Monday, January 14, 2013

ငြိမ်သက်နေသောပင်လယ်အော် (သို့မဟုတ်) Rock ဂီတရဲ့ကဝေ “လေးဖြူ”


မနေ့ညကပဲ ဆရာသိန်းဖေမြင့်ရေးတဲ့ ဦးကျော်ငြိမ်းအကြောင်းစာအုပ်ဖတ်နေရင်းနဲ့ သူတို့သူငယ်ချင်းနှစ်ယောက်များ တစ်ယောက်က တိုင်းပြည်အကျိုးပြုတဲ့ ၀န်ကြီးဖြစ်ပြီး နောက်တစ်ဦးက နာမည်ကျော် မျိုးချစ်စာရေးဆရာကြီးဖြစ်လို့ဆိုပြီး တွေးမိကာ အားကျမိသလို၊ ကိုယ့်မှာလည်း အဲ့ဒီလို ကိုယ့်အပေါ်နားလည်ကူညီလေ့ရှိတဲ့ ကျောင်းနေဖက် သူငယ်ချင်းကောင်းတစ်ယောက် ရှိတယ်ဆိုပြီး ယှဉ်တွေးနေမိတယ်။ မယှဉ်နိုင်တာကတော့ သူတို့နှစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ ကျွန်တော်တို့နှစ်ယောက် အောင်မြင်မှုက ဆီနဲ့ရေလိုကွာဟနေတာပါပဲ။ တက္ကသိုလ်ကျောင်းသားဘ၀ နှစ်ယောက်သား အခန်းလေးတစ်ခန်းမှာ အတူနေပြီး ကျော်ဖြတ်ခဲ့ကြတယ်။ သူ့ရဲ့ပုလင်းဖင်မျက်မှန်ကြီးနဲ့ စာကုန်းဖတ်နေတတ်ပြီး၊ လေးဖြူလေးဖွင့်စမ်းပါဦးကွဆိုပြီး ကက်ဆက်ဖွင့်ခိုင်းတတ်တယ်။ ကျွန်တော်တို့နှစ်ယောက် သီချင်းကြိုက်ပုံက တော်ရုံလူနဲ့ဆို မလွယ်လောက်ဘူး။ နှစ်ယောက်သား ဆူဆူညံညံ ရော့ခ်သီချင်းတွေကို အကျယ်ကြီးဖွင့် နားထောင်လိုက်ရမှ စိတ်ကျေနပ်ကြတယ်။
ခုတော့ သူကြိုက်တဲ့ လေးဖြူကြီးအကြောင်း ရေးပို့လိုက်လို့ ကျွန်တော်လည်း အရမ်းဝမ်းသာသွားတယ်။ သူ့စာဖတ်နေရင်းနဲ ငယ်ငယ်က ကျွန်တော်တို့ ရူးသွပ်ခဲ့ကြတာတွေကို ပြန်မြင်ယောင်ပြီး ပြုံးနေမိတယ်။
စာဖတ်အားကာင်းသလို စာရေးလည်း ကောင်းလှပါတယ်။ ကျောင်းသားဘ၀ ကဗျာလေးတွေ ထုတ်တုန်းကပဲ သူစာခဏရေးပြီး မရေးဖြစ်တော့ပေ။ အခုသူစာရေးပြီ.. ဟုတ်တယ် "ဟန်ညီငယ် စာပြန်ရေးပြီ" ကျွန်တော် အရမ်းဝမ်းသာပါသည်။ 

ကျောင်းသားဘ၀ ထုတ်ဝေခဲ့သော ကဗျာစာအုပ်ထဲမှ ယခုထိမှတ်မိနေသော ကျွန်တော့်ကဗျာ

"ကြွေ"

ငယ်စဉ်က ကလေးဘဝ
ထားခဲ့တဲ့ သံယောဇဉ်
ရင်ခုန်ကာ ထပ်ဆင့်တိုး
ပျိုးမိတဲ့ သည်အချစ်

ပြည့်ဖြိုးတဲ့ ဒီရင်(အချစ်)
ဖွင့်ပြောမယ် ဟန်ပြင်တော့
စိတ်ဆိုးတဲ့ မင်းနှုတ်ဖျား
      အငြင်းစကားလားကွယ် .......

