Tuesday, February 5, 2013

တတိယကမ္ဘာစစ်ကြီးအတွင်းက ကမ္ဘာသူကမ္ဘာသားတွေ


စစ်.....စစ်.....စစ်

ဒီ.....စစ်ဆိုတဲ့စကားလုံးဟာ မြန်မာတွေအတွက် အချိန်အခါပေါ်လိုက်ပြီးတော့ ချစ်ခြင်းမုန်းခြင်းတွေ၊ နှစ်သက်ခြင်းမနှစ်သက်ခြင်းတွေ အမျိုးမျိုးရှိခဲ့ကြမှာပါ။ အခုဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်လာကြတဲ့ ပြည်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးလိုလိုနဲ့ ပြေလည်သွားတော့မယ်ဆိုတာ တွေ့လိုက်ရလို့လည်း ၀မ်းသာပီတိဖြစ်မိပါတယ်။ သူတို့ဘာလို့တိုက်နေကြတာလဲ ? အစိုးရကို အယုံအကြည်မရှိလို့လား ? အများပြောကြသလို ဗမာဆိုတဲ့လူမျိုးတွေက တခြားလူမျိုးစုတွေကို နှိမ်လို့လားဆိုတာ စဉ်းစားအဖြေရှာနေမိပါတယ်။

 ဗမာတွေဟာ ဇာတ်ကားရိုက်ရင်တောင် လူဆိုးလုပ်တဲ့သူကို ရှမ်းဘောင်းဘီဝတ်စေတာဟာ တခြားတိုင်းရင်းသားတွေကို ချိုးနှိမ်တဲ့ သဘောပဲဆိုတာမျိုး ရေးထားတာလေးလည်းတွေ့မိပါတယ်။ သူ့ခမျာ ကျွန်တော်တို့ရဲ့ တကယ့်အ၀တ်အစား အစစ်အမှန်က အဲ့ဒီရှမ်းဝတ်စုံတွေဖြစ်တယ်ဆိုတာကို သိပုံမပေါ်ပါဘူး။ အခု ရိုးရာဝတ်စုံဆိုတာက ကုလားယဉ်ကျေးမှုက လာတာဆိုတာကို သိများသိရင် ဦးသိန်းစိန်က မြန်မာဝတ်စုံကြီး ၀တ်ဝတ်ပြီး ရိုဟင်ဂျာအားပေး အားမြှောက်လုပ်နေတယ်ဆိုပြီးများ ရေးဦးမလားမသိပါဘူး။ မြန်မာစစ်ကားတွေထဲမှာ (အထူးသဖြင့် သီဟတင်စိုးတို့ကားတွေဖြစ်မယ်ထင်ပါတယ်) ရှမ်းဘောင်းဘီဝတ်ပြီး တိုက်ခိုက်စေတာလည်း ခေတ်ဟောင်းကားဖြစ်လို့ ဂျင်းဘောင်းဘီဝတ်တာ မသင့်တော်လို့၊ ဒါမှမဟုတ် မြို့နဲ့အလှမ်းဝေးတဲ့ရွာတွေမှာ ဇာတ်အိမ်တည်ရိုက်ကြလို့ ရိုးရာဝတ်စုံတွေထဲကပဲ ရွေးချယ်ဝတ်ဆင်စေတာ ဖြစ်ပါလိမ့်မယ်။

အဲ.. ငယ်ငယ်က စစ်တိုက်ဝါသနာပါတဲ့ ကျွန်တော်လည်း လမ်းကြိုလမ်းကြားမှာ ဘောင်းဘီတကားကားနဲ့ စစ်တိုက်ကောင်းလို့ ခွေးခြောက်ကောင် ၀ိုင်းလိုက်တာခံခဲ့ရဖူးပါတယ်။ ကံကြီးပေလို့ ကြောက်ကြောက်နဲ့ ခုန်အုပ်လာတဲ့ ခွေးကို လက်သီးနဲ့ထိုးမိသွားလို့ မဟုတ်ရင်တော့ မတွေးရဲစရာပါပဲ။ စစ်တိုက်တာ ၀ါသနာပါတဲ့အလျောက် ငယ်ငယ်က စာသင်ကြားရာမှာလည်း စစ်ပွဲတွေအကြောင်းကို တော်တော်စိတ်ဝင်စားပါတယ်။ ပထမကမ္ဘာစစ်ကို စပြီးသင်၊ နောက်တော့ ဒုတိယကမ္ဘာစစ်အကြောင်းသင်၊ အဲ့ဒီနောက် ဘယ်အတန်းရောက်ရင် တတိယကမ္ဘာစစ်အကြောင်းများ သင်ရပါမလဲဆိုပြီး မျှော်တလင့်လင့်ပေါ့။

နောက်မှသိလာတာက တတိယကမ္ဘာစစ်ကြီးဖြစ်မှာစိုးလို့ ဘာအဖွဲ့ညာအဖွဲ့တွေဖွဲ့ပြီး ပုံစံမျိုးစုံနဲ့ကြိုးစား ထိန်းသိမ်းနေကြတယ်ပေါ့။ အော်.. ငါ့နှယ် အဲ့ဒီစစ်ပွဲအကြောင်းကို သိချင်လှပါတယ်ဆိုမှ တတိယကမ္ဘာစစ်ဆိုတာ မဖြစ်သေးဘူးတဲ့။ ဒါ့ကြောင့် လောကကြီးက သာယာလှပနေတာပေါ့နော့။ အရွယ်လေးရလာတာ့ စစ်ပွဲဆိုတာဘာလဲဆိုပြီး စာအုပ်ထဲမှာ ရှာကြည့်မိတယ်ဗျ... အောက်စဖို့အဘိဓါန်မှာတော့ "a state of armed conflict between different countries or different groups within a country:" စစ်ပွဲဆိုတာ နိုင်ငံအချင်းချင်း၊ ဒါမှမဟုတ် နိုင်ငံအတွင်းမှာရှိတဲ့ အဖွဲ့တွေအပြန်အလှန် လက်နက်စွဲကိုင် တိုက်ခိုက်ကြတာကို ခေါ်တာတဲ့ဗျ။

