Saturday, January 5, 2013

တွေးလိုက်တိုင်း ပီတိဖြစ်နေရသော ကောင်းမှုကုသိုလ်လေးများ

အလှူအတန်းနဲ့ ပက်သက်လာရင် ငယ်စဉ်ကတည်းက ကျွန်တော်ဟာ စိတ်အားထက်သန်ခဲ့သူပါ။ ဆင်းရဲသားတွေများတဲ့ ရပ်ကွက်မှာနေခဲ့ရတဲ့အတွက် ထမင်းတစ်လုပ်အတွက် လူတွေဘယ်လောက် ရုန်းကန်နေရတယ်ဆိုတာကို ကျွန်တော်ကောင်းကောင်း တွေ့ခဲ့မြင်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့ရဲ့ စားဝတ်နေရေးကို ကူညီနိုင်တဲ့သူ ဖြစ်ရပါစေလို့ အမြဲတမ်း စိတ်မှာရှိခဲ့ပါတယ်။ သို့သော်လည်း ရည်မှန်းချက်ကြီးကြီးထားပြီး အဝေးကိုသာ ကြည့်နေတတ်တာထက် လက်တွေ့လုပ်နိုင်တာကို စဉ်းစားပြီး လုပ်ဖို့အတွက် ကျွန်တော် ကိုယ့်ဟာကို အမြဲသတိပေးခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ကလေးဘ၀မှာ အလှူအတန်းကြီး ပေးချင်တဲ့စိတ် ပေါ်ပေါက်ခဲ့ပါတယ်။ မိခင်ကြီးရဲ့ အိပ်ယာဝင် ပုံပြင်တွေကြောင့်လည်း ပါပါမယ်။ အဲ့ဒီအချိန်တုန်းက ကိုယ်က ကလေးလေး.. အိမ်ကပေးတဲ့ သွားရည်စာက ကိုယ့်အတွက်တောင် မလောက်တလောက်ရယ်ပါ။ အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့ ကလေးအတွေးက ဘယ်လိုတွေးသလဲဆိုတော့။ အလှူဆိုတာ သူတစ်ပါးကို ထမင်းတစ်နပ် အ၀ကျွေးခြင်းဖြစ်တယ်။ ဒါဆို ငါဘယ်သူတွေကို ထမင်းတစ်နပ် အ၀ကျွေးနိုင်မလဲလို့ စဉ်းစားတဲ့အခါ ပုရွက်ဆိတ်တွေ၊ မမြင်နိုင်တဲ့ပိုးကောင်လေးတွေကို ငါစားတဲ့ ထမင်းထဲက တစ်လုပ်ချန်ပြီး ကြဲပေးရင် သူတို့လည်းဝမ်းဝ ငါလည်း အလှူအတန်းကြီး ပေးရတာပဲပေါ့လို့ တွေးမိပါတော့တယ်။


အဲ့ဒီလို တွေးမိချိန်ကစလို့ ကျွန်တော် ထမင်းစားတဲ့အခါတိုင်း ထမင်းတစ်လုပ်ချန်ပြီး အိမ်နောက်ဖေးမှာ သွားပြီး သေသေချာချာ ကြဲချပေးကာ သူတို့တွေ ထမင်းစိလေးတွေ သယ်နေတာကို ကြည့်ရှုပြီး ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။ အဲ့ဒီလိုနည်းလမ်းနဲ့ အချိန်တော်တော်ကြာတဲ့အထိ ကျွန်တော် ငယ်စဉ်က အလှူအတန်းကြီး ပေးခဲ့ဖူးပါတယ်။ ငယ်စဉ်က ထမင်းတစ်လုပ် လျှော့စားခဲ့တာကြောင့်လားမသိ ခုဆို ကျွန်တော်ဗိုက်ပြည့်နေအောင် ထမင်းစားလေ့မရှိပါဘူး။ တစ်ခါတစ်လေမှသာ ဗိုက်ကြီးပြည့်အောင် စားတတ်ပါတယ်။

