Sunday, December 9, 2012

ကိုရီးယားမင်္ဂလာဆောင်တစ်ခေါက် ကျွန်တော်ရောက်ခဲ့တယ်


မင်္ဂလာဆောင်ကို သွားစရာကလည်းရှိ ရာသီဥတုကလည်း အနှုတ် ၁၀ အောက်မှာဆိုတော့ တော်တော်ကိုပြင်ရဆင်ရတယ်။ အ၀တ်တွေအထပ်ထပ်ဝတ်လို့ ချီတက်ခဲ့ရတယ်။ ဒီကောင်လေးက မြန်မာမှာလုပ်တဲ့ ကိုယ့်မင်္ဂလာဆောင်ကိုလည်း လာခဲ့တဲ့သူဆိုတော့ ကိုယ့်အလှည့်လည်း အရောက်သွားပေးဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်လည်း သူတို့မင်္ဂလာဆောင်တွေ တစ်ခါမှမရောက်ဖူးသေးဘူး။ ဇနီးပဲသွားတာများတယ်.. ဒီတစ်ခါပဲကိုယ်လိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖြစ်နိုင်ရင်ကိုယ်ကလည်း ဘယ်လူစည်ကားရာမှ သွားချင်တာမဟုတ်ဘူး။ ငယ်ငယ်ကဆို အိမ်ရှေ့အိမ်က အလှူအိမ်တောင် မိဘတွေကသွားရအောင်ခေါ်ရင် လိုက်တာမဟုတ်ဘူး။ အခုကျတော့လည်း နေရာတကာကို မရောက်ချင်လည်းရောက်နေရတော့တယ်။ ကိုယ့်အကျင့်ကတစ်မျိုး ကိုယ့်အတွက်ကိုဆိုရင် ဘာမှလုပ်ချင်မှလုပ်တာရယ် သူများအတွက်လိုက်လုပ်ပေးရမယ်ဆိုရင်သာ ဖင်ကအလိုလိုကြွတာ။

လင်မယားနှစ်ယောက်ရယ် မမွေးစားချင်ပဲမွေးစားထားရတဲ့ သမီးလေးရယ် သုံးယောက်သားပြင်ဆင်ပြီးတော့ မြေအောက်ရထားစီးဖို့ ထွက်လာခဲ့ကြတယ်။ လမ်းသွားရင်းဖတ်ဖို့ အင်္ကျီအိတ်ကပ်ထဲကို ဖတ်လတ်စစာအုပ်ဖြစ်တဲ့ ဦးဝင်းတင်ရဲ့ "ဘာလဲဟဲ့လူ့ငရဲ" ဆိုတဲ့ ထောင်စာအုပ်ထည့်လာခဲ့တယ်။ ငယ်ငယ်ကတည်းက အဲ့ဒီအကျင့်ကရှိတာ အခုထိပါပဲ သွားလေရာဖတ်လက်စ စာအုပ်ကိုထည့်ထည့်သွားရမှ စိတ်ချမ်းသာတယ်။ သတို့သားရေ မင်းလည်းထောင်ကျတာပဲဆိုတော့ ငါထည့်လာတဲ့စာအုပ်နဲ့ အံကိုက်ပေါ့ကွာဆိုပြီး ပေါက်တတ်ကရကလည်း တွေးမိသေးတယ်။  လမ်းပေါ်မှာ အရင်ရက်တွေက နှင်းတွေကကျထားပြီး နှင်းခဲတွေက ခပ်ချော်ချော်ဖြစ်နေလို့ ဂရုစိုက်ပြီး လမ်းလျှောက်နေရတယ်။ မတော်လို့ လဲကျသွားရင် ထုတ်ထားတဲ့ရှိုးစမိုးလေးတွေက ဒိုးပြီပဲ။ ရထားစီးပြီး မင်္ဂလာခန်းမနဲ့အနီးဆုံးမှတ်တိုင်မှာ ဆင်းလိုက်ကြတယ်။ အဲ့ဒီမှတ်တိုင်မှာပဲ မြန်မာကျောင်းသူ အသစ်ကလေး တစ်ယောက်နဲ့ ချိန်းထားသေတယ်။ ကလေးမလေးက ကျွန်တော်တို့နဲ့ အတူသွားချင်တယ်ဆိုတာနဲ့ အဲ့ဒီဘူတာမှာပဲ ဆုံကြစို့ဆိုပြီးစောင့်ခိုင်းထားတာ။ အဲ့ဒီမှာ စုစုပေါင်းလေးယောက်ဖြစ်သွားပြီး မင်္ဂလာဆောင်ခန်းမရှိရာဆီကို ချီတက်ခဲ့ကြတယ်။ 

