Wednesday, February 20, 2013

အီရန်ကထုတ်ဖော်ပြသလိုက်တဲ့ ကိုယ်ပျောက်တိုက်လေယာဉ် Qaher 313



အီရန်ကနေ သူတို့ရဲ့ ပြည်တွင်းဖြစ်တိုက်လေယာဉ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အီရန်က နူကလီးယားအပြင် အခုလို တခြားသော စစ်မျက်နှာစာတွေမှာပါ တိုးတက်အောင် ကြိုးပမ်းနေတာဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တော်တော်ကို စိုးရိမ်စရာဖြစ်စေမှာ အသေအချာပါပဲ။ မြောက်ကိုရီးယားကလည်း နူကလီးယားကို တတိယအကြိမ် စမ်းသပ်အောင်မြင်တဲ့အပြင် အမေရိကန်အထိ လှမ်းပစ်နိုင်တဲ့ ဒုံးကျည်ကိုပါ ပိုင်ဆိုင်ထားတာဆိုတော့ အခုဆို မြောက်ကြွကြွကို ဖြစ်နေတာပါပဲ။ အီရန်နဲ့ မြောက်ကိုရီးယားဟာ နူကလီးယားသုတေသနတွေ ဖလှယ်နေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာပြောဆိုနေကြတာပါ။ တကယ်လို့ အီရန်ကသာ တိုက်လေယာဉ် ကောင်းကောင်းထုတ်နိုင်သွားရင် သူတို့နှစ်ယောက်ပေါင်းလိုက်ရင် တော်တော်ပြည့်စုံသွားပြီလို့ ဆိုလို့ရမှာဖြစ်ပါတယ်။

တချိန်က မြန်မာနိုင်ငံကိုလည်း မြောက်ကိုရီးယားနဲ့ နူကလီးယားအတွက် အဆက်အသွယ်ရှိခဲ့တယ်ဆိုပြီး
စီးပွားရေးတွေ ပိတ်ဆို့ခဲ့ကြပါသေးတယ်။ သို့သော်လည်း မြောက်ကိုရီးယား၊ အီရန်တို့ကို စိုးရိမ်သလို အရမ်းကြီး သည်းသည်းလှုပ်မစိုးရိမ်ခဲ့ကြပါဘူး။ အမှန်တော့ နူကလီးယားဗုံးဆိုတာ ဒုံးကျည်ရဲ့ထိပ်ဖူးမှာ ထည့်ပြီးပစ်ရတာပါ။ အဲ့ဒီ ဒုံးကျည်နည်းပညာ မြန်မာနိုင်ငံမှာမရှိပါဘူး။ ဒုံးကျည်ရှိခဲ့ရင်လည်း အဲ့ဒီဒုံးကျည် လိုရာပစ်မှတ်ရောက်ဖို့အတွက် လမ်းကြောင်းပြပေးဖို့ ဂြိုလ်တုဆက်သွယ်ရေးတွေလိုပါတယ်။ အဲ့ဒီ ဂြိုလ်တုဆိုတာကြီး ကျွန်တော်တို့မှာမရှိပါဘူး။ (စစ်ဘက်ဆိုင်ရာသုံးမရှိတောင်၊ ဆက်သွယ်ရေးဂြိုလ်တုတော့ အနည်းဆုံးရှိသင့်ပါတယ်။ မရှိတော့ ဆက်သွယ်ရေး၊ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် တစ်နှစ်ကို ငွေကြေးမြောက်များစွာ ထိုင်းကိုပေးနေရပါတယ်။) ဒါတွေကို သိလို့ သူတို့တွေမြန်မာနိုင်ငံအပေါ်ကို သိပ်ပြီးမစိုးရိမ်ခဲ့ပါဘူး။

 မြန်မာနူကြိုးပမ်းတာနဲ့ ပက်သက်ပြီး သူတို့အမှန်တကယ်စိုးရိမ်ခဲ့တာက မြန်မာနိုင်ငံက ယူရေနီယံကုန်ကြမ်းတွေကို မြောက်ကိုရီးယားအလွယ်တကူရသွားမှာနဲ့၊ မြန်မာကို နူနဲ့မျှားပြီး မြောက်ကသူ့လုပ်ငန်းတွေမှာသုံးဖို့ ငွေသဲ့ယူသွားမှာကိုပါ။ တကယ်တမ်းပြောမကောင်းလို့သာရယ်၊ သူတို့အချင်းချင်း တကယ်တမ်းပြောနေကြမှာက မြန်မာနိုင်ငံမှာ လေးဂွလုပ်ဖို့တောင် နည်းပညာ၊ industry မရှိပါဘူးကွာလို့ ကျွန်တော်တို့ကွယ်ရာမှာ ပြောနေကြမှာပါ။ အဲ့ဒီလို မပြောတဲ့စကားတွေကို ကြားတဲ့သိတဲ့သူတွေက ရှက်ကြပါတယ်။ ကဲ... အီရန်ရဲ့ တိုက်လေယာဉ်ကို ပြန်သွားရအောင်။