                                 မောင်ဝမ်းနွယ်

(သူ့စာနဲ့မဆိုင်ပေမဲ့ သူနဲ့ရှိနေချိန်မှာ ကျွန်တော်ရေးခဲ့တဲ့ကဗျာမို့ အမှတ်တရ ဒီစာထဲမှာ ထည့်လိုက်တာပါ)


"ငြိမ်သက်နေသောပင်လယ်အော် (သို့မဟုတ်) Rock ဂီတရဲ့ကဝေ “လေးဖြူ”"

ပင်လယ်အော်ဆိုတာက ကွေ့ကောက်တယ်… နက်ရှိုင်းတယ်… အချိုးအကွေ့တွေများတယ်…
ပြီးတော့ သူ့ရဲ့သဘာဝကလည်း ဘယ်အချိန်မှာ ဘာတွေဖြစ်ပေါ်လာမလဲဆိုတာ မမှန်းဆနိုင်ဘူးလေ …
တစ်ခါတစ်ရံ ဒီရေတွေ …လှိုင်းလုံးတွေ … မုန်တိုင်းတွေနဲ့ ဝုန်းဒိုင်းကျဲချင်ကျဲနေမယ် …
တစ်ခါတစ်ရံလည်း တငြိမ့်ငြိမ့်ပြေးလွှားနေတဲ့ ရေလှိုင်းဖွေးဖွေးတွေနဲ့ အိနြေ္ဒဆည်နေလိမ့်မယ် …
မာယာများတယ်ပဲဆိုဆို ပင်လယ်အော်ဆိုတာ ကုန်းမြေနဲ့ပင်လယ်တို့ရဲ့ ဆက်နွယ်မှုတစ်ခုပါပဲ …
သေချာတာက အမြဲတမ်းငြိမ်သက်နေတဲ့ ပင်လယ်အော်ဆိုတာတော့ မရှိနိုင်ဘူးလေ …
သဘာဝတရားကြီးက ဖန်ဆင်းပေးထားတဲ့ ပင်လယ်အော်လိုပဲ အနိမ့်အမြင့် အတက်အကျ အချိုးအကွေ့ အလှည့်အပြောင်းမျိုးစုံနဲ့ ရသမျိုးစုံပေးစွမ်းနိုင်တဲ့ တမူထူးခြားတဲ့ပင်လယ်အော်တစ်ခုရှိပါတယ် …
အဲဒါကတော့ " BOB (သို့မဟုတ်) ဘင်္ဂလားပင်လယ်အော်” ပါ …


 ပင်လယ်ပြင်ကြီးကို ချစ်မြတ်နိုးသူတွေအတွက် လတ်ဆတ်တဲ့ပင်လယ်ရဲ့အငွေ့အသက်တွေနဲ့ ထူးထူးခြားခြားဖန်တီးထားတဲ့ ကိုယ်ပိုင်သံစဉ်တေးစုလေးရဲ့ဖန်ဆင်းရှင် …  ဘုရားပေးတဲ့အသံကို ထူးထူးခြားခြားပိုင်ဆိုင်ထားသူ… သူ့ကိုချစ်ခင်သူတွေက “ကိုလေး”  လို့ မြတ်မြတ်နိုးနိုးခေါ်ဆိုကြတဲ့ ကိုလေးဖြူတစ်ယောက် ငြိမ်ချက်သားကောင်းနေခဲ့တာဟာ ၂၀၀၈ နှစ်ကုန်ပိုင်းမှာ BOB အခွေထွက်ရှိပြီးနောက်ပိုင်း လေးနှစ်တာကာလကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ် … သူ့ပရိတ်သတ်တွေဟာ ဘင်္ဂလားပင်လယ်အော်ကြီးထဲမှာပဲ တဝဲလည်လည်စီးမျောရင်း  “♫…♪  အသစ်တစ်ခုကိုပေးပါ … လိုချင်တာအသစ် ♫…♪” လို့  “ကိုလေး”   ရဲ့ သီချင်းစာသားကို အော်ဟစ်သီဆိုရင်း “လေးဖြူ ရဲ့ အခွေသစ်“ကို မွတ်သိပ်စွာ ဆာလောင်တောင့်တနေကြပါပြီ …

