Saturday, January 5, 2013

သေချာတဲ့ဇေယျာ

သူ့နာမည်ကဇေယျာ အသက်ကတော့ ငါးဆယ်နီးနီးပေါ့။ မြန်မာမှာလည်း အစိုးရ၀န်ထမ်းအနေနဲ့ စက်ရုံတစ်ရုံမှာ အမှုထမ်းခဲ့ပါသေးတယ်။ အရာရှိငယ်လေးဘ၀နဲ့ ဆယ်စုနှစ်များစွာ တာဝန်ထမ်းခဲ့တာပေါ့။ ခုတော့ မိသားစု စားဝတ်နေရေးအတွက် ကိုရီးယားလာပြီး အလုပ်လုပ်နေရတယ်။ ရောက်တာက မကြာသေးပါဘူး။ သူ့ရဲ့ ပုံစံကတော့ အရပ်ပုပုကလေးနဲ့ စကားလည်း အလွန်ပြောတဲ့သူမို့ ချစ်စရာခင်စရာ ကောင်းပါတယ်။ ဘုန်းကြီးကျောင်းမှာ တစ်ခါတစ်လေ ဆုံကြတဲ့အခါ ခင်စရာကောင်းလို့ ၀ိုင်းပြီးကြပ်လေ့ရှိကြပါတယ်။ တစ်ချို့ကလည်း ဦးလေးကတော့ ကိုယ့်စကားနဲ့ကိုယ်ကို တိုင်တွေပတ်နေတာပဲ သူများကလာပြီး ကြပ်စရာကိုမလိုတာလို့လည်း ချစ်ဒေါသနဲ့ ပြောပြကြပါတယ်။

ဒီအပတ်တော့ ညပိုင်း အချိန်ပို ဆင်းတယ်ပေါ့။ ဘယ်သူမှ မရှိဘူး.. သူတစ်ယောက်တည်းပဲ.. အချိန်ပိုက ည ၁၁ နာရီအထိ ဆင်းပေးရမှာပါ။ သို့သော်လည်း မြန်မာတို့ ထုံးစံအတိုင်းပေါ့ သူဌေးလည်းမရှိ ဘယ်သူမှမရှိ ဘယ်သူသိတာမှတ်လို့ဆိုပြီး တစ်ရက်ကို နာရီဝက်စောပြီး ပြန်ပါတယ်။ မြန်မာမှာ ၀န်ထမ်းလုပ်လာတဲ့သူဆိုတော့ သူပြန်တဲ့အခါ သေသေချာချာ စက်ရုံကိုမီးတွေအကုန်မှိတ် ဓါတ်မီးလေးနဲ့ ဟိုစမ်းစမ်းဒီစမ်းစမ်းလေးနဲ့ အပြင်ကို ပြန်ပြန်ထွက်ကာ အိပ်ခန်းကိုပြန်လေ့ရှိတာပေါ့။

နေ့စဉ်နဲ့အမျှ ဒီလိုနာရီဝက် စောပြန်နေပေမယ့် သူ့ကိုဘယ်သူမှ သတိမထားမိလို့ သူ့ခမျာ အကျေနပ်ကြီး ကျေနပ်နေတာပေါ့။ ဒီလိုနဲ့ လခထုတ်တဲ့နေ့ရောက်တော့ သူ့အချိန်ပိုကြေးတွေ အပြည့်မပေးတာနဲ့ သူဌေးကို သွားကောတာပေါ့။ အဲ့ဒီမှာ သူဌေးက မင်းအချိန်ပြည့်ဆင်းတာ သေချာလားမေးတော့ သေချာတာပေါ့လို့ ရဲရဲကြီးပြန်ဖြေတာပေါ့။ သူတစ်ယောက်တည်း ညဆိုင်းဆင်းတာ ဘယ်သူသိတာမှတ်လို့။ အဲ့ဒီမှာပဲ သူဌေးက ရုံးခန်းထဲလိုက်ခဲ့ဆိုပြီး ရုံးခန်းက စီစီတီဗွီမှာ သူညညမီးမှိတ်ပြီး ခပ်ကုပ်ကုပ်လေးပြန်သွားတဲ့ပုံကို ပြလိုက်ရာ၊ အချိန်အတိအကျ.. သူ့ခမျာ မီးမှိတ်ပြီး မှောင်နေလို့ ဓါတ်မီးလေးနဲ့ သွားလာနေရပေမယ့် ကင်မရာထဲမှာတော့ နေ့ခင်းကြီးလို လင်းလင်းရှင်းရှင်း သူ့ပုံကြီးကိုမြင်လိုက်ရမှ ကြက်သီးထသွားပါတော့တယ်။ ဒါ့အပြင် အလုပ်ရှင်က သူ့ဖုန်းထဲကနေ စီစီတီဗွီ ကင်မရာတွေကို ကြည့်လို့ရကြောင်းတောင် ပြလိုက်ပါတော့တယ်။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...