Friday, March 1, 2013

ဘွဲ့ရနဲ့ အလုပ်လက်မဲ့ ပြဿနာ

လေကြောင်းတက္ကသိုလ်က ကျောင်းသားလေးတွေလုပ်ထားတဲ့ အဖွဲ့လေးထဲမှာ ကျောင်းသားတစ်ယောက်က ဘွဲ့ရပြီး အလုပ်မရတာနဲ့ ပက်သက်လို့ ဘယ်သူ့ကိုမှ အပြစ်မတင်ကြဖို့နဲ့ ကျောင်းကဆရာ၊ ဆရာမတွေဟာ လခလေးတစ်ခုထဲနဲ့ ဘ၀ကိုဖြတ်သန်းပြီး တပည့်တွေကို ပညာသင်ပေးနေတာဟာ လေးစားဂုဏ်ယူဖို့ ကောင်းကြောင်းပြောထားတာကို တွေ့ရတော့ စိတ်ထဲမှာ သဘောကျမိပါတယ်။ သူ့စာကိုမြင်လိုက်တာနဲ့ လူယဉ်ကျေးတစ်ယောက်မှန်း သိသာစေတဲ့အပြင် သူ့အမြင်လေးကလည်း တော်တော်ကို ရင့်ကျက်တာကိုတွေ့လိုက်ရပါတယ်။ သူ့စာကိုဖတ်မိတဲ့ ဆရာ၊ဆရာမတွေလည်း တော်တော်ကို အားဖြစ်သွားမှာပါပဲ။


မြန်မာနိုင်ငံမှာက ဘွဲ့ရပြီးရင် အလုပ်မရကြတာက ပြဿနာတစ်ခုပါ။ မှန်မှန်ကန်ကန် နှလုံးမသွင်းတတ်ရင် မပြစ်မှားသင့်တဲ့သူတွေကိုပါ ပြစ်မှားမိတတ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံတစ်ခုထဲ မဟုတ်ပါဘူး။ တောင်ကိုရီးယားရဲ့ နံပါတ်တစ်နဲ့ အာရှရဲ့ထိပ်တန်းကျောင်း တစ်ကျောင်းဖြစ်တဲ့ ဆိုးလ်အမျိုးသား တက္ကသိုလ်မှာတောင် Ph.D. ဘွဲ့ရ ကျောင်းသားလေးယောက်မှာ တစ်ယောက်ဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ကြုံနေရတယ်လို့ ၂၀၁၁ ခုနှစ်က ထုတ်ပြန်တဲ့မှတ်တမ်းတွေအရ သိရပါတယ်။ တောင်ကိုရီးယားဆိုတာဟာ စီးပွားရေးမှာ အင်အားကြီးတဲ့ နိုင်ငံတစ်ခုပါ။ ဒီလိုနိုင်ငံမျိုးမှာတောင် ယခုလိုတွေ ဖြစ်ပျက်နေတယ်ဆိုတာ သိထားခဲ့ရင် မိမိကိုယ်ကို ကောင်းကောင်းမွန်မွန် နှလုံးသွင်း ဆင်ခြင်နိုင်ကြမှာပါ။

တောင်ကိုရီးယားက လေကြောင်းအင်ဂျင်နီယာလေးတွေကိုတော့ လေကြောင်းလုပ်ငန်းတွေအပြင် LG, Samsung စတဲ့ ကုမ္ပဏီကြီးတွေရဲ့ Aircon၊ အ၀တ်လျှော်စက်တွေ၊ ကွန်ပြူတာ cooling system ပိုင်းတွေ၊ ကားလုပ်ငန်းတွေမှာပါ ခေါ်ယူခန့်ထားကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ သုတေသန အခြေခံတဲ့ စီးပွားရေးလုပ်ငန်း နည်းပါးသေးတဲ့အတွက် ပညာရပ်နယ်ပယ်တွေဟာ ကျဉ်းမြောင်းသေးတယ်လို့ ဆိုရမှာပါပဲ။ ကိုယ့်ပညာနဲ့ဆိုင်တဲ့ လုပ်ငန်းခွင်တွေထဲ ရောက်ဖို့ဆိုတာတော့ တော်တော်ကို ခက်ခဲလှပါသေးတယ်။

သို့သော်လည်း ကမ္ဘာမှာအောင်မြင်နေတဲ့ အမှုဆောင်အရာရှိချုပ် (CEO=Chief Executive Officer) တော်တော်များများဟာ အင်ဂျင်နီယာတွေလို့ဆိုပါတယ်။ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ပစ္စည်းတစ်ခုကို ဘယ်လိုကောင်းမွန်အောင် အဆင့်ဆင့်လုပ်ဆောင်ရမယ်ဆိုတာ လေ့လာသင်ယူထားတဲ့အတွက် ဒီလိုအသိတွေကို အဖွဲ့အစည်းတွေကို ဘယ်ပုံဘယ်နည်း အောင်မြင်အောင်လုပ်ဆောင်မယ်ဆိုတဲ့ အုပ်ချုပ်မှုအသိပညာတွေအဖြစ် အောင်မြင်စွာပြောင်းလဲ အသုံးချနိုင်ခဲ့ရင် CEO  ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အင်ဂျင်နီယာကျောင်းသားလေးတွေအနေနဲ့ မိမိနဲ့သက်ဆိုင်တဲ့ လုပ်ငန်းအပြင် တခြားသော အုပ်ချုပ်ရေးလုပ်ငန်းခွင်တွေမှာလည်း အလုပ်လျှောက်သင့်ပါတယ်။

ပညာဆက်လက်သင်ကြားချင်တဲ့ ကျောင်းသားတွေအနေနဲ့တော့ ကျွန်တော်သိတာပြောရရင် လောလောဆယ် ကိုရီးယားနိုင်ငံအစိုးရကပေးတဲ့ NIIED စကော်လားရှစ်ကို ကိုရီးယားသံရုံးမှာ မေးမြန်းလျှောက်ထားနိုင်ပါတယ်။ မြန်မာကျောင်းသားအများစုဟာ ဒီစကော်လာနဲ့ပဲ ကိုရီးယားကိုလာကြတာများပါတယ်။ ကိုရီးယားစာတစ်နှစ်သင်ကြားခွင့်ပေးထားပြီး အကျိုးခံစားခွင့်လည်း ကောင်းပါတယ်။ ရည်မှန်းချက်မြင့်မားတဲ့ ကျောင်းသူကျောင်းသားလေးတွေ လိုရာခရီးရောက်ပါစေလို့ အစဉ်အမြဲဆုတောင်းလျက်....

မောင်မျိုး(စက်မှု)

(သူတို့အဖွဲ့လေးထဲမှာ ဒီစာကိုရေးပေးချင်ပေမယ့် ကိုယ်နဲ့မသိကြတော့ အတင်းဆရာဝင်လုပ်တယ်ထင်မှာစိုးလို့ ကိုယ့်ပေ့ခ်ျမှာပဲ တင်လိုက်ပါတယ်။)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...