သူ့ရဲ့ ROCK ဂီတသမိုင်းတစ်လျှောက်မှာ အောင်မြင်စွာစိုက်ထူခဲ့တဲ့ မှတ်တိုင်တွေဟာဖြင့် “ကန္တာရလမင်း” ကစလို့ ရေတွက်လိုက်ရင် “ဘင်္ဂလားပင်လယ်အော်”အဆုံး မှတ်တိုင်ပေါင်း(၁၅)ခုတိတိ ရှိခဲ့ပါပြီ… “ ဂီတလောကထဲမှာ ကျွန်တော့်ရဲ့ဘဝကိုပြောင်းလဲစေတဲ့သီချင်းတစ်ပုဒ်ပါ “ လို့ ကိုယ်တိုင်ဝန်ခံပြောကြားခဲ့တဲ့ “အလင်းရောင်” သီချင်းဟာ ၁၉၉၄ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ “ကန္တာရလမင်း” တေးစီးရီးမှာပါဝင်ခဲ့ပါတယ်… ဒီသီချင်းခွေကို သီဆိုအသံသွင်းချိန် မှာတော့ ကိုလေးဖြူရဲ့အသက်က (၂၈) နှစ်ပါ … ကိုလေးဖြူနောက်ဆုံးထွက်ရှိခဲ့တဲ့ ကိုယ်ပိုင်သံစဉ်စီးရီး “ဘင်္ဂလားပင်လယ်အော်”ကို သူ့ရဲ့ အမာခံ ROCK ပရိတ်သတ်တစ်ချို့ကပျော့တယ်လို့ ဝေဖန်သံတွေထွက်ရှိခဲ့ပေမယ့် သူ့ အသက်(၄၄)နှစ်ထဲမှာ ဖန်တီးခဲ့တဲ့ BOB တေးစုထဲက “ သံယောဇဉ်” သီချင်းဟာဖြင့် ချစ်သူတွေရဲ့ အပြန်အလှန်ခေါ်ဆိုမှု သင်္ကေတတစ်ခု ဖြစ်လို့နေခဲ့ပါတော့တယ်… နေရာအနှံ့အပြားမှာ မကြာခဏကြားနေရတဲ့ Ringtone သံစဉ်ချိုချိုလေးတစ်ခု အဖြစ် ပျံ့လွင့်နေဆဲပါ …အဆိုပါ “ဘင်္ဂလားပင်လယ်အော်” တေးစုဟာ ပုံမှန်စတူဒီယိုခန်းမထဲတွင် အသံသွင်းထားခြင်းမျိုး မဟုတ်ဘဲ ငွေဆောင်ကမ်းခြေတွင်တည်ရှိသော Bay Of Bengal Hotel ၌် အခြေပြုကာ ပင်လယ်ကမ်းခြေတွင် တပြိုင်တည်း တီးခတ်သီဆို အသံသွင်းကာ တိုက်ရိုက်အသံသွင်း(Live Recording) လုပ်ထားသော ကိုလေးဖြူရဲ့ ထူးခြားသည့် ကိုယ်ပိုင်သံစဉ် တေးသီချင်းခွေဖြစ်ပါတယ် …