ဟုတ်ပါရဲ့ဗျာ... စွဲကိုင်လာတဲ့ လက်နက်တွေလည်း ကြည့်ကြည့်ပါဦး။ ဟိုးကျောက်ခေတ်ကဆို ကျောက်တုံးကျောက်ခဲ၊ နောက်တော့ လေးမြားလက်နက်၊ ပထမကမ္ဘာစစ်မှာ လူများစုသေစေတဲ့ အမြောက်ကြီးတွေပါလာ၊ ဟော.. ဒုတိယကမ္ဘာစစ်ရောက်တော့ တနိုင်ငံလုံးသေစေတဲ့ အနုမြူကဇာတ်လိုက်ဖြစ်လာရော။ ဓါးလှံလက်နက်နဲ့ တိုက်ခိုက်တော့ တစ်ယောက်ချင်းပဲသေနိုင်တယ်၊ အမြောက်တွေဘာတွေသုံးတော့ လူများများသေ၊ ဟော နူကလီးယားကျတော့ သောက်သောက်လဲ သေစေနိုင်တယ်ပေါ့ဗျာ။ ဒီအထိ သေချာစဉ်းစားကြည့်မယ်ဆိုရင် လက်နက်တွေ အဆင့်ဆင့်တိုးတက် ကောင်းမွန်လာတယ်ဆိုပေမယ့် လူသူလက်နက်စုဆောင်းပြီးမှသာ တစ်ဖက်ရန်သူကို ရန်ပြုနိုင်တာပါ။ လက်နက်တွေ တိုးတက်လာတာကို ဖယ်လိုက်ရင် တခြားသဘောတရားတွေဟာ အတူတူလိုပဲဖြစ်ပါတယ်။
ဒါပေမယ့် ဒါတွေနဲ့ လုံးဝမတူတဲ့ တိုက်ပွဲပုံစံတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အိုင်တီနည်းပညာသုံးပြီး တိုက်ခိုက်တဲ့ နည်းပညာတိုက်ပွဲပဲဖြစ်ပါတယ်။



ကနေ့ခေတ်မှာ စစ်ပွဲပုံသဏ္ဍန်ဟာ ဟိုးပြီးခဲ့တဲ့ အရင်ခေတ်တွေကနဲ့ သဘောသဘာဝချင်း လုံးဝခြားနားသွားပါတယ်။ ယခင်တုန်းက တစ်ဦးတစ်ယောက်တည်းနဲ့ လူပေါင်းများစွာကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သို့သော် ယခုခေတ်မှာတော့ တစ်ယောက်ထဲကနေပဲ နေရာပေါင်းစုံ၊ လူသန်းပေါင်းများစွာကို တစ်ပြိုင်တည်းတိုက်ခိုက်နိုင်ပါတယ်။ ဒီစစ်ပွဲရဲ့ တခြားထူးခြားတဲ့အချက်ကတော့ သင့်ကိုတိုက်ခိုက်လာသူကို အလွယ်တကူ သင်မသိနိုင်ပါဘူး။ ဒါ့ကြောင့်လည်း တိုက်ချင်ခိုက်ချင်သူတွေ ပေါများသထက် ပေါလို့လာပါတော့တယ်။ သင့်ကွန်ပြူတာကို တစ်နေ့တာအတွင်း လာရောက်တိုက်ခိုက်ကြတဲ့ ဗိုင်းရပ်အရေအတွက်ကပင် မနဲမနော။ ဒါတွေကို သင်နေ့စဉ် ရှင်းလင်းသုတ်သင်ရ၊ ကာကွယ်နေရပါတယ်။

အော်.. စစ်ဆိုတာ လက်နက်စွဲကိုင်တိုက်ခိုက်ကြတာကို ခေါ်တာဆိုရင်.. ကျွန်တော်တို့ နေ့စဉ်တိုက်ပွဲဝင်နေရတာပဲမဟုတ်ဘူးလား? ကိုယ့်အချက်အလက်တွေကို ကာကွယ်ဖို့ ကြေးစားတပ်မတော်ကြီးနဲ့ (Antivirus Softwares) ကျွန်တော်တို့ဟာနေ့စဉ် တိုက်ပွဲဝင်နေကြသူများဆိုရင် မှားလိမ့်မည်မထင်။ တစ်ကမ္ဘာလုံးကလူများ ဒီစစ်ပွဲကြီးကို နေ့စဉ်ပါဝင်တိုက်ခိုက်နေရသည်။ ဒါ့ကြောင့် ဒီစစ်ပွဲကြီးသည်ပင်လျှင် တတိယကမ္ဘာစစ်ကြီးဖြစ်လေတော့သည်ဟု ကျွန်တော်တော့ သမုတ်လိုက်ချင်ပါတယ်ဗျာ။ တတိယကမ္ဘာစစ်ရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေကတော့ တစ်ဦးတစ်ယောက်တည်း တစ်ကမ္ဘာလုံးကို စိန်ခေါ်နိုင်သလို၊ လူသားတိုင်း နေ့စဉ်ပါဝင်တိုက်ပွဲ ၀င်နေကြရခြင်းပင်ဖြစ်လေတော့သည်။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...