နောက်အလှူတစ်ခုကတော့ ရန်ကုန်ကျောင်းသားဘ၀မှာပါ။ လစဉ် အိမ်ကပို့တဲ့ငွေကို ဘဏ်မှာသွားထုတ်ရင်း အဲ့ဒီနေ့ လမ်းမှာတောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ငွေနှစ်ရာ ပေးလေ့ရှိခဲ့ပါတယ်။ အဲ့ဒီနှစ်တွေမှာ အထူးခြားဆုံးနဲ့ ပီတိအဖြစ်ဆုံးတစ်ခုကတော့ ရန်ကုန်မြို့ရဲ့ ညတစ်ညမှာ ကျွန်တော် စာသင်ပြီး မြို့ထဲကနေ အဆောင်ကို ပြန်လာခဲ့ပါတယ်။ ညသန်းခေါင်ခန့်ရှိပြီမို့ ကားပေါ်မှာ လူလေးငါးယောက်သာ ပါပါတယ်။ ကျွန်တော်လည်း အရမ်းပင်ပန်းတာနဲ့ နောက်နားက ထိုင်ခုံမှာ သက်တောင့်သက်သာ ထိုင်နေရင်း လိုက်ပါလာခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ ကားစပယ်ယာကနေ အခုဆင်း ကားခလဲ မပေးပဲနဲ့ စသဖြင့် အော်ဟစ်ငေါက်ငမ်းသံကြားတာနဲ့ အကြည့်က အဲ့ဒီဘက်ကို ရောက်သွားပါတယ်။ ဗိုက်ကြီးသည် မိန်းမတစ်ယောက်၊ ခပ်နွမ်းနွမ်းနဲ့ လူပုံကလည်း ထမင်းတောင် စားရသေးပုံ မပေါ်ပါဘူး ပင်ပန်းနွမ်းလျနေပါတယ်။ စပယ်ယာကလည်း တစ်မှတ်တိုင်ပြီးတစ်ခါလောက် လာလာပြီး ဆူနေပါတယ်။ ကျွန်တော်လည်း သွားပြီးပေးလိုက်ရရင်ကောင်းမလားလို့ စဉ်းစားလိုက်၊ ကိုယ်က သူရဲကောင်း ၀င်လုပ်တယ်လည်း ထင်မှာစိုးလိုက်နဲ့ စိတ်ထဲမှာ အတွေးကြပ်နေပါတယ်။

လကုန်ဖို့ကလည်း သုံးရက်ပဲလိုပါတော့တယ်၊ ဒါ့ကြောင့် အိတ်ကပ်ထဲမှာကလည်း ငါးရာတန်တစ်ရွက်နဲ့ အနုတ်ကလေးတစ်ချို့သာ ကျန်ပါတော့တယ်။ ဒီကျန်တာလေး ကားခ လက်ဘက်ရည်ဖိုး ထားပြီး၊ ထမင်းကို အကြွေးမှတ်စားလိုက်ရင် လကုန်အထိ ကွက်တိပါပဲ။ ကိုယ့်အတွက်တွေးလိုက် ဟိုမိန်းမဆီအကြည့်ရောက်ကာ သူ့ကြည့်ရတာ တစ်နေကုန် ဘာမှမစားရသေးဘူးနဲ့တူတယ် ဆိုပြီး သနားလိုက်နဲ့ နောက်ဆုံးတော့ သနားတဲ့ စိတ်က အနိုင်ရသွားပြီး သူငါ့မှတ်တိုင်မှာ ဆင်းပါစေ၊ ဆင်းရင်တော့ ငါ့မှာကျန်တဲ့ ငွေငါးရာကို ပေးဖြစ်အောင်ပေးလိုက်မယ်ဆိုပြီး တွေးမိပါတော့တယ်။