ဂီတလောကထဲမှာ နေရာတစ်နေရာရလာဖို့ နာမည်ကျော်ကြားလိုမှုအတွက်သာ ရည်ရွယ်ပြီး ကြိုးစားခဲ့သူမဟုတ်ဘဲ ဂီတကို အသွေးအသားထဲက ချစ်မြတ်နိုးလို့ ၊ ဝါသနာတူသူငယ်ချင်းတွေနဲ့အတူတူ Music ကိုဖန်တီးနေရရင် ပျော်ရွှင်နေလို့သာ Music မှ Music စိုက်လိုက်မတ်တပ်လုပ်ခဲ့ရင်း လေးဖြူရယ်လို့ ဖြစ်တည်လာခဲ့သူဖြစ်ပါတယ် … သူချစ်တဲ့ဂီတတွေ Music တွေကို ရိုးသားစွာပဲ ဖန်တီးတတ်ပြီး၊ သူ့ပရိတ်သတ်တွေကိုလည်း သူယုံကြည်တဲ့၊သူခံစားလို့ရတဲ့ ဂီတအမျိုးအစားကိုပဲ ရိုးရိုးသားသား ချပြတတ်သူလည်း ဖြစ်ပါတယ် …“ဘင်္ဂလားပင်လယ်အော်” စီးရီးကို ပျော့တယ်လို့ ဝေဖန်သံတွေအတွက်တော့ ဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့ ၊သဘာဝဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ကမ္ဘာကြီးထဲက လူတွေအတွက် BOB ထဲကသီချင်းတွေနဲ့ လူတွေကို တစ်ထောင့်တစ်နေရာကနေ အေးချမ်းသွားစေချင်လို့ ဒီလိုမျိုးညက်ညောတဲ့ သီချင်းအမျိုးအစားတွေကို သေသေချာချာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်လို့လည်း ကိုလေးဖြူက ဖြေရှင်းခဲ့ဖူးသလို… ကျွန်တော် စိန်ခေါ်တာတော့မဟုတ်ပါဘူး ဒီသီချင်းတွေကို ကိုယ်တိုင် နည်းနည်းတီးပြီးဆိုကြည့်လိုက်ပါ …အသက်သာကြီးထဲကတော့မဟုတ်ပါဘူးလို့လည်း ရဲရဲဝင့်ဝင့် ပြောဆိုခဲ့ဖူးပါတယ်…ဒါဟာ သူ့ပရိတ်သတ်အပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်တတ်တဲ့ ကိုလေးဖြူရဲ့ ရင်တွင်းစကားလုံးများပဲဖြစ်ပါတယ်…


သူ့ရဲ့ဂီတသက်တမ်းတလျှောက်မှာ ကိုလေးဖြူဟာ အင်တာဗျူးတွေ အများကြီးမလုပ်ခဲ့တာ၊ကိုလေးဖြူရဲ့ ဆက်ဆံရေး မညက်ညောဘူးဆိုတဲ့ ဝေဖန်သံများစွာ ထွက်ရှိခဲ့တာတွေအတွက်လည်း “အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ဟာ Social Dealing သိပ်မကောင်းဘူး …ဒါဟာ ကျွန်တော့်ရဲ့ညံ့ဖျင်းမှုလို့ ပြောချင်ပြောပါ …ကျွန်တော်တို့ တစ်ဖွဲ့လုံးဟာ အင်တာဗျူးတွေကို သိပ်မကြိုက်ဘူး မယုံကြည်ဘူးဗျ … အပေါ်ယံစကားလုံးအလှတွေကို ရွေးပြီးသုံးရတာမျိုးတွေကို မကျွမ်းကျင်ဘူး… လိုရင်းကိုပဲ တည့်တည့်ပြောတဲ့အခါကျတော့ ကျွန်တော်တို့ရိုင်းတယ်ဆိုတာမျိုး ဖြစ်လာတယ်ဗျ “ လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတတ်သူလည်း  ဖြစ်ပါတယ် …ဂီတလောကမှာ ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့ဖူးတဲ့ Copy နဲ့ Owntune ဂယက်အပေါ် ကိုလေးဖြူရဲ့အမြင်ကတော့ ပြတ်သားပါတယ် … ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ်ဘာလဲတောင် ကောင်းကောင်းသိပုံမရတဲ့ စာနယ်ဇင်းသမားတွေရဲ့လုပ်ကွက်တစ်ခု၊မီဒီယာစာမျက်နှာပေါ်မှာ လုပ်စားလို့ကောင်းအောင် ထွင်တားတဲ့ထွင်လုံးတစ်ခု လို့ပဲ ယူဆထားပါသတဲ့ … ကျွန်တော့်ရဲ့သီချင်းတွေကိုတောင် နားမထောင်ဘူးပဲနဲ့ ကျွန်တော့်ကိုလာပြီးအင်တာမဗျူးနဲ့ဗျ လို့ ပေါ်တင်ပြောတတ်သူတစ်ဦးပါ … ဒီလိုမျိုး ရိုးသားပွင့်လင်းစွာ ပြောတတ်တဲ့ ဒဲ့ဒိုးစကားလုံးတွေကြောင့် ကိုလေးဖြူဟာ အင်တာဗျူးတွေမှာ ဆက်ဆံရေး မညက်ညောဘူးလို့ အသံထွက်တာဟာ သိပ်တော့မဆန်းလှပါဘူး …ဂီတကို ကော်ပီရယ် ကိုယ်ပိုင်သံစဉ်ရယ်လို့ မခွဲခြားချင်ဘဲ ကိုယ်ယုံကြည်ရာဂီတကိုသာ ရိုးသားစွာဖန်တီးချင်တဲ့ ကိုလေးဖြူပါ … စာနယ်ဇင်းကျင့်ဝတ်နားမလည်တဲ့ ဂျာနယ်မီဒီယာတစ်ခုဆိုရင် ကိုယ့်ဂျာနယ်ရောင်းကောင်းစေရန်သာ ရည်ရွယ်ကာ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးမှုနဲ့ပါတ်သတ်ပြီး ကိုလေးဖြူ  မပြောခဲ့တဲ့ စကားလုံးတွေကို ပြောခဲ့သယောင် ဂျာနယ်မှာတင်ပြီးဖွခဲ့လို့ ကိုလေးဖြူကိုယ်တိုင် သတင်းစာမှာကြေငြာပြီး သတိပေးရတဲ့အထိဖြစ်ခဲ့ပါတယ် … ဒီအဖြစ်အပျက်တွေကိုကြည့်ရင် ကိုလေးဖြူကို ဒီလိုမျိုးခုတုံးလုပ်ပြီး စားပေါက်ထွင်ကြတဲ့သူတွေ ရှိနေလို့သာ ကိုလေးဖြူဟာ ဘာကြောင့်အင်တာဗျူး တော်တော်များများကို ရှောင်လေ့ရှိသလဲဆိုတဲ့ အကြောင်းရင်းမှန်ကို သူ့ပရိတ်သတ်တွေ သဘောပေါက်မိကြမှာပါ …