သူတို့ရဲ့တိုက်လေယာဉ်ဟာ canard လို့ခေါ်တဲ့ လေယာဉ်ရှေ့နားမှာ တောင်ပံလေးတပ်ထားပါတယ်။ ပြီးတော့ drooped winglet လို့ခေါ်တဲ့ လေယာဉ်ရဲ့ အဓိကတောင်ပံနှစ်ဖက်ရဲ့ ထိပ်စွန်းတွေကို အောက်ကိုစိုက်ထားပါတယ်။ လေယာဉ်တောင်ပံတွေကိုကြည့်ရတာ Low Speed Performance ကောင်းမယ်မထင်ပါဘူး၊ နောက်ပြီး အင်ဂျင်လေ၀င်ပေါက်အရွယ်အစားနဲ့ အနေအထားဟာ High AOA လို့ခေါ်တဲ့ လေယာဉ်ခေါင်းထောင်တာနဲ့အမျှ Engine Performance သိသိသာသာကျပါမယ်။ လေယာဉ်ရဲ့ ကိုယ်ထည်အနေအထားကလည်း သေးနေပါတယ်။ လိုအပ်တဲ့ navigation system တို့၊ တခြားသော ၂၁ ရာစုခေတ်ပေါ်ပစ္စည်းတွေ ထည့်သွင်းသိုလှောင်ဖို့ နေရာမရှိနိုင်ပါဘူး။ Low Observable ဖြစ်ဖို့ (ရေဒါမှာ မပေါ်အောင်) လက်နက်တွေကို ကိုယ်ထည်ထဲထည့်သယ်ဖို့ရာ နေရာများများစားစားမရှိပါဘူး။

Radar Cross Section နဲအောင် Planform Alignment လို့ခေါ်တဲ့  ပစ္စည်းတွေအားလုံးကို တညီတညာတည်း ဒီဂရီတစ်ခုစောင်းပြီး တပ်ဆင်ထားပုံကိုကြည့်ရတာ မသပ်ရပ်ပါဘူး၊ နောက်ပြီး ကိုယ်ထည်ရဲ့ Curve တွေအားနည်းပါတယ်။ ဒါတွေက Manufacturing Technology သိပ်ပြီး အဆင့်မမီသေးဘူးဆိုတာ သိသာစေပါတယ်။ အင်ဂျင်ကတော့ Northrop ရဲ့ F-5 တိုက်လေယာဉ်တွေရဲ့ GE-J85 အင်ဂျင်ကို အတုယူတည်ဆောက်ထားတာ ဖြစ်ဖို့များတယ်လို့ နိုင်ငံတကာက သုံးသပ်ကြပါတယ်။ Engine Thrust Vectoring နည်းပညာ မပါတဲ့အတွက် ဝေဟင်စီးချင်းထိုးပွဲမှာ Maneuver သိပ်ကောင်းမည်မဟုတ်ပါ။

ကဲအနှစ်ချုပ်ရမယ်ဆိုရင်... မြန်မာက ပုံပြင်လေးတစ်ခုနဲ့ ချုပ်လို့ရပါတယ်။

တခါတုန်းက အဂ္ဂိရတ်အလွန်ဝါသနာပါတဲ့ လူတစ်ယောက်ရှိသတဲ့။ သူကအချိန်တိုင်း အဂ္ဂိရတ်ပဲထိုးနေတော့ မိန်းမကလည်း အမြင်ကပ်လာပါလေရော။ သူ့မိဘက ထည့်ပေးလိုက်တဲ့ ရွှေစလေးလည်း ဒီယောက်ျားအဂ္ဂိရတ်ထိုးတာနဲ့ ကုန်ပါလေရောတဲ့။ တစ်နေ့ ထမင်းစားဖို့ သူ့ယောက်ျားကို လှမ်းခေါ်တာ တော်တော်နဲ့ပေါ်မလာဘူးတဲ့။ အဲ.. သူ့ယောက်ျားလည်းလာရော ကိုဘယ်သူတော့်ကို ထမင်းစားဖို့ခေါ်နေတာ မလာသေးဘူးလားလို့ လှမ်းအော်လိုက်တယ်တဲ့... အဲ့ဒီမှာပဲ သူ့ယောက်ျားက သူ့မိန်းမကို ငါဒီမှာလေ နင်မမြင်ဘူးလားဆိုတော့ မိန်းမကလည်း တော်ဘယ်မှာလဲ မမြင်ရဘူးလို့ဆိုလိုက်တော့ ယောက်ျားက ၀မ်းသာအားရဖြစ်ပြီး အောင်ပြီကွဆိုပြီး အိမ်ပေါ်ကခုန်ချလိုက်တာ အိမ်အောက်ကို ဖုတ်ခနဲပြုတ်ကျသွားပါလေရော။ အဲ့ဒီအခါမှပဲ မိန်းမက မြင်သားပဲအမြင်ကပ်လို့မမြင်ဘူးပြောတာသေနာရဲ့ဆိုပြီး လှမ်းပြောလိုက်ပါတော့တယ်တဲ့...။


မောင်မျိုး(စက်မှု)



No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...