Friday, January 4, 2013

ဖားအောက်ဆရာတော် ဘုရားကြီးအား ဖူးတွေ့ရခြင်း


၂၀၁၁ ခုနှစ် ဧပြီလထဲမှာ၊ သတင်းထူးတစ်ခု ကြားခဲ့ရပါတယ်။ တောထွက်တော်မူတော့မှာဖြစ်တဲ့ ဖားအောက်ဆရာတော်ဘုရားကြီး နောက်ဆုံးအကြိမ်အနေနဲ့ နိုင်ငံတကာလှည့်လည်နေရာ တောင်ကိုရီးယားကို ရောက်ရှိလာတော့မယ်ဆိုတဲ့ သတင်းပါ။ ဆရာတော်ကြီး ရောက်တယ်ဆိုတဲ့ သတင်းကြားတယ်ဆိုရင်ကိုပဲ သူငယ်ချင်းတွေကြားမှာ ဖုန်းတွေအပြန်အလှန်ဆက်ကြ၊ မင်းဘယ်တော့ သွားမှာလဲ ငါဘယ်တော့သွားမှာလဲ စသဖြင့် ပွက်ပွက်ညံသွားပါတော့တယ်။ သူငယ်ချင်းတစ်ချို့ကတော့ ဆရာတော်ကြီးတည်းခိုတဲ့ ကိုရီးယားဘုန်းကြီးကျောင်းမှာ သွားရောက်ပြီး ဆွမ်းချက်ကာ အနီးကပ်ပြုစုကြပါတယ်။

ကိုယ်ကတော့ တစ်ရက်ပဲ ဘုန်းဘုန်းကို သွားပြီးဂါရ၀ပြုဖြစ်ခဲ့ပါတယ်။ ဆိုင်ရာဘူတာကိုရောက်တော့ ဓမ္မဒူတကျောင်းထိုင် ဆရာတော်ဒေါက်တာအရှင်နန္ဒကလည်း လမ်းလျှောက်ထွက်လာရင်း လာရောက်ကြိုဆိုကာ နီးစပ်ရာအဆောက်အအုံတွေကို ပြသကာရှင်းပြပေးပါတယ်။ ဆရာတော်က စာအင်မတန်ရေးပြီး နှစ်ယောက်သား စာပေအကြောင်းတွေ ပြောလေ့ဆိုလေ့ရှိလို့ တစ်ဦးနဲ့တစ်ဦး အရမ်းရင်းနှီးကြပါတယ်။ ဆရာတော်ဟာ အလုပ်အင်မတန်ကြိုးစားသူပါ။ ကျွန်တော် လေးစားအားကျတဲ့သူထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။ အဲ့ဒီလိုရင်းနှီးကြလို့ ကျွန်တော်လည်း ဘုန်းဘုန်းက တိုးဂိုက်ကြီးကျနေတာပဲလို့တောင် စနောက်လိုက်ပါသေးတယ်။ ဖားအောက်ဆရာတော်ရှေ့ ရောက်ရောက်ချင်း ဘုန်းဘုန်းရဲ့ မျက်နှာကိုမြင်လိုက်ရတယ်ဆိုရင်ပဲ စိတ်ထဲမှာအေးသွားပါတယ်။ တရားစွဲစွဲမြဲမြဲ လေ့ကျင့်နေတဲ့ ဘုန်းဘုန်းရဲ့ မေတ္တာဓါတ်တွေက လာရောက်တဲ့သူတွေ အားလုံးထဲကို စီးဝင်သွားသလိုပါပဲ။