ခန်းမကိုရောက်ရောက်ချင်းပဲ အပေါက်ဝမှရောက်လာသူတွေကို နှုတ်ဆက်နေတဲ့သတို့သားနဲ့တွေ့တယ်။ ပြီးတော့ သူကသတို့သမီးကိုထားထားတဲ့ အခန်းဘက်ကိုလမ်းညွှန်လိုက်တယ်။ အဲ့ဒါနဲ့ သတို့သမီးရှိတဲ့ဘက် လာလိုက်တော့ သတို့သမီးကအခန်းထဲမှာ ငုတ်တုတ်လေးထိုင်နေတယ်။ လူတွေက၀င်လိုက်ထွက်လိုက်နဲ့ နှုတ်ဆက်ကြတယ်ပေါ့။ သတို့သမီးအခန်းကနေပြီး လက်ဖွဲ့ဖွဲ့တဲ့ကောင်တာကိုသွားပြီးတော့ လက်ဖွဲ့ကြတယ်။ အဲ့ဒီအခါမှာ သူတို့ကနေပြီးတော့ ကိုယ့်ကိုထမင်းစားလက်မှတ် ထုတ်ပေးတယ်။ အဲ့ဒီနောက်ခန်းမထဲဝင်ပြီး နေရာယူနေလိုက်တယ်။ စိတ်ထဲမှာထူးဆန်းနေတာက စားပွဲပေါ်မှာ ဘာစားစရာမှမရှိတာရယ် တချို့လူတွေထိုင်စရာမရှိလို့ မတ်တပ်ရပ်နေကြတာရယ်ကိုပါပဲ။ နောက်မှ ဇနီးသည်ရှင်းပြလို့ သိလိုက်တာက ဒီထဲမှာလက်ထပ်ပွဲကျင်းပပြီး တခြားတစ်နေရာမှာ အစားအသောက်ကျွေးတယ်ဆိုတာပါပဲ။

လက်ထပ်ပွဲကတော့ အနောက်တိုင်းခရစ်ယာန်တို့ ထုံးစံအတိုင်းလုပ်ကြတာပါ။ ဖအေကသမီးကို စင်မြင့်ပေါ်တွဲလာ တရားဟောဆရာကတရားဟော ပြီးတော့လက်စွပ်စွပ်။ ကိုရီးယားအငွေ့အသက် ပါတာဆိုလို့ မိခင်တွေက ကိုရီးယားရိုးရာဝတ်စုံ ဟန်းဘို့(Hanbok) ကိုဝတ်ထားတာရယ်၊ မိဘကိုကန်တော့တာရယ်ပါ။ ခရစ်ယာန်ဘာသာနဲ့ ထိုင်ကန်တော့တာနဲ့ကတော့ တစ်မျိုးကြီးဖြစ်နေသလိုပါပဲ။ အဲ့ဒီမှာပဲ ကောင်လေးက အထက်တန်းကျောင်းမှာ ကာယသင်တန်းပြဆရာဆိုတော့ ကျောင်းသားကျောင်းသူလေးတွေက သီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေပါတယ်။ တစ်ခြားတစ်ဖွဲ့ကတော့ တေးသရုပ်ဖော်လေးနဲ့ နှစ်ယောက်သား သေတပန်သက်တစ်ဆုံး ချစ်ချစ်ခင်ခင်နေသွားစို့ဆိုတဲ့ သီချင်းလေးနဲ့ သီဆိုသရုပ်ဖော်ပြကြပါတယ်။
အစီအစဉ်တွေအားလုံးပြီးချိန်မှာတော့ သတို့သားနဲ့သတို့သမီးက ဓါတ်ပုံရိုက်နေကြပြီး ကျန်တဲ့သူတွေက စားသောက်ခန်းကို ကြွမြန်းကြပါတော့တယ်။ စားသောက်ခန်းအ၀င်ဝမှာတော့ ထမင်းစားလက်မှတ်ကလေး ပြလို့ဝင်ကြရပါတယ်။ အစားအသောက်ကတော့ ဘူဖေးကျွေးတာပါ.. စားလို့ကောင်းပါတယ်။

စားသောက်ပြီးစီးတော့ ရထားစီးပြီး အိမ်ပြန်ခဲ့ကြပါတယ်။ မင်္ဂလာဆောင်က ညနေ ငါးနာရီမှာ စတင်တာဖြစ်တဲ့အတွက် အိမ်ပြန်တဲ့အခါမှာ မှောင်ရီပျိုးနေပါပြီ။ ရထားပေါ်မှာတော့ အသက်ကြီးကြီးအဖိုးကြီးတွေက နေညိုလို့လေပြိုပြီး ပြန်လာကြတယ်ထင်ပါတယ်။ မူးရူးပြီးဆူညံ ရန်ဖြစ်နေကြပါတယ်။ တောင်ကိုရီးယားမှာ လူငယ်တွေ မူးရူးနေပေမယ့် ရန်ဖြစ်တာတစ်ခါမှ မမြင်ဖူးပါဘူး အသက် ငါးဆယ်ကျော်ခြောက်ဆယ်အရွယ်ကြီးတွေ ရန်ဖြစ်တာပဲကြုံဖူးပါတယ်။ ဒီနေ့လည်း အဲ့ဒီအဘိုးကြီးတို့အဖွဲ့ အချင်းချင်းစကားတွေများနေကြပါတယ်။ ကျွန်တော့်ဘေးက ထိုင်နေတဲ့အဖိုးကြီးကလည်း နားငြီးလာလို့ထင်ပ လှမ်းပြီးအော်ဟစ်လိုက်ပါတော့တယ်။ ဒါတောင် အမူးလွန်နေပုံပေါက်တဲ့ ဟိုဘက်ကဘိုးတော်ကြီးက ဖြဲမယ်ဆိုတဲ့အထာလုပ်နေသေးတယ်။ ကျန်တဲ့သူတွေက ၀ိုင်းဆွဲထားကြလို့သာ။ ကျွန်တော်လည်း သူတို့ကိုကြည့်ပြီး ကိုရီးယားက လွှတ်တော်အမတ်တွေ နပန်းတွေထသတ်ကြတာကို စိတ်ထဲမှာတွေးပြီး ပြုံးမိသွားတော့တယ်။

မောင်မျိုး(စက်မှု)









No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...