ကိုလေးဖြူရဲ့ တစ်ချို့သောအရာတွေအပေါ်မှာထားရှိတဲ့ ယုံကြည်ချက်တွေဟာ အများတကာလို ပေါ်ပင်လိုက်လေ့မရှိဘူး ဆိုတာကိုတော့ “ပါဝါ ၅၄”ဆိုတဲ့ တေးစီးရီး Title ပေးခဲ့မှုမှာ အထင်းသားတွေ့မြင်နိုင်ပါတယ် …သူ့ရဲ့ “ကမ္ဘာသစ်တေး”  အခွေထဲမှာလည်း ဖြတ်သန်းနေရတဲ့ ခေတ်တစ်ခုမှာ သဘာဝမကျတဲ့လောကကြီးရဲ့ လွဲချော်မှုတွေကို “♫…♪…ယုံကြည်တာတွေကို မြောင်းထဲလွှင့်ပစ်ဖို့ မကြံနဲ့ …ရူးချင်ယောင်ဆောင်မနေနဲ့ … ဟေ့ … ရူးချင်ယောင်ဆောင်မနေနဲ့ …ယိုနေတာတွေကို လက်ပိုက်ပြီးတော့ကြည့်မနေနဲ့ … ♫…♪ ” လို့ ထိထိမိမိ သီဆိုသရော်ခဲ့သူလည်း ဖြစ်ပါတယ် … IC ၁၅နှစ်ပြည့် အထိမ်းအမှတ်စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီးနောက်ပိုင်း လေးနှစ်ကျော်ခန့် စင်မြင့်ဖျော်ဖြေပွဲများတွင် ပါဝင်သီဆိုခြင်းမပြုတော့ချိန် Iron Cross ရဲ့ စင်မြင့်တေးဂီတဖျော်ဖြေပွဲတွေမှာ “ လေးဖြူ … လေးဖြူ” လို့ အဆက်မပြတ် အော်ဟစ်တောင်းဆိုနေကြတဲ့ သူ့ပရိတ်သတ်တွေရဲ့ အသံတွေဟာ သူ့ကိုပရိတ်သတ်တွေက မည်မျှချစ်ကြသလဲ မည်မျှတောင့်တကြသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲဖြစ်ပါတယ် …ထို့အတူ ကိုလေးဖြူကလည်း သူ့ပရိတ်သတ်တွေကို မည်မျှချစ်သလဲ မည်မျှတန်ဖိုးထားသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်ခံပြည်သူတွေအတွက် ရန်ပုံငွေပွဲမှာ Iron Cross နဲ့အတူ စင်မြင့်ပေါ်ကို ပြန်လည်တက်ရောက်ပြီး သီချင်းတွေကို ပြန်လည်သီဆိုခဲ့ခြင်းပဲဖြစ်ပါတယ် …