အဲ့ဒီနောက် ဘုန်းဘုန်းကြီးနဲ့ ဓမ္မဒူတဆရာတော်တို့ အပြန်အလှန် တရားတွေ မေးဆိုလျှောက်ထားနေကြတာ၊ သာသနာရေး ကိစ္စတွေကို ပြောဆိုနေကြတာတွေကို ကြားရမြင်ရတာ ပီတိဖြစ်စရာကောင်းလှပါတယ်။ ကျွန်တော်တို့ ရောက်လာပြီး စကားလမ်းကြောင်း ပိုကောင်းသွားသလိုပါပဲ။ ဖားအောက်ဆရာတော်ကြီးက သူငယ်စဉ်က တစ်နေရာကနေတစ်နေရာ ဆရာတစ်ဆူပြီးတစ်ဆူ လိုက်လံရှာဖွေကာ တရားရှာဖွေခဲ့တဲ့အကြောင်းတွေကို ကြားရတဲ့အခါမှာ သြော် ပညာလိုလားသူတို့ခမျာ သာသနာမှာဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ပညာရဖို့ ဆရာကောင်းကို လိုက်လံရှာဖွေကာ သင်ယူခြင်း၊ မိတ်ဆွေကောင်းကို ရှာဖွေပေါင်းသင်းကာ သင်ယူထားသည်တို့ကို ဝေဖန်ဆန်းစစ်နှီးနှောခြင်းတို့ ပြုတတ်ကြပါလားလို့ ဆင်ခြင်မိပါတယ်။

စကားစပ်မိတဲ့အခါမှာ မိမိ မေးလျှောက်စရာရှိတာလေးတွေ မေးလျှောက်ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်က ဘုန်းတော်ကြီးသုံးပါး ကောင်းကင်မှာ ပျံနေတာကို ဖူးမြော်ရဖူးကြောင်း၊ ထိုအရာသည် အမှန်ဖြစ်နိုင်ပါ့မလား မျက်စိမှားတာများလား ဘုန်းဘုန်းလို့ မေးလျှောက်ရာမှာ ဆရာတော်ကြီးက ဖြစ်နိုင်စရာရှိပါကြောင်းသာ နှိုင်းနှိုင်းဆဆဖြေကြားသွားခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ ဆရာတော်ကြီးခုလို အပြီးအပိုင်တောထွက်တော်မူမယ်ဆိုလျင် သာသနာအတွက် တန်ဖိုးကြီးပုဂ္ဂိုလ်ဆုံးရှုံးရခြင်းဖြစ်ကြောင်း၊ မြန်မာပြည်သာသနာအတွက် မငဲ့တော့ဘူးလား ဘုရားလို့လျှောက်တော့ ဆရာတော်ကြီးက ယခုအသက်အရွယ်အထိ အများအတွက်လုပ်ကိုင်ပေးခဲ့ပြီးဖြစ်ကြောင်း မိမိအတွက်လည်း ကြိုးစားဖို့လိုသေးတဲ့အတွက် တောထွက်ရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆရာတော်ကြီးနှင့် စကားပြောဆိုနေရင်းသိလာရတာကတော့ ဆရာတော်ကြီးဟာ ၀ိနည်းကို အင်မတန် စောင့်ထိန်းသူတစ်ယောက်ဆိုတာ သူ့စကားတွေထဲကနေ ပိုပိုသိလာခဲ့ရပါတယ်။ ထို့နောက် ဆရာတော်ကြီး တရားအားထုတ်ဖို့ တောထွက်တဲ့အခါ ကျောင်းသင်္ခမ်းဆောက်လုပ်ဖို့အတွက် အလှူငွေထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ အလှူငွေကိုလည်း ဆရာတော်ကြီးက လက်ဖြင့်ပင်မထိပါ၊ သူ၏နောက်လိုက် ဒကာဖြစ်သော စင်္ကာပူနိုင်ငံသားထံ ပေးအပ်ကာ ဆရာတော်ကြီးအား ရှိခိုးဦးချ အရိုအသေပေးကာသာ ပြန်ခဲ့ကြပါတော့တယ်။

မောင်မျိုး(စက်မှု)

