Thursday, December 20, 2012

အသံထက် ၃ ဆမြန်တဲ့ Shockwave နဲ့ ဟီလီယံဗူပေါင်းတို့ ထိခိုက်မိတဲ့အခါ




Switzerland ကပညာရှင်တွေက အသံထက်သုံးဆမြန်တဲ့ Shockwave နဲ့ Helium Bubble တို့ တိုက်မိလိုက်တဲ့အခါမှာ ဘယ်လိုတွေဖြစ်သွားတယ်ဆိုတာကို အသေးစိတ်သိရှိနိုင်ဖို့အတွက် Supercomputer တွေကိုသုံးပြီးတော့ တွက်ချက်သရုပ်ဖော်ခဲ့ကြပါတယ်။  သိပ္ပံပညာရှင်တွေဟာ လောကသဘာဝကြီးအကြောင်းကို အတတ်နိုင်ဆုံး သေချာစွာသိရှိနားလည်နိုင်ဖို့အတွက် ကိုယ်စိတ်ဝင်စားရာ နယ်ပယ်အသီးသီးမှာ အပတ်တကုတ်နဲ့ ကြိုးစားအားထုတ်နေကြပါတယ်။ ယခုလို အသေးစိတ်အချက်အလက်တွေကို တွက်ချက်ပုံဖော်ကြည့်နိုင်ဖို့အတွက် တိုးတက်လာတဲ့အိုင်တီနည်းပညာဟာလည်း အဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။ ယခင်က ၁၉၇၀၊၈၀ ခန့်အထိကိုပင် ယခုအချိန်မှာ သာမာန်ကွန်ပြူတာနဲ့ မိနစ်ပိုင်းသာတွက်လို့ရတဲ့ ပုစ္ဆာတစ်ပုဒ်ကို တစ်ပတ်ခန့်ကို တွက်ချက်ခဲ့ရပါတယ်။

ယခုအချိန်မှာတော့ ကွန်ပြူတာများ၏ စွမ်းဆောင်ရည်ဟာ အံ့မခန်းဖြစ်လာပြီး ပညာရှင်များကလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အကျိုးရှိစွာအသုံးချလာနိုင်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ပြသနာတွေကို လေ့လာဖြေရှင်းဖို့အတွက် သာမာန်ကွန်ပြူတာတွေထက် အဆပေါင်းများစွာသာတဲ့ Cluster PC တွေပေါ်မှာ တွက်ချက်လေ့ရှိပါတယ်။ ဒီလိုစက်တွေသုံးတာတောင်မှ အဖြေတစ်ခုရဖို့အတွက် ၁၆ နာရီခန့်စောင့်ရပါတယ်။ မြန်မာနိုင်ငံလို မီးမမှန်တာနဲ့ဆိုရင်တော့ အဖြေမထွက်ခင် မီးပြတ်တာနဲ့ ပြသနာပါပဲ။

လူတွေက ဘာ့ကြောင့်ယခုလို Fluid Dynamics ပြသနာတွေကို အသေးစိတ်လေ့လာနေရတာလဲလို့ဆိုရင် ပြသနာတစ်ခုကိုဖြေရှင်းမယ်ဆိုရင် ပထမဦးစွာထိုပြသနာမည်ကဲ့သို့ပေါ်ပေါက်လာရသလဲဆိုတာကို အရင်သိရှိနားလည်အောင်ကြိုးစားရပါတယ်။ အဲ့ဒီအတွက်ကိုပဲ ခေတ်ပေါ်လက်တွေ့စမ်းသပ်တဲ့ နည်းပညာတွေ၊ ကွန်ပြူတာတွေကို အသုံးပြုပြီးတော့ စမ်းသပ်လေ့လာကြပါတယ်။ ပြသနာတစ်ခုကို ကောင်းစွာသဘောပေါက်ပြီးမှ ထိုပြသနာကို မည်ကဲ့သို့ရှင်းမည် သို့မဟုတ် ထိုပြသနာ (ဒီနေရာမှာဆိုရင် Shockwave နဲ့ Bubble တို့တိုက်ခိုက်ပြီးနောက် ဖြစ်ပေါ်ပြောင်းလဲမှုအဆင့်ဆင့်) ကို ဘယ်လိုနေရာမျိုးမှာ အသုံးချမယ်ဆိုတာမျိုးကို ဆက်လက်စဉ်းစားကြရပါတယ်။ ကျောက်တည်တဲ့ ရောဂါသည်တွေကို ကုတဲ့ကုထုံးတစ်မျိုးရှိပါတယ်...အလွန်ကောင်းတဲ့ကုထုံးပါ နာမည်ကတော့ Shockwave Lithotripsy လို့ခေါ်ပါတယ်။

