်ယောက်ကနေပြီးတော့ မလုပ်ရဘူးလို့ဆိုခဲ့တာကြောင့် အစစစီမံထားသမျှတွေ ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ နိုင်ငံတကာမှာ လွှတ်ထားတဲ့ပညာတော်သင်တွေလည်း ပြန်လာတဲ့သူတွေလည်း ပါလေပါချက်ဆရာလုပ်ကာ ဘ၀ဆုံးသူဆုံး၊ ပြန်မလာပဲ နိုင်ငံရပ်ခြားမှာပဲ သေတပန်သက်တစ်ဆုံးနေသူနေတွေ ဖြစ်ကုန်ပါတော့တယ်။ ဦးလှညွန့်ကိုယ်တိုင်လည်း နောက်ဆုံးမှာတော့ နိုင်ငံတကာအနုမြူအေဂျင်စီမှာ ညွှန်ကြားရေးမှူးချုပ်အနေနဲ့ပဲ ဘ၀ကိုအဆုံးသတ်သွားပါတော့တယ်။

ဒီနေရာမှာ စဉ်းစားစရာက ပညာရှင်တွေက တိုင်းပြည်ကိုမချစ်လို့စွန့်ခွာတာလား။ ကိုယ်ကျိုးသမားတွေမို့လား ...စွန့်သင့်လို့ချစ်လျက်နဲ့ စွန့်ခဲ့ရတာလားဆိုတာ စဉ်းစားစရာပါ။ ဒီလိုအကြောင်းတွေကြောင့်ပဲ ကျွန်တော်တို့တိုင်းပြည်ဟာလည်း တဖြည်းဖြည်းနဲ့ နွံနစ်တဲ့ဘ၀ကို ရောက်ခဲ့ရပါတော့တယ်။ စစ်အစိုးရလက်ထက်မှာတော့ မြန်မာနယူစီမံကိန်းကို ဦးဆောင်ပြီးနေရာရလာသူကတော့ ဒေါက်တာကိုကိုဦးပါပဲ။ သူ့ရဲ့နယူစီမံကိန်းအပေါ်မှာ ပါဝင်အကျိုးပြုမှုကဘယ်လောက်ရှိတယ်မသိပေမယ့် အခုအချိန်မှာတော့ သူဟာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့ ၀န်ကြီးတစ်ယောက်ဖြစ်လို့လာခဲ့ပါပြီ။ သူဟာနယူကလီးယားအကြီးအကဲဘ၀မှာရှိခဲ့စဉ်တုန်းကတော့ သူ့ဌာနမှလူများအပေါ်မှာ အလွန်ကောင်းတယ်ဆိုပြီး နာမည်ကြီးခဲ့သူပါ။ ယခုဝန်ကြီးဌာနတစ်ခုမှာ အကြီးအကဲဖြစ်လာချိန်မှာတော့ ၀န်ကြီးဌာနအပေါ်မှာ ကောင်းလွန်းသောဝန်ကြီးတစ်ပါးဖြစ်လာမည်လား..ထို့ထက်လွန်ပြီး နိုင်ငံကောင်းကျိုးကိုပါ ဆက်စပ်စဉ်းစားပြီး အမြော်အမြင်ကြီးသော ၀န်ကြီးတစ်ပါးဖြစ်လာမည်လားဆိုတာကိုတော့ စောင့်ကြည့်ရဦးမည်သာ။


မောင်မျိုး(စက်မှု)





No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...