(အထူးအဆန်းမကြိုက်သော်လည်း ဘ၀မှာထူးဆန်းတာတွေ ကြုံခဲ့ရသည်။ ကောင်းကင်က ဘုန်းတော်ကြီးများကို ဖူးတွေ့ရဖူးသည်။ တစ်ခါက ဆိုင်ကယ်မှောက်တာကြုံခဲ့ရသည်။ သူငယ်ချင်းက ရှေ့ကမောင်းသည်။ ကိုယ်ကနောက်က .. အရှိန်အရမ်းများသည်။ တစ်နာရီ ကီလို ၉၀ ခန့််ရှိမည်ထင်သည်။ ဟိုက်ဝေးလမ်းအဖြောင့်မောင်းနေရာမှ ရှေ့ကဆိုင်ကယ်က နောက်မကြည့်မီးမပြဘဲ တစ်ဘက်သို့ကွေ့လိုက်ရာ ကိုယ့်ဆိုင်ကယ်နဲ့ သူ့ဆိုင်ကယ်ညှပ်ရိုက်သလိုဖြစ်သွားလေသည်။ ကျွန်တော်ကတော့ မဖြစ်ခင်ကတည်းက တစ်ခုခုဖြစ်မည်ကို စိတ်ထဲကကြိုတင်ပြီးသတိပေးနေသည်။ ဒါ့ကြောင့် ဖြစ်တာနဲ့ ကျောနဲ့ကားလမ်းကျအောင် ခုန်ချမည်ဟု ကြံရွယ်ထားကာ၊ ထိုအတိုင်းပင် ခုန်ချလိုက်လေရာ ဆိုင်ကယ်နှင့် တော်တော်ဝေးဝေးသို့ လိမ့်သွားသော်လည်း မဆိုစလောက်ပွန်းပဲ့ရုံလေးသာ ရရှိခဲ့လေသည်။ အလိမ့်ရပ်လျင် ချက်ချင်းထကာ အမေ့အတွက် ပွေ့ယူလာသော သင်္ဘောသီးများကိုပင် လိုက်လံကောက်နေလေသေးသည်။ လူတွေက ကျွန်တော်အဝေးကြီးသို့ လိမ့်သွားသဖြင့် စိုးရိမ်တကြီးကြည့်နေကြလေသည်။ ကျွန်တော်က ဘာမှမဖြစ်ပေ။ ကျန်သောသူများမှာသာ မြင်မကောင်းအောင်ဖြစ်ကုန်ကြလေသည်။ ကျန်တဲ့သူတွေဆီသို့သွားကာ မော်တော်ပီကယ်မလာခင် ပြသနာအမြန်ပြီးအောင်ပြေးရှင်းခဲ့ရလေသည်။

ထိုအဖြစ်အပျက်များကိုပြောပြတဲ့အခါ မိတ်ဆွေတစ်ယောက်က မိုးကုတ်ဆရာတော်ဘုရားကြီး ငယ်စဉ်က ချောင်းထဲမှာ လှေလှော်နေစဉ် ၀ဲတစ်ခုထဲရောက်သွားသဖြင့် ဘေးမှလူများက ဒီကိုရင်တော့ သွားရှာပြီဆိုပြီး ဘေးက၀ိုင်းအော်ကြလေသည်။ ကိုရင်ကလှေကို ကမ်းစပ်အထိအေးဆေးလှော်လာပြီး ဘာဖြစ်ကြတာတုန်း ဘာဝဲမှမရှိပါလို့ ပြန်ပြောတာကို ကြုံဖူးခဲ့တာနဲ့ ယှဉ်ပြီး  ကျွန်တော့်ကို ဘုန်းကြီးဝတ်ရင် သာသနာပြုနိုင်မယ့်သူဖြစ်နိုင်တယ် ၊ ခုတော့ သိပ္ပံသမားဆိုတော့ သိပ္ပံနဲ့ အများအကျိုးဆောင်မယ့်သူလို့ ကောင်းချီးပေးခဲ့ပါတယ်။ ဒါက သူငယ်ချင်း မိတ်ဆွေကောင်းဖြစ်တာလည်း ပါပါမယ်။ အဖြစ်အပျက်လေးကို သတိရတုန်း မှတ်တမ်းတင်တဲ့ အနေနဲ့ ရေးထားတာပါ။ ကိုယ်ရည်သွေးကာ ရေးထားခြင်း မဟုတ်ရပါ။)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...