Sunday, March 10, 2013

အချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာ


ကျွန်တော့်ကျောင်းကဆရာ့ရုံးခန်းက စာရေးမလေးရဲ့ မင်္ဂလာဆောင်ကို သွားခဲ့တယ်။ ဒီကဆရာတွေက တစ်ယောက်စီမှာ ကိုယ်ပိုင်စာရေးမလေးတွေ ရှိတတ်တယ်။ ဒီဆရာမှာဆို နှစ်ယောက်သုံးယောက်တောင် ရှိတတ်တယ်။ ဒီနိုင်ငံမှာ ကျောင်းဆရာဖြစ်ရတာ တယ်နိပ်တာဗျ။ နိုင်ငံခြားကိုလည်း တစ်လတစ်ခေါက်လောက်သွားတယ်၊ ကိုယ့်ကျောင်းသားတွေကိုလည်း စိတ်ရှိသလောက် သူတို့ထောက်ပံ့ နိုင်ကြတယ်။ တချို့ဆို ကျောင်းဆရာအခန်းလား ကုမ္ပဏီရုံးခန်းလား အောက်မေ့ရတယ် ခမ်းနားလိုက်တာ။ကျွန်တော်တို့နိုင်ငံက ကျောင်းဆရာတွေခမျာတော့ နေစရာ အိမ်ခန်းလေးရရင်ကို ကျေနပ်စရာလို့ မှတ်ယူနေရတာပါ။ နောက်ပြီး ကိုရီးယားမှာ ဂုဏ်ဒြပ်တစ်ခုအနေနဲ့ ပါမောက္ခတွေကို (ကျွန်တော်တို့ ဗုဒ္ဓဘာသာအလိုအရဆိုရင်) ဘိသိတ်ဆရာလုပ်ခိုင်းလေ့ရှိတယ်ဗျ။ အခု ဒီပွဲမှာလည်း ဆရာကနေပြီးတော့ ဘိသိတ်သွန်းပေးပါတယ်။

မင်္ဂလာပွဲက ခရစ်ယာန်တို့ ထုံးစံအတိုင်းပါပဲ.. ကျွန်တော်လည်း ရောက်ကြောင်းမျက်နှာပြပြီးကတည်းက ချောင်ကပ်ပြီး ပါလာတဲ့ စာအုပ်ဖတ်နေလိုက်တာပါပဲ။ သိတဲ့သူလာရင် နှုတ်ဆက် ခဏ စကားပြောလိုက်၊စာပြန်ဖတ်လိုက်ပါပဲ။ ကိုရီးယားမှာ မင်္ဂလာအခမ်းအနားကျင်းပတာက အခန်းတစ်ခန်း၊အစားအသောက်ကျွေးတာက တခြားတစ်ခန်းမှာပါ။ မင်္ဂလာအခမ်းအနားကျင်းပတဲ့ အခန်းက တနေကုန်ဆက်တိုက် မနားရပါဘူး။ ဒီမင်္ဂလာဆောင်က အချိန်တစ်နာရီငှားထားတယ်ဆိုရင် အဲ့ဒါပြီး ခဏနေတာနဲ့ နောက်တစ်ခု ၀င်လာတာပါပဲ။ ထမင်းစားခန်းတွေကလည်း အထပ်တိုင်းမှာရှိပါတယ်။  ဒါကတော့ သူတို့ရဲ့ မင်္ဂလာဆောင် သဘောတရားလေးပေါ့။

ခေါင်းစဉ်ကို ပြန်ပြောရရင်တော့ ဒီလိုဗျ။ သူက ကျွန်တော့်အချစ်ဟောင်းတော့ မဟုတ်ပါဘူး.. ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဇာတ်လမ်းတော့ ရှိခဲ့တယ်ဗျ။ ဖြစ်ပုံက ဒီလို... ကျွန်တော်တို့ ဌာနရဲ့ ဒင်နာတစ်ခုမှာပေါ့.. အားလုံးစားကြသောက်ကြရင်းနဲ့ ဌာနက မိန်းကလေးတွေထဲမှာ ဘယ်သူအလှဆုံးလဲဆိုပြီး ကျောင်းသားတွေက အော်ကြပြီး၊ အချောဆုံး ကောင်မလေးရဲ့ နာမည်ကို ၀ိုင်းအော်ကြပါလေရော။ ရှိတာမှ ၂ ယောက်ထဲ အဲ့ဒီလိုကြီးပြောတော့ ကျန်တဲ့တစ်ယောက်အတွက် သနားစရာကောင်းပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်က သူ့နာမည်ကို အော်ပြီးမဲပေးလိုက်ပါတယ်။ အဲ့ဒီမှာ သူလည်း စိတ်သက်သာရ ရသွားပြီးတော့ ပြုံးသွားပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့မှာကရည်းစားမရှိသလို၊ ကျွန်တော့်မှာလည်း မရှိပါဘူး။ အဲ့ဒီနောက်နေ့တွေမှာတော့ ကျောင်းမှာဆုံကြရင် သူကမိန်းကလေးတို့မာယာနဲ့ ရှက်သလိုလို လုပ်လုပ်လာတာ သတိထားမိပါတယ်။ အဲ့ဒီမှာ ကျွန်တော်လည်း သဘောပေါက်လိုက်ပါတယ်။ ကျွန်တော်က သူစိတ်သက်သာရာရအောင် သူ့ဘက်က ခံပြောပေးလိုက်တာကို သူ့ကိုသဘောကျလို့ ပြောတယ်ထင်သွားပုံပါပဲ။

ကိုယ်ကအမြင်မတော်ရင် အသားလွတ် ၀င်ကူညီချင်တာကိုး ခံပေါ့လို့ပဲ ကိုယ့်ဟာကိုယ် ပြန်ပြောမိပါတော့တယ်ဗျာ။


မောင်မျိုး(စက်မှု)
(ကိုရီးယားအတွေ့အကြုံများ)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...