Iron Cross က ဂီတညီအစ်ကိုတွေနဲ့အတူ ဂီတလမ်းမှာ လက်တွဲညီညာစွာလျှောက်လှမ်းရင်း တေးရေး၊တေးဆို အသစ်၊အသစ်တွေကို ဂီလလမ်းပေါ်သို့ လက်တွဲခေါ်ယူမှုအပိုင်းမှာလည်း လေးဖြူတင်ပေးလို့ အသစ်တွေ စင်ပေါ်ရောက်တာမဟုတ်ဘဲ ကိုယ့်ပါရမီနဲ့ကိုယ့်ထူးချွန်မှုသာ အဓိကဖြစ်ကြောင်း ရိုးသားစွာ ပြောဆိုခဲ့သူဖြစ်ပါတယ် …
ကိုကြီးငဲရယ်လို့ ဖြစ်တည်လာတဲ့ အငဲဟာလည်း လေးဖြူရဲ့ညီဖြစ်လို့ အောင်မြင်တာမဟုတ်သလို …
ဝိုင်ဝိုင်းရယ်လို့ ဖြစ်တည်လာခဲ့သူဟာလည်း လေးဖြူနဲ့ကျောင်းနေဖက်သူငယ်ချင်းဖြစ်လို့ အောင်မြင်တာလည်းမဟုတ်ပါဘူး …
ထို့အတူပဲ မျိုးကြီးဟာလဲ လေးဖြူစင်တင်ပေးလို့ အောင်မြင်လာတဲ့အဆိုတော်မဟုတ်တာကို ယခုထိတိုင်အောင်မြင်မှုကို ကြာရှည်ထိန်းသိမ်းထားနိုင်တဲ့ သူတို့ရဲ့အရည်အချင်းတွေက သက်သေပြနေပါတယ် …
“ ခဏလေးများ “ အခွေမှာ ကိုလေးဖြူ တေးရေးအသစ်အဖြစ် စတင်ပွဲထုတ်ခဲ့သည့် လင်းလင်းဆိုရင် ယခုအချိန်မှာတော့ လူငယ်ထုနှင့် ရင်ဘတ်ချင်းနီးကပ်သော တေးရေးတေးဆို တစ်ယောက်အဖြစ် အောင်မြင်မှုများစွာ ရရှိနေခဲ့ပြီဖြစ်ပါတယ် …
ဒီအောင်မြင်မှုတွေအားလုံးဟာ ကိုလေးဖြူကြောင့် အောင်မြင်ခဲ့တာပါလို့ ပြောလို့မရသလိုပဲ ကိုလေးဖြူရဲ့ အကူအညီ၊အထောက်အပံ့တွေ တစ်စိတ်တစ်ပိုင်း မပါဝင်ဘူးလို့လည်း ငြင်းလို့ရနိုင်မည် မထင်ပါ …

