Sunday, March 10, 2013

ဟယ်လို ကြားလား


သဘောကျစရာ ကာတွန်းလေးပါ။ လတ်တလော ဖြစ်ပျက်နေတဲ့ ကိုယ့်နိုင်ငံ အခြေအနေနဲ့လည်း ကိုက်ညီပါတယ်။ မြန်မာမှာ ဖုန်းလိုင်းတွေက တော်တော်ဆိုးတယ်လို့ ပြောတာကို နဲနဲချဲ့ကားတယ်လို့ပဲ အစကထင်ခဲ့တာပါ။ သို့သော်လည်း မြန်မာကိုအလည်ပြန်တုန်းက ရန်ကုန်မှာ သူငယ်ချင်းနှစ်ယောက် ပြန်တွေ့လို့ အားရပါးရနဲ့ ဖုန်းနံပါတ်အပြန်အလှန်ပေးကြတယ်ပေါ့ဗျာ။ သူငယ်ချင်းကို ငါ့နံပါတ်က ဒီဟာ မင်းငါ့ကို မစ်ကောပေးလိုက်ဆိုပြီး သူ့ကိုဖုန်းခေါ်ခိုင်းပါတယ်။ အဲ့ဒီမှာပဲ ကိုယ့်နိုင်ငံက အံ့မခန်းအဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကျ သိလိုက်ရပါတော့တယ်။ ဖုန်းကဘယ်လိုခေါ်ခေါ် မ၀င်ဘူးဗျ.. အပြင်မှာ ဖုန်းနှစ်လုံးက မိတ်ဆက်နေကြပေမယ့်၊ ဖုန်းလိုင်းကတော့ မ၀င်ရေးချ မ၀င်ပါဘူးခင်ဗျ။
နိုင်ငံခြားမှာနေနေတဲ့အတွက် မိသားစုဆီ ဖုန်းခေါ်တိုင်းလည်း ဟယ်လိုကြားလားကြားလားဆိုပြီး အော်ရလွန်းလို့ တခြားနိုင်ငံသားတွေက ကြားလားကြားလားဆိုတာ မင်းတို့ဘာသာစကားနဲ့ ဟယ်လို လို့ပြောတာလားလို့ အမေးခံရတဲ့အထိပါပဲ။

တစ်နေ့ကတော့ ပါမောက္ခတစ်ယောက်က ထမင်းအတူစားရအောင်လို့ ဖိတ်တာနဲ့ သွားစားကြတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံက သစ်တောသစ်ပင်တွေ အင်မတန် ပေါများကြောင်းပြောဖြစ်ကြတယ်။ ကိုရီးယားကုမ္ပဏီ ဒေ၀ူးတို့ဆိုလည်း မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ ရေနံသဘာဝဓါတ်ငွေ့တွေ ထုတ်နေတာကြာပြီဆိုတာပြောပြတော့ သူကအံ့သြသွားတယ်။ အဲ့ဒီနောက် မြန်မာနိုင်ငံမှာ လျှပ်စစ်မီး လုံလောက်လားဆိုတော့ မလုံလောက်ဘူးလို့ပဲ အမှန်အတိုင်း ပြောလိုက်တယ်။ သူ့အမြင်မှာတော့ မြစ်တွေလည်းပေါ၊ ရေနံသဘာဝဓါတ်ငွေ့လည်း ပေါများတယ်ဆိုတော့ သူတို့နိုင်ငံထက် သဘာဝအရင်းအမြစ် အများကြီးသာတယ်၊ လျှပ်စစ်မီးတော့ လုံလောက်မယ်ထင်ပြီး မေးတာပါ။

ပြောဖြစ်ကြတာတွေတော့ အများကြီးပါပဲ၊ နှစ်ယောက်သား အမြင်ချင်းတွေ အများကြီးဖလှယ်ဖြစ်ကြတယ်။ သူကလောလောဆယ် မြန်မာနိုင်ငံအတွက် ဘယ်ကဏ္ဍက အရေးတကြီးလိုအပ်သလဲ၊ စိုက်ပျိုးရေးနိုင်ငံဆိုတော့ လယ်ယာကဏ္ဍဖြစ်မယ်ထင်တယ်လို့ သူကမေးပြောပြောတယ်။ အဲ့ဒီမှာ ကျွန်တော်ကလည်း အရေးတကြီးလိုအပ်နေတာ လယ်ယာကဏ္ဍမဟုတ်ကြောင်း၊ တစ်နှစ်လုံး စပါးရောင်းရငွေက နည်းပညာကုမ္ပဏီတွေက Chip ပြားတစ်ပြားရောင်းရငွေလောက်တောင် မရနိုင်ကြောင်း၊ တကယ်တမ်းလိုအပ်နေတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့  နည်းပညာရနိုင်တဲ့ စက်ရုံအလုပ်ရုံတွေဖြစ်ကြောင်း၊ နှစ်ငါးဆယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရှိသဖြင့် နိုင်ငံတကာက စက်ရုံအလုပ်ရုံတွေကရောက်မလာဘဲ နည်းပညာတိုးတက်မှု လုံးဝမရှိခဲ့ကြောင်း ကိုယ့်အမြင်ကို ပြောပြလိုက်တယ်။

ပြင်ပကုမ္ပဏီတွေ အ၀င်မခံ၊ ပြည်တွင်းကရှိတဲ့သူတွေက အဆင်ပြေအောင်ပေါင်းပြီး ဖြစ်သလိုလုပ်ကြတာနဲ့ပဲ ကြားလား ကြားလားဆိုတဲ့ ဇာတ်လမ်းမျိုးတွေ များနေတာမဟုတ်ပါလားဗျာ...။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...