လူ့ရဲ့ခန္ဓာကိုယ်ထဲကို Shockwave ဖြတ်စီးစေပြီးတော့ ဒီကောင်ကနေ ကျောက်ကပ်လိုဟာမျိုးမှာရှိနေတဲ့ ကျောက်ကိုအစိတ်စိတ်ကွဲကွာသွားစေပါတယ်။ အဲ့ဒီကျောက်စလေးတွေကို လူ့ဆီးနဲ့အတူ အပြင်ကိုပြန်ထုတ်ပါတယ်။ တခြား Radio, high frequency wave တွေဟာလည်း အသုံးဝင်ပါတယ်။
ယခုလိုလှိုင်းအလျားတွေကို အင်နဲ့အားနဲ့ထုတ်လွှတ်နိုင်တဲ့ ရေဒီယိုဓါတ်အားလွှတ်စက်ရုံတွေကို ပထမဦးစွာ ရုရှားကနေဆောက်လုပ်ထားတာကို အမေရိကန်တို့ရဲ့ စပိုင်လေယာဉ်ကစတင် သတိထားမိတာပါ။ 


      ကမ္ဘာ့ Jet Stream များပြပုံ

ဘာ့ကြောင့်ဒီဓါတ်အားပေးစက်ရုံလိုတွေ ဆောက်ထားတာလဲလို့ ဆက်လက်စဉ်းစား ဖော်ထုတ်တဲ့အခါမှာတော့ ကမ္ဘာ့ရာသီဥတုကို အဓိကအပြောင်းအလဲဖြစ်စေတဲ့ ကမ္ဘာကြီးကိုပတ်နေသော Jet Streams တွေကိုပြောင်းလဲဖို့ဖြစ်နိုင်တယ်လို့ စတင်တွေးမိပါတယ်။ ဒီလှိုင်းတွေကို ကမ္ဘာပေါ်ကနေ အားပြင်းပြင်းနဲ့ ထုတ်လွှတ်လိုက်တဲ့အခါမှာ Jet Stream ကို နေရာရွေ့စေခြင်းအားဖြင့် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြီးကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ယခုဆိုရင် အမေရိကန်၊ EU နှင့် ရုရှားတို့မှာ ထိုကဲ့သို့သော Station တွေအသီးသီး ပိုင်ဆိုင်ထားကြပြီး အပြိုင်အဆိုင် လေ့လာနေကြတာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ California Drought လို့ခေါ်တဲ့  မိုးခေါင်ရေရှားမှုတွေမှာ လက်သည်တရားခံဟာ ရုရှားများဖြစ်မလားလို့လည်းတွေးခေါ်နေတဲ့သူတွေရှိပါတယ်။

 ဒီ Jet Stream တွေထဲကို ၀င်ထွက်ပျံသန်းခြင်းဖြင့် လေယာဉ်တွေဆီစားနဲ့ အချိန်ကုန်သက်သာမယ်လို့လည်းဆိုပါတယ်။ တစ်ခုကိုသေချာနားလည်သဘောပေါက်သွားရင် အသုံးချနိုင်စွမ်းတွေက အံ့မခန်းပါပဲ။ ကမ္ဘာကြီးရဲ့ ပတ်ပတ်လည်မှာလည်း သေချာစွာစာရင်းမပြုစုနိုင်တဲ့ ဥက္ကာခဲလိုအတုံးအခဲတွေ အများကြီးရှိတဲ့အတွက် ဒါတွေကိုစာရင်းပြုစုနိုင်ဖို့ ကြိုးစားပြီး၊ သူတို့ရဲ့ပတ်လမ်းဟာ ဘယ်အချိန်မှာ ကမ္ဘာနဲ့တိုက်နိုင်မလဲဆိုတာမျိုးတွေကို အသည်းအသန်လေ့လာသင့်တဲ့ အချိန်ရောက်ပြီလို့ စိုးရိမ်ပူပန်နေသူတွေလည်း ဒုနဲ့ဒေးပါပဲခင်ဗျာ။

မောင်မျိုး (စက်မှု)




No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...