Saturday, January 5, 2013

ကျွန်တော်နှင့် ဟာသ သရုပ်ဆောင် မင်းသားကြီး ကိုသျှားညို


တစ်ချိန်တုန်းက သူကြီးသားကိုက်ဖမ်းကာ ခပ်ပိုပိုအမူအရာတွေနဲ့ ပရိတ်သတ်အချစ်တော်ဖြစ်ခဲ့တဲ့ ဟာသမင်းသားတစ်လက်ကတော့ ကိုသျှားညိုပေါ့။ သူ့ကို ဟာသမင်းသားအနေနဲ့ပဲ လူတွေသိကြပေမယ့် ကျွန်တော့်အနေနဲ့တော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်၊ ပန်းချီ၊ အနုပညာသမားတစ်ယောက် အနေနဲ့ပါ သိထားတဲ့အတွက် အများထက်ပိုလို့ လေးစားချစ်ခင်မိပါတယ်။ သူနဲ့ပက်သက်လို့ အမှတ်တရရှိနေခဲ့တဲ့ အဖြစ်အပျက်လေး ကျွန်တော့်ဘ၀မှာ ရှိခဲ့ပါတယ်။ အဲ့ဒါလေးကတော့......

From his facebook
ရန်ကုန်ရဲ့နေပူကျဲတဲ နွေရာသီတစ်ရက်မှာပေါ့ ကြို့ကုန်းမှာရှိတဲ့ စက်မှုကျောင်းတော်ကြီးရဲ့ ဆင်းရဲသားဂိတ်ကနေထွက်ကာ အင်းစိန်ဘက်ကို သွားဖို့အတွက် ကျွန်တော်တစ်ယောက်တည်း ကားစောင့်နေခဲ့တယ်။ အတန်းတက်ထားတာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ ပုံမှန်စတိုင်ဖြစ်တဲ့ ကချင်လွယ်အိတ်အနီ၊ ပြောင်ရှပ်အင်္ကျီလက်ရှည်၊ အရောင်မှိုင်းမှိုင်း ပုဆိုးနဲ့ ကတ္တီပါဖိနပ်ကိုစီးထားပါတယ်။ ဒါကျွန်တော့်ကို ငယ်ငယ်ကတည်းက အမေက ဆင်ပေးခဲ့တဲ့ပုံစံပါ။ အင်္ကျီအကွက်ကို ကျွန်တော်စတုတ္ထနှစ် ကျောင်းသားဘ၀လောက်ရောက်မှ ၀တ်ဖူးတာပါ။ အမြဲတန်း တစ်ရောင်တည်း အင်္ကျီကိုသာ ၀တ်ဆင်လေ့ရှိပါတယ်။


အဲ့ဒီလို စောင့်နေရင်းနဲ့ ဒိုင်နာတစ်စီးလာနေတာကို ခပ်ဝေးဝေးမှာ မြင်လိုက်ရပါတယ်။ ပုံမှန်ဆို ဒိုင်နာကားကို မစီးဖြစ်အောင် ရှောင်လေ့ရှိပေမယ့် ဒီနေ့တော့ နေကလည်းပူ စောင့်ရတာလည်း ကြာတာကြောင့် ဒီကားနဲ့လိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီလို စဉ်းစားနေလို့ ကားကိုတားတာ နောက်ကျသွားပါတယ်။ ကားကလည်း ရှေ့ကိုကျော်သွားပြီး စပယ်ယာက အစ်ကိုပြေးခဲ့ပြေးခဲ့လို့ လှမ်းပြီးအော်လိုက်ပါတော့တယ်။ ဒါနဲ့ ကျွန်တော်လည်း ကားပေါ်တက်ဖို့အပြေး ကားနားရောက်ခါနီးမှာပဲ ကားပေါ်က လူတစ်ယောက်ကနေ အူယားဖားယားနဲ့ "ဟာ... ကိုသျှားညို ကိုသျှားညိုကြီးပါလား ဟဟဟဟ" ဆိုပြီး ၀မ်းသာအားရ အော်လိုက်ရာ တစ်ကားလုံးက မျက်လုံးတွေဟာ ကျွန်တော့်ဆီ ပုံကျလာပြီး ကျွန်တော်လည်း ရှက်သလိုလို ရွံ့သလိုလိုနဲ့ ပူထူသွားပြီး ဘာလုပ်ရမှန်းမသိကိုဖြစ်သွားကာ အတွင်းထဲဝင်စီးလို့ရတာကို နောက်နားမှာပဲ တွယ်ကာရပ်လျက် လိုက်ပါပါတော့တယ်။ 

အဲ့ဒီမှာ ဟိုလူက သူလူလွဲသွားတယ်ဆိုပြီး ကျွန်တော့်ဆီလာပြီး "တောင်းပန်ပါတယ်ဗျာ" လာလုပ်နေလို့ ကိုယ့်ခမျာ ရပါတယ်လို့သာ တွင်တွင်ပြောရင်း စိတ်ထဲကနေ ခင်ဗျားတောင်းလည်း မပန်နဲ့ ကျုပ်နားလည်း မလာနဲ့ ဒီကိစ္စ ဒီမှာတင် ရပ်လိုက်ရင် ကောင်းမယ်ဗျာဆိုပြီးသာ ဇောချွေးများပြန်ကာ ရေရွတ်နေမိပါတော့တယ်။ 

မောင်မျိုး(စက်မှု)


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...