 တော်ကြာ ပိုက်ဆံသွားပေးလိုက်လို့ ပေါက်တတ်ကရနဲ့ ကိုယ့်ကို အော်လွှတ်လိုက်ရင်လည်း အရှက်ကွဲဦးမယ်လို့ တစ်ဘက်ကနေလည်း ပြန်တွေးမိပြန်ပါတယ်။ အဲ့ဒီလိုတွေတွေးနေရင်းနဲ့ ကဲ ဖြစ်ချင်ရာဖြစ်တော့ ငါအရှက်ကွဲရရင်လည်း ခံလိုက်မယ်။ တော်ကြာ ငါသူ့ကို ဒီငွေမပေးလိုက်မိလို့ သူဘာမှ မစားရမသောက်ရဖြစ်တာနဲ့စာရင်တော့ တော်ပါသေးတယ်ဆိုပြီး၊ ကိုအရှက်ကွဲနိုင်တယ်ဆိုတဲ့ Risk ကို ဘယ်သူမှမပေးဘဲ ကိုယ့်ဟာကို ရဲရဲကြီးယူလိုက်ပါတော့တယ်။

အဲ့ဒီလိုနဲ့ ဂိတ်ဆုံးရောက်တော့ ထိုမိန်းကလေးလည်းဆင်း၊ ကျွန်တော်လည်း နောက်ကနေဆင်းလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကားသိမ်းဖို့ ပြန်ထွက်သွားတဲ့ ကားပေါ်ကနေ စပယ်ရာက ထိုမိန်းမကို လှမ်းပြီးကြည့်နေသေးတာနဲ့ ကျွန်တော်လည်း ခပ်မှောင်မှောင်နား မယောင်မလည်ရပ်နေတဲ့ သူ့နားမကပ်ရဲသေးဘဲ ဟိုကြည့်ဒီကြည့် ကြည့်နေလိုက်ပါသေးတယ်။ ပြီးတော့မှ သူ့ဆီလမ်းလျှောက်သွားပြီး အိတ်ထဲက လက်ကျန် ငါးရာကိုထုတ်ကို သူ့ကို ခပ်သွက်သွက် ကမ်းပေးရင်း "ခင်ဗျား အလိုရှိရာ သုံးပါ" လို့ ပြောလိုက်ရာ ၀င်းလက်သွားသော သူ့မျက်နှာ၊ အံ့သြ၀မ်းသာခြင်း၊ ကျေးဇူးတင်ခြင်းစတဲ့အရာတွေ ရောယှက်ပြီး ဘာမှပြန်မပြောနိုင်ဖြစ်နေသော သူ့ကို ကျွန်တော်ကြည့်နေရင်း ပီတိတွေတိုး မျက်ရည်ဝဲကာ လက်များပင် တုန်ရင်သွားပါတော့တယ်။ ပေးပြီးတာနဲ့ ကျွန်တော် သူ့ဆီက စကားမစောင့်ဘဲ ချက်ချင်းပဲ လှည့်ထွက်ခဲ့ပါတော့တယ်။

အဆောင်ဆီသို့ လမ်းလျှောက်သွားနေရင်း ကျွန်တော့်မှာ ပီတိတွေဖြစ်လွန်းလို့ ရင်တွေပင် တဒိုင်းဒိုင်း ခုန်နေပါတော့တယ်။ အိပ်ယာထဲမှာတော့ ရှိသမျှ ပိုက်ဆံလေးတော့ သူများကို ပေးလိုက်ပြီ။ မနက်ကို လက်ဘက်ရည်ဆိုင်သွားဖို့ ငွေမရှိတော့ပြီဟုတွေးလိုက်၊ အံ့သြ၀မ်းသာသွားသော ထိုမိန်းကလေးမျက်နှာကို မြင်ယောင်ကာ ပီတိဖြစ်လိုက်နှင့် ထိုညတော့ ကုသိုလ်စိတ်များ လွှမ်းခြုံကာ ကျွန်တော်ကောင်းကောင်း အိပ်စက်ခဲ့ပါတော့တယ်။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...