ပရိတ်သတ်တွေကို အကျိုးမပြုနိုင်တဲ့၊အန္တရာယ်ရှိနိုင်သော ဆေးလိပ်၊အရက်၊ဘီယာကြေငြာတွေကို လုံးဝရိုက်ကူးလေ့မရှိသူ ကိုလေးဖြူမှာ သူ့ပရိတ်သတ်တွေကို အချက်ပြလေ့ရှိတဲ့ ချစ်စရာအထာလေးတစ်ခုရှိပါတယ် … ဒါကတော့ သူ့ရဲ့ မူပိုင် CNC အဝတ်အစားကြော်ငြာမှာ သူအသစ်ထွက်ရှိမယ့် အခွေသစ်ထဲက သံစဉ်များကိုထည့်သွင်းလို့ ပရိတ်သတ်တွေကို ကြိုတင်ရင်ခုန်ခံစားစေပါတယ် …ပရိတ်သတ်တွေဟာ ကိုလေးဖြူ အခွေသစ် ဘယ်တော့ထွက်မလဲ၊ဘယ်လိုဂီတအမျိုးအစားတွေ ပါဝင်မလဲဆိုတာကို သူ့ရဲ့ CNC ကြော်ငြာအသစ်ကို စောင့်မျှော်ရင်း ရင်ခုန်ရလေ့ရှိပါတယ် ... “ဘင်္ဂလားပင်လယ်အော်” အလွန်မှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ Rock ဂီတရဲ့ကဝေကြီး ကိုလေးဖြူကို အခွေသစ်မထွက်သေးဘူးလားရယ်လို့ တမေးတည်းမေးနေကြတဲ့ သူ့ပရိတ်သတ်တွေအတွက် ကျေနပ်စေမယ့်အဖြေတစ်ခုကိုတော့ ရွှေအမြုတေမဂ္ဂဇင်းက ကိုလေးဖြူထံကို သွားရောက်အင်တာဗျူးပြီး ပရိတ်သတ်တွေဆီကို အခုလို ယူဆောင်တင်ပြလာပါတယ် ..

အကြောင်းအရာ အပြည့်အစုံကတော့ "  သီချင်းများနဲ့ ခရီးသွားတဲ့ လေးဖြူ   "ဆိုတဲ့ အင်တာဗျူးလေးထဲမှာပါ …


၂၀၁၂ ခုနှစ် အတွင်းမှာ ပြည်ပဖျော်ဖြေပွဲများ သွားရောက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာတော့ အသံသွင်းဖို့ ရည်ရွယ်ပြီး သီချင်းစုစုပေါင်း အပုဒ် ၂၀ လောက် ယူသွားခဲ့တယ်…အဲဒီထဲကမှ အကျေနပ်ဆုံး သီချင်းသစ် ၃ ပုဒ် ကို သီဆိုအသံသွင်းခဲ့တယ်လို့ ရွှေအမြုတေမဂ္ဂဇင်းနဲ့အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်… နောနော် ရေးတဲ့သီချင်းကို ဗာဂျီး နီးယားက Cue စတူဒီယိုမှာ အသံသွင်းယူခဲ့ပါသတဲ့ … ဒုတိယသီချင်းကိုတော့ ရယ်ဂျီရေးသားပြီး လော့စ်အိန်ဂျလိစ် ဟောလိဝုဒ်က ပါရာမောင့် ရီကောဒင်း စတူဒီယိုမှာ သွင်းခဲ့ပါတယ် … တေးရေးအသစ်ဖြစ်တဲ့ မိုဃ်းသွေး ရေးထားတဲ့သီချင်းကိုတော့ ဆန်ဖရန်စစ္စကိုက Trilogy စတူဒီယိုမှာ သွင်းခဲ့ပါတယ်တဲ့ …ကိုလေးဖြူရဲ့အခွေသစ်မှာ စံပီးနဲ့ကေအေတီတို့ရဲ့ သီချင်းတွေလည်း ပါဝင်မယ့်အကြောင်းကိုလည်း သတင်းကောင်းပါးထားပါသေးတယ် … ထွက်ရှိလာမယ့်အခွေသစ်မှာ သီချင်းဘယ်နှပုဒ်ပါမလဲဆိုတာ မပြောနိုင်သေးသလို ဘယ်တော့ထွက်မယ်ဆိုတာလည်း ပြောလို့မရသေးပါဘူးလို့ ပြောပြသွားခဲ့ပြီး… အမေရိကခရီးစဉ်မှာ အသံသွင်းယူခဲ့တဲ့ သီချင်းသုံးပုဒ်ထဲက ရယ်ဂျီ ရေးတဲ့သီချင်းကတော့ ပရိသတ်ကို အရင်ဆုံးချပြမဲ့သီချင်း ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်… သီချင်းသွင်းတဲ့ ကုန်ကျစရိတ်တွေကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ အကုန်အကျခံခဲ့တာပါလို့ ကိုလေးဖြူကပြောပါတယ်… US မှာ အသံသွင်းဖို့ စုစုပေါင်း အပုဒ် ၂၀ လောက် ယူသွားခဲ့တယ်… ဟဲဗီးရော့ခ်၊ဟဲဗီးမက်တယ်လ်  ပုံစံတွေများပါတယ် … ကျွန်တော်တို့အကြမ်းတီးပြလိုက်တာနဲ့ နှစ်ခါက်သုံးခေါက် နားထောင်ပြီးတာနဲ့ US က စတူဒီယိုပိုင်ရှင်တွေ၊ စတူဒီယိုအင်ဂျင်နီယာတွေက အရမ်းချီးကျူးကြတယ်။ကျွန်တော့်သီချင်းတွေကို သူတို့တွေ အရမ်းသဘောကျသွားတယ် လို့လည်း ပြောပြခဲ့ပါတယ် …


ပင်လယ်ကမ်းခြေမှာ တကူးတကသွားရောက် ခံစားသီဆို အသံသွင်းယူခဲ့တဲ့ “ဘင်္ဂလားပင်လယ်အော်” စီးရီးကို နှစ်ခြိုက်ကြတဲ့ သူ့ပရိတ်သတ်တွေအတွက်တော့ အမေရိကန်ပြည်ထောင်စုမှာ သီချင်းတချို့တဝက် အသံသွင်းယူခဲ့တဲ့  ကိုလေးဖြူရဲ့ တေးစီးရီးသစ်ကိုလည်း ရူးရူးမူးမူး စွဲလမ်းနှစ်ခြိုက်ကြဦးမှာ သေချာပါတယ် … ကိုလေးဖြူရဲ့ တေးစီးရီးသစ်ဟာ မကြာခင်မှာထွက်ရှိလာတော့မယ်လို့လည်း သူ့ပရိတ်သတ်တွေက ယုံကြည်နေကြပါတယ် … ဒီရက်ပိုင်းအတွင်း မြန်မာပြည်က အင်တာနက်သုံးစွဲသူတွေ နှစ်ခြိုက်စွာ အသုံးပြုလေ့ရှိတဲ့ Facebook Social Network မှ  ဟာသ Fan Page တစ်ခုကလည်း ကိုလေးဖြူရဲ့ တေးစီးရီး Cover Design တစ်ခုကို Post တင်လာခဲ့ပါတယ် …
ပေါင်ပေါ်တွင် ဂစ်တာတစ်လက်ကိုတင်ကာထိုင်နေရင်း ဂစ်တာကိုပိုက် လက်တင်မေးထောက်ရင်း အဝေးကိုငေးမျှော်နေတဲ့ ကိုလေးဖြူရဲ့ ဒီဇိုင်းခပ်မိုက်မိုက် ဓါတ်ပုံတစ်ပုံနှင့်အတူ ” LAY PHYU ”  ရဲ့  “ ကြိုနှင့်တော့ ” လို့ အမည်ပေးထားတဲ့ Cover Design တစ်ခုပဲ ဖြစ်ပါတယ် …ဒါဟာ ကိုလေးဖြူရဲ့  ခွေအသစ် Cover Design အမှန်လည်းဖြစ်နိုင်သလို သူ့ကိုချစ်တဲ့ ပရိတ်သတ်တစ်ဦးဦးက တမင်ဖန်တီးထားတဲ့ Photoshop Design အတုတစ်ခုလည်း ဖြစ်နိုင်ပါတယ် …ဒီသတင်းဟာ အမှန်တရားပဲဖြစ်ဖြစ် ကောလဟာလပဲဖြစ်ဖြစ် သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေကတော့ ကိုလေးဖြူရဲ့ အခွေသစ်ကို  “ ကြိုနှင့်တော့ ”  လို့ပြောစရာမလိုပဲ စောင့်ကြိုနေတယ်ဆိုတာကတော့ အမှန်တရားတစ်ခုပဲ ဖြစ်ပါတော့တယ် …
                                        “ ကြိုနှင့်နေပါတယ် ကိုလေးဖြူ” …  
  ကျွန်တော်တို့ပရိတ်သတ်တွေအားလုံး ခင်ဗျားရဲ့ခွေအသစ်ကို “ ကြိုနှင့်နေပါတယ်”…။                       ။




ဟန်ညီငယ်

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...