Thursday, March 7, 2013

အရှုံးတင်မဟုတ် အောင်မြင်မှုမှလည်း သင်ခန်းစာယူတတ်ပါစေ

ဒီနေ့တော့ အင်မတန်ကောင်းတဲ့ စာတစ်ကြောင်းကို သွားတွေ့မိပါတယ်။ အဲ့ဒီစာကြောင်းလေးကတော့ Man learns little from success,  but much from defeat. လူတွေက အရှုံးတွေကနေပဲ သင်ခန်းစာကောင်းကောင်းယူလေ့ရှိပြီး၊ အောင်မြင်မှုတွေကနေတော့ အနည်းငယ်သာ သင်ခန်းစာ ယူတတ်တယ်ဆိုတာပါပဲ။ ဒီစာကို ဖတ်မိပြီး ကိုယ့်ဟာကို ကြက်သီးကောင်းကောင်း ထသွားပါတော့တယ်။ မှန်လိုက်တဲ့စာသား၊ ကောင်းလိုက်တဲ့စာသား၊ အဓိပ္ပာယ်ရှိလိုက်တဲ့စာသား၊ ငါ့ကိုကောင်းကောင်း သတိပေးတဲ့ စာသားလေးဆိုပြီးတော့ သဘောတွေအကျကြီး ကျမိပါတယ်။

မှန်ပါတယ်.. ကျွန်တော်တို့ဟာ အရှုံးတွေကနေပဲ သင်ခန်းစာရတတ်ကြပြီး၊ အောင်မြင်မှုကနေတော့ သင်ခန်းစာယူမှု နည်းတတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် တစ်ခုခုကို သေချာပြန်လှန် သုံးသပ်လေ့ရှိပေမယ့် အခုသေချာ ပြန်စဉ်းစားမိတဲ့အခါမှာ တစ်ခုခုလုပ်လို့ မအောင်မြင်တဲ့အခါမှသာ ငါဘာမှားသလဲ၊ ဘယ်နေရာမှာ ဘာလိုနေသလဲ၊ တခြားဘက်ကကော မှားသလား၊ ဒီလိုအမှားမျိုး နောက်တစ်ခါမဖြစ်ဖို့ ဘယ်လိုကာကွယ်မလဲဆိုတာမျိုးကို သေချာအသေးစိတ် စဉ်းစားပြီး သင်ခန်းစာယူကာ နောင်ကာလအတွက် ကျွန်တော့်အသိဥာဏ်မှာ ခံတပ်တစ်ခုတိုးလို့ ပြင်ဆင်တတ်ပါတယ်။

ဒါပေမယ့် တစ်ခုခုကို အောင်မြင်ပြီးမြောက်သွားတဲ့အခါမှာကျတော့ ကိုယ့်အောင်မြင်မှုကို ကျေနပ်ပီတိသာဖြစ်နေတတ်ပြီး ခုလိုပြီးမြောက်တာဟာ ဘယ်လိုအကြောင်းတွေကြောင့်၊ ဘယ်နေရာမှာ ဘယ်လိုလုပ်ခဲ့လို့၊ ဘယ်နေရာကဟာလေး ဒီလိုလေးပြန်ပြင်လိုက်ရင် ဒီထက်ကောင်းတဲ့ရလဒ်မျိုး ရလာနိုင်တယ်ဆိုတာမျိုးကို တွေးမိတဲ့အခါမရှိသလောက် ရှားပါးပါတယ်။ အလုပ်လုပ်တဲ့အခါမှာ ကောင်းသထက်ကောင်းအောင် ကြိုးစားလုပ်ကိုင်မယ်လို့ ကိုယ့်ဟာကိုဆုံးဖြတ်ထားတဲ့သူတွေအနေနဲ့ ကျရှုံးမှုတစ်ခုတည်းကနေမဟုတ်ဘဲ ကျရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ မိမိလုပ်လိုက်သမျှ အရာအားလုံးထဲကနေ မိမိအတွက် တန်ဖိုးရှိတဲ့ အတွေးအခေါ်အတွေးအကြံလေးတွေကို အစဉ်အမြဲထုတ်ယူဖို့ ကြိုးစားရပါမယ်။

ထိုကဲ့သို့ မိမိရဲ့အတွေ့အကြုံတွေကနေ ထုတ်ယူထားတဲ့ အတွေးအခေါ် အတွေးအမြင် အတွေးအကြံလေးတွေကို နောင်ကြုံလာမယ့် သင့်တော်တဲ့နေရာတွေမှာ ပြန်လည်အသုံးချနိုင်ရပါမယ်။
"Knowledge becomes wisdom only after it has been put into practical use" ဆိုတဲ့စကားလေးအတိုင်းပဲ အသိဆိုတာတွေဟာ တကယ်တမ်း ပြန်လည်အသုံးချဖြစ်မှသာ ဥာဏ်ပညာအဆင့်ကို ရောက်ရှိတာပါ။ ထိုစကားစုလေးဟာ ဥာဏ်ပညာ ရင့်သန်ဖို့အတွက် စာတွေကို ကြိုးစားပမ်းစား ဖတ်ရှုနေကြတဲ့ ကျောင်းသားလူငယ်တွေအတွက် အင်မတန်မှ အကျိုးရှိစေပြီး မှတ်သားထားသင့်တဲ့ စကားလေးပဲဖြစ်ပါတယ်။
လူငယ်လူရွယ်များ မိမိအမှား သူတစ်ပါးအမှား၊ မိမိအောင်မြင်မှု သူတစ်ပါး အောင်မြင်မှု အစရှိတဲ့ မည်သို့သော အတွေ့အကြုံမှမဆို မိမိဘ၀အတွက် တန်ဖိုးရှိသော သင်ခန်းစာများ လက်တွေ့ထုတ်ယူ ကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